
ရန်ကုန် အောက်တိုဘာ ၂၂
ယခုလအတွင်း စတင်ကျင်းပမည့် ၂၀၂၂ အာရှ ဖလား ယူ-၂၃ ခြေစစ်ပွဲတွင် အသင်းပေါင်း ၃၉ သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု(I)၌ ဗီယက်နမ်၊ တရုတ်(တိုင်ပေ) အသင်းတို့နှင့် ပါဝင်လျက်ရှိသည်။ မြန်မာ အသင်းပါဝင်သော အုပ်စု(I)ပွဲစဉ်များကို အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၂ ရက် အထိကျင်းပမည်ဖြစ်သည်။ အုပ်စု (I) ပွဲစဉ် အဖြစ် အောက်တိုဘာ ၂၇ ရက်တွင် ဗီယက် နမ်နှင့် တရုတ်(တိုင်ပေ)၊ အောက်တိုဘာ ၃၀ ရက်တွင် မြန်မာနှင့်တရုတ်(တိုင်ပေ)၊ နိုဝင်ဘာ ၂ ရက် တွင် မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ခြေစစ်ပွဲ ကျင်းပသည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၁၁ သင်းနှင့် ဒုတိယနေရာရ အသင်းများ အနက် အကောင်းဆုံး လေးသင်း စုစုပေါင်း ၁၅ သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။ ခြေစစ်ပွဲကို အနောက် အာရှဇုန် အုပ်စု ခြောက်ခုနှင့် အရှေ့အာရှဇုန် အုပ်စုငါးခုခွဲ၍ ကျင်းပမည်ဖြစ်သည်။
ခြေစစ်ပွဲအုပ်စုများကို အိမ်ရှင်နိုင်ငံများ ရွေးချယ်ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)ကို ကာတာ၊ အုပ်စု (B) နှင့် (G)ကို တာဂျစ်ကစ္စ တန်၊ အုပ်စု (C) ကို ဘာရိန်း၊ အုပ်စု (D) ကို ဥဇဘက်ကစ္စတန်၊ အုပ်စု (E) ကို ယူအေအီး၊ အုပ်စု (F) ကို ဂျော်ဒန်၊ အုပ်စု (H) ကို စင်ကာပူ၊ အုပ်စု (I)ကို ကာဂျစ္စတန်၊ အုပ်စု (J) ကို မွန်ဂို လီးယား၊ အုပ်စု(K)ကို ဂျပန်နိုင်ငံတို့၌ ကျင်းပ မည်ဖြစ်သည်။ အုပ်စု (G) နှင့် (I)တွင် ပါဝင် သည့် အသင်းများမှာ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်ခြင်းမရှိသဖြင့် ကြားနိုင်ငံတွင် ကျင်းပရခြင်းဖြစ်ပြီး မြန်မာအသင်းပါဝင်သော အုပ်စု (I) ပွဲစဉ်များကိုလည်း ကာဂျစ္စတန်နိုင်ငံ၌ ကျင်းပမည် ဖြစ်သည်။ ရဲရင့်လွင်