မြန်မာ ယူ-၂၂ အသင်း ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် တက်ရောက်

 

ရန်ကုန်  မေ  ၁၀  


ကမ္ဘောဒီးယားနိုင်ငံက   အိမ်ရှင် အဖြစ်    လက်ခံကျင်းပလျက်ရှိ သည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ  အုပ်စု (က) နောက်ဆုံးနေ့ကို မေ ၁၀ရက် က ဆက်လက်ကျင်းပရာ မြန်မာ အသင်းက   ဖိလစ်ပိုင်အသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်   တက်ရောက်သွား သည်။

 


မြန်မာအသင်းသည် ဒုတိယ ပိုင်းတွင် သွင်းယူသည့် တစ်လုံး တည်းသောဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်  တက်ရောက်နိုင်ခဲ့သည်။  မြန်မာအသင်းသည်  ဖိလစ်ပိုင် အသင်း၏  တိုက်စစ်ဆင်ကစားမှုကြောင့်   အနိုင်ရရန်   ခက်ခက်ခဲခဲ ကစားခဲ့ရသော်လည်း အနိုင်သုံးမှတ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

 


တိုက်စစ်ဖွင့်ကစားခဲ့


မြန်မာအသင်းနည်းပြချုပ်     ဖိုက်အွန်ဘိုင်နာသည်   အတောင့် တင်းဆုံးလူစာရင်းဖြင့် ပွဲထွက်ခဲ့ပြီး  ပြည့်ဖြိုးသူ (ဂိုး)၊ ညဏ်လင်းထက်၊ သက်ဟိန်းစိုး၊   လတ်ဝေဘုန်း၊  ကောင်းထက်ပိုင်၊  ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊  ဥက္ကာနိုင်၊  ဟိန်းထက်အောင်၊  ခွန်ကျော်ဇင်ဟိန်း၊ အာကာကျော်တို့ကို အသုံးပြုခဲ့သည်။   မြန်မာအသင်းသည်   ဆီမီး ဖိုင်နယ်တက်ရောက်ရန်   မဖြစ်မနေအနိုင်ရရန်   လိုအပ်နေသဖြင့် ပွဲစကတည်းက  တိုက်စစ်ဖွင့်ကစားခဲ့သော်လည်း  ဖိလစ်ပိုင်အသင်းက ခံစစ်အမှားအယွင်းမရှိသဖြင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ပထမပိုင်းတွင် ဂိုးရနိုင်သည့်  အခွင့်အရေးအချို့ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။  ပထမပိုင်းတွင်  ဂိုးမရသည့်  မြန်မာအသင်းသည် ဒုတိယပိုင်းတွင် တိုက်စစ်ပိုမြှင့်လာပြီး ၅၅ မိနစ်တွင် တစ်လုံးတည်းသောအနိုင်ဂိုးရခဲ့သည်။   ပယ်နယ်တီဧရိယာစည်းထိပ်၌ရရှိသည့် ပြစ်ဒဏ်ဘောကို  ဟိန်းထက်အောင်  ကန်သွင်းရာ  ဘားထိပြန်ထွက် လာပြီး သက်ဟိန်းစိုးက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ၈၂ မိနစ်တွင် မြန်မာနောက်ခံလူ လတ်ဝေဘုန်း အနီကတ်ဖြင့် ထုတ်ပယ်ခံရသဖြင့် တစ်ယောက်လျော့ဖြင့်     ကစားခဲ့ရသောလည်း     အနိုင်ရလဒ်ကို ထိန်းကစားခဲ့သည်။

 


ဆီမီးဖိုင်နယ် တက်ရောက်


အုပ်စု (က) ပွဲစဉ်များအပြီးတွင် အင်ဒိုနီးရှားအသင်းက လေးပွဲစလုံး အနိုင်ရကာ ရမှတ် ၁၂ မှတ်ဖြင့် အုပ်စုပထမ၊ မြန်မာအသင်းက သုံးပွဲနိုင်၊ တစ်ပွဲရှုံး    ရမှတ်ကိုးမှတ်ဖြင့်   အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။ လေးမှတ်ရသည့် ကမ္ဘောဒီးယား၊ သုံးမှတ်ရ သည့် တီမောနှင့် တစ်မှတ်ရသည့် ဖိလစ်ပိုင်အသင်းတို့မှာ အုပ်စုမှ ထွက်ခဲ့ရသည်။ ဆီမိးဖိုင်နယ်ပွဲစဉ်များကို မေ ၁၃ ရက်တွင်ကျင်းပမည် ဖြစ်ပြီး   အုပ်စု (ခ)  ပွဲစဉ်များပြီးဆုံးမှသာ  တွေ့ဆုံမည့်အသင်းများ ထွက်ပေါ်မည်ဖြစ်သည်။


ညီမြတ်သော်တာ