
ရန်ကုန် နိုဝင်ဘာ ၂၃
မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင် မည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ ပွဲစဉ် ဇယား ထွက်ပေါ်လာပြီဖြစ်သည်။ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို ပုံမှန်အရ ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ကျင်းပရမည်ဖြစ်သော်လည်း ကပ် ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး အိမ်ကွင်း၊ အဝေးကွင်းပုံစံ မကျင်းပ နိုင်သဖြင့် ပွဲစဉ်အားလုံးကို စင်ကာပူနိုင်ငံ၌ ကျင်းပသွားမည်ဖြစ်သည်။အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ အုပ်စု (B) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ ပါဝင်နေသည်။ ခြေစစ်ပွဲယှဉ်ပြိုင်မည့်အသင်းများအနက် ဘရူနိုင်းအသင်း နုတ်ထွက်ခဲ့ သဖြင့် တီမောအသင်းမှာ အလိုအလျောက် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နောက်ဆုံးအဆင့် ပွဲစဉ်များသာ ပြုလုပ်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၅ ရက်တွင် အိမ်ရှင်စင်ကာပူအသင်းနှင့် စတင်ကစားရမည်ဖြစ်ပြီး ဒီဇင်ဘာ ၈ ရက် တွင် တီမောအသင်း၊ ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းအသင်း၊ ဒီဇင်ဘာ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၅ ရက်မှ ၁၉ ရက်၊ ဆီမီးဖိုင်နယ် ပထမ အကျော့ကို ဒီဇင်ဘာ ၂၂၊ ၂၃ ရက်၊ ဒုတိယအကျော့ကို ဒီဇင်ဘာ ၂၅၊ ၂၆ ရက်၊ ဗိုလ်လုပွဲပထမအကျော့ကို ဒီဇင်ဘာ ၂၉ ရက်၊ ဒုတိယ အကျော့ကို ဇန်နဝါရီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ပွဲစဉ်အားလုံးကို စင်ကာပူနိုင်ငံ၌ ကျင်းပသွား မည်ဖြစ်သည်။ အုပ်စုပွဲများကို အမျိုးသားအားကစားကွင်းနှင့် ဘစ်ရှန်ကွင်းတို့တွင် တစ်နေ့လျှင် နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ်ပြီး ပထမပွဲကို မြန်မာစံတော်ချိန် ညနေ ၄ နာရီ၊ ဒုတိယပွဲကို မြန်မာစံတော်ချိန် ည ၇ နာရီတွင် ပြုလုပ်သွားမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲတို့ကို အမျိုးသားအားကစားကွင်း၌သာ ပြုလုပ်မည်ဖြစ်ပြီး မြန်မာစံတော်ချိန် ည ၇ နာရီတွင် ယှဉ်ပြိုင်ကစားစေမည်ဖြစ်သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲအတွက် တူရကီနိုင်ငံ၌ လေ့ကျင့်မှုပြုလုပ်လျက်ရှိပြီး နိုဝင်ဘာလကုန်ပိုင်းတွင် ဆူဇူကီးပြိုင်ပွဲ ကျင်းပမည့် စင်ကာပူနိုင်ငံသို့ ရောက်ရှိမည် ဖြစ်သည်။ မြန်မာအသင်းသည် တူရကီခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားထားပြီး နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။
ရဲရင့်လွင်