
ရန်ကုန် ဒီဇင်ဘာ ၁၉
၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံး အဆင့်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီ တွင် နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် စီစဉ်လျက် ရှိသည်။
မြန်မာအမျိုးသမီးအသင်းသည် အာရှဖလား ခြေစစ်ပွဲအောင်မြင်ပြီးနောက် လေ့ကျင့်မှုခေတ္တ ရပ်နားကာ နိုဝင်ဘာလဒုတိယပတ်မှစ၍ လေ့ကျင့်မှု ပြုလုပ်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဒီဇင်ဘာလဆန်းမှ ဒုတိယ ပတ်အထိ မန္တလေးမြို့၌ ကာလတိုသွားရောက် လေ့ကျင့်ခဲ့ပြီး လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ ပြန်လည်လေ့ကျင့်လျက်ရှိသည်။ မြန်မာအမျိုးသမီး အသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့် မတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ တစ်ပွဲ သို့မဟုတ် နှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီး အသင်းသည် အာရှဖလားခြေစစ်ပွဲမတိုင်မီကလည်း နိုင်ငံတကာခြေစမ်းပွဲ ကစားရခြင်း မရှိသေးဘဲ လက်ရှိအချိန်ထိ ပြည်တွင်းခြေစမ်းပွဲများသာ ကစား ရသေးခြင်းဖြစ်သည်။
အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံး အဆင့်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု (ဂ) တွင် လက်ရှိချန်ပီယံ ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်အသင်းတို့နှင့် ကျရောက်နေသည်။
ရဲရင့်လွင်