
ရန်ကုန် ဩဂုတ် ၉
ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၆ နှင့် ယူ-၁၉ အမျိုးသားအသင်းတို့သည် အာရှဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။
ယင်းနှစ်သင်းစလုံးသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံ တကာပြိုင်ပွဲများအတွက် သင်္ကြန်ကာလအပြီးကတည်းက စတင် လေ့ကျင့်ပြင်ဆင်ခဲ့ပြီး လက်ရှိအချိန်တွင် နှစ်သင်းစလုံး နိုင်ငံတကာ ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။
မြန်မာ ယူ-၁၉ အသင်း ယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲကို စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (က) တွင် ဆော်ဒီအာရေဗျ၊ တရုတ်၊ ဥဇဘက်ကစ္စတန်၊ မော်လ်ဒိုက် အသင်းတို့နှင့် ပါဝင်နေသည်။ မြန်မာ ယူ-၁၉ အသင်းသည် ဇူလိုင် လဆန်းတွင် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသည့် အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် သြဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပလျက်ရှိသည့် ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေသည်။ မြန်မာ ယူ-၁၆ အသင်း ယှဉ်ပြိုင်မည့် ၂၀၂၃ အာရှ ဖလား ယူ-၁၇ ခြေစစ်ပွဲကို အောက်တိုဘာ ၁ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စု(ဃ)တွင် အိန္ဒိယ၊ ဆော်ဒီအာရေဗျ၊ မော်လ်ဒိုက်၊ ကူဝိတ်အသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးက ကိုင်တွယ်နေပြီး လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပနေသည့် အာဆီယံ ယူ-၁၆ ချန်ပီယံရှစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေသည်။ မြန်မာအသင်းသည် လက်ရှိတွင် ဆီမီးဖိုင်နယ်အဆင့် တက်ရောက်ထားပြီးဖြစ်သည်။
မြန်မာ ယူ-၁၆ နှင့် ယူ-၁၉ လက်ရွေးစင် နှစ်သင်းစလုံးသည် ကစား သမားများ ပြိုင်ပွဲအတွေ့အကြုံရစေရန် ယခုလပထမပတ်တွင် စတင် ကျင်းပလျက်ရှိသည့် ၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး လက်ရှိယှဉ်ပြိုင်နေသည့် နိုင်ငံတကာပြိုင်ပွဲများပြီးဆုံးပါက ပွဲစဉ်များ စတင်ကစားရမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အသင်းသည် Young Boys အမည်ဖြင့်လည်းကောင်း၊ မြန်မာ ယူ-၁၉ အသင်းသည် Junior Lions အမည်ဖြင့်လည်းကောင်း ယှဉ်ပြိုင်မည်ဖြစ်သည်။
ရဲရင့်လွင်