
ရန်ကုန် ဇွန် ၂၀
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် မမျှော်လင့် သော ဖြစ်ရပ်များကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်နေသည့် ပြည်သူများ ဆေးရုံဆေးခန်း တက်ရောက်ကုသမှုခံယူသည့် အခါ မြင့်မားသော ကုန်ကျစရိတ်များအတွက် သောကငြိမ်းအေးစေရန်ရည်ရွယ်၍ ကျန်းမာ ရေး အာမခံအမျိုးအစားအသစ် (MI’s Health Care ) အား ၂၀၂၄ ခုနှစ် မေ ၃၁ ရက်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Bronze Plan၊ Silver Plan၊ Gold Plan နှင့် Platinum Plan ဟူ၍ အာမခံထားသူများ နှစ်သက်သလို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ ဝယ်ယူသည့် Plan အလိုက် သတ်မှတ်ထားသည့် ပမာဏအထိ ဆေးဝါး ကုသစရိတ်ရရှိမည်ဖြစ်ပြီး ရောဂါကုသခြင်း အပြင် မတော်တဆထိခိုက်မှုအတွက်လည်း အကာအကွယ်ရရှိမည်ဖြစ်သည်။ ဝယ်ယူထား သော plan ပေါ်မူတည်၍ အကျိုးခံစားခွင့်များ လည်း ကွာခြားနိုင်သည်။ အာမခံအမျိုးအစား အနေဖြင့် တစ်ဦးချင်းထားရှိရမည်ဖြစ်ပြီး အာမခံသက်တမ်း တစ်နှစ်အတွက် ကျသင့် ပရီမီယံအား တစ်ကြိမ်တည်းပေးသွင်းရမည် ဖြစ်သည်။
အာမခံထားရှိနိုင်သည့် အသက်မှာ မွေးကင်းစမှ ၆၅ နှစ်အထိ ထားရှိနိုင်ပြီး အသက် ၆၅ နှစ်အထက် ဝယ်ယူလိုပါက ရှေ့နှစ် တွင် တစ်ဆက်တည်းအာမခံ ငါးနှစ်ထားရှိရန် လိုအပ်ပြီး အသက် ၇၅ နှစ်အထိ သက်တမ်း ဆက်ထားရှိခွင့်ရရှိမည်ဖြစ်သည်။ သာမန် ရောဂါများအတွက် ဆေးဝါးကုသစရိတ် ကုန်ကျငွေအပြည့်အဝ အကာအကွယ်ရရှိမည့် အပြင် ပြင်းထန်ရောဂါ ၁၀ မျိုးအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ် ရရှိနိုင်မည်ဖြစ်သည်။ မတော်တဆမှုကြောင့် သေဆုံးပါက သတ်မှတ်ထားသည့် အကျိုးခံစား ခွင့်ရရှိမည့်အပြင် မတော်တဆမှုကြောင့် ဒဏ်ရာရရှိခဲ့ပါကလည်း ဆေးကုသစရိတ် အပြင် သတ်မှတ်ထားသော ဒဏ်ရာအပေါ် မူတည်၍ ဝယ်ယူသည့် Plan အမျိုးအစား အလိုက် သတ်မှတ်ငွေပမာဏကို ထပ်မံခံစား ခွင့်ရရှိမည်ဖြစ်သည်။ အာမခံထားသူသည် အာမခံသက်တမ်းပထမနှစ်တွင် လျော်ကြေး တောင်းဆိုခြင်းမရှိပါက ပရီမီယံပေါ်မှ ငါးရာခိုင်နှုန်းကို နောင်နှစ်သက်တမ်းဆက်ရာ တွင် ကျန်းမာရေးအာမခံဆုကြေးအဖြစ် ခံစားရရှိမည်ဖြစ်သည်။ အကျိုးခံစားခွင့် တောင်းခံရာတွင် အာမခံထားသူသည် နည်းလမ်းနှစ်မျိုးဖြင့် လျော်ကြေးတောင်းခံနိုင် သည်။ အာမခံထားသူအနေဖြင့် Ulink Assist Company ဖြင့် ချိတ်ဆက်ထားသော ပြည်တွင်း ပြည်ပဆေးရုံများ၌ အကျိုးခံစားခွင့်ဇယားတွင် ဖော်ပြထားသည့် ခံစားခွင့်များအတိုင်း Cashless စနစ်ဖြင့် တက်ရောက်ကုသနိုင်ခြင်း နှင့် အာမခံထားသူမှ ကိုယ်တိုင်စိုက်ထုတ်၍ ကုသမှုခံရပြီး စိုက်ထုတ်ကုန်ကျငွေအား အကျိုးခံစားခွင့်ဇယားတွင် ဖော်ပြထားသည့် ခံစားခွင့်များအတိုင်း ပြန်လည်တောင်းခံနိုင် ခြင်းတို့ဖြစ်သည်။
မြန်မာ့အာမခံလုပ်ငန်းမှ ဆောင်ရွက်နေ သည့် (MI’s Health Care) အမျိုးအစားသည် အာမခံဝယ်ယူသူများ ကျန်းမာရေးစောင့်ရှောက် မှုအတွက် ငွေကြေးစိုက်ထုတ်ကုန်ကျမှု ကင်းဝေးစေမည့် အာမခံအမျိုးအစားသစ် ဖြစ်ကြောင်း သိရသည်။
မျိုးမင်းသူရ