မြန်မာအသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲ အောက်တိုဘာ ၂၁ ရက် ပြုလုပ်မည်

 

ရန်ကုန်   အောက်တိုဘာ  ၁၆


မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို အောက်တိုဘာ ၂၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် တတိယအဆင့် ခြေစစ်ပွဲယှဉ်ပြိုင်ခွင့်ရသည့် အသင်းအားလုံး စုံလင်စွာထွက်ပေါ်လာပြီ ဖြစ်သောကြောင့် အုပ်စုမဲခွဲပွဲပြုလုပ်ခြင်းဖြစ်ပြီး အသင်းပေါင်း ၂၄ သင်း ဖြင့် ကျင်းပမည်ဖြစ်သည်။

 


တတိယအဆင့်ခြေစစ်ပွဲကို အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့စနစ်ဖြင့် ပြုလုပ်မည်ဖြစ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်ကွင်းလက်ခံ မကစားနိုင်သည့်အသင်းများမှာမူ ကြားကွင်း၌ ကစားရမည်ဖြစ်သည်။ လေးသင်း    ခြောက်အုပ်စုခွဲ၍   ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ စက်တင်ဘာလအတွင်း ပြုလုပ်သွားမည်ဖြစ်ကာ အုပ်စု တစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီနှင့်  ဒုတိယနေရာရအသင်းများအနက် အကောင်းဆုံးငါးသင်းတို့ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ အုပ်စု မဲခွဲရန် ဆွီဒင်သတ်မှတ်ချက်များအရ မြန်မာအသင်းသည် Pot-2 တွင် ပါဝင်နေသည်။ ဆွီဒင်သတ်မှတ်ချက်များအရ  Pot-1 တွင်  ဘာရိန်း၊ ဂျော်ဒန်၊   ဥဇဘက်ကစ္စတန်၊ ကာဂျစ္စတန်၊ ပါလက်စတိုင်း၊ အိန္ဒိယ၊ Pot-2 တွင်  တာ့ခ်မင်နစ္စတန်၊ ကူဝိတ်၊ မြန်မာ၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ Pot-3 တွင်   ဟောင်ကောင်၊ ယီမင်၊   အာဖဂန်နစ္စတန်၊ မလေးရှား၊ မော်လ်ဒိုက်၊ စင်ကာပူ၊ Pot-4 တွင် နီပေါ၊ အင်ဒိုနီးရှား၊ မွန်ဂိုလီးယား၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် ၂၀၂၃  အာရှဖလားခြေစစ်ပွဲတွင် ဒုတိယအဆင့်မှစတင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ဒုတိယအဆင့်ခြေစစ်ပွဲတွင် နှစ်ပွဲနိုင်၊ ခြောက်ပွဲရှုံး၊ ရမှတ် ခြောက်မှတ်ဖြင့် အုပ်စုအောက်ဆုံးနေရာတွင် ရပ်တည်ခဲ့သော်လည်း ခြေစစ်ပွဲကျင်းပသည့်ပုံစံကြောင့် တတိယအဆင့် ခြေစစ်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။

 


၂၀၂၃ အာရှဖလားပြိုင်ပွဲ  နောက်ဆုံးအဆင့်ကို   အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် တရုတ်အပါအဝင် ဒုတိယအဆင့် ခြေစစ်ပွဲအပြီးတွင် အုပ်စုပထမနေရာရ   ရှစ်သင်းနှင့်   အကောင်းဆုံး  ဒုတိယနေရာရ လေးသင်းဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ကာတာ၊ သြစတြေးလျ၊ အီရန်၊ ဆီးရီးယား၊ လက်ဘနွန်၊ အိုမန်၊ ဗီယက်နမ်၊ ယူအေအီး၊ အီရတ်၊ ဆော်ဒီအာရေဗျ အသင်းတို့မှာ တတိယအဆင့်ခြေစစ်ပွဲယှဉ်ပြိုင်စရာမလိုဘဲ နောက်ဆုံးအဆင့်သို့ တိုက်ရိုက်ယှဉ်ပြိုင်ခွင့် ရရှိထားကြောင်း သိရသည်။                                   

ရဲရင့်လွင်