
ရန်ကုန် မတ် ၃၀
နိုင်ငံတကာပြိုင်ပွဲများအတွက် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ ယူ-၁၉ အသင်းသည် ကစားသမားများ အတွေ့အကြုံရစေရန်အတွက် Junior Lions အသင်းအမည်ဖြင့် MNL-2 (ပထမတန်း) အမှတ်ပေး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ပြီးခဲ့သည့်ရာသီများတွင်လည်း Junior Lions အသင်းအမည်ဖြင့် MNL-2 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုရာသီတွင်လည်း ထပ်မံယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၁၉ အမျိုးသားအသင်းကို နည်းပြ ချုပ်သစ်အဖြစ် ဦးအောင်နိုင်အား ခန့်အပ်ထားပြီး ပဏာမကစားသမား ၃၅ ဦးဖြင့် စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အမျိုးသားအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ
လတ်တလော ဝင်ရောက်ယှဉ်ပြိုင်ရန်မရှိဘဲ ပြည်တွင်းလိဂ်ပြိုင်ပွဲဖြစ်သည့် MNL-2 ပြုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ နည်းပြချုပ်သစ် ဦးအောင် နိုင်သည် မြန်မာနေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းကို အောင်မြင်မှုများစွာ ရယူပေးခဲ့သည့် နည်းပြတစ်ဦးဖြစ်သောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က မြန်မာ ယူ-၁၉ အသင်းနည်းပြချုပ် အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းကို နည်းပြချုပ် အဖြစ် ဦးအောင်နိုင်၊ လက်ထောက်နည်းပြများအဖြစ် ဦးအောင်ခိုင်၊ ဦးခင်မောင်ထွေး၊ ဂိုးနည်းပြအဖြစ် ဦးဇော်လင်းအောင်တို့က တာဝန်ယူ ကိုင်တွယ်လျက်ရှိသည်။
ရဲရင့်လွင်