မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား ဖူဆယ်ပြိုင်ပွဲ ဧပြီ ၁၇ ရက်တွင် စတင်မည်

 

ရန်ကုန်   ဧပြီ   ၁၁


မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း    ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားသည့် ၂၀၂၄ အာရှဖလား ဖူဆယ် ပြိုင်ပွဲ နောက်ဆုံးအဆင့်ကို  ထိုင်းနိုင်ငံက  အိမ်ရှင် အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဧပြီ ၁၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်သည်။


ပြိုင်ပွဲကို အိမ်ရှင်ထိုင်းအသင်း၊ ခြေစစ်ပွဲအောင် ၁၅ သင်း၊    စုစုပေါင်း  ၁၆  သင်းဖြင့်    ကျင်းပမည် ဖြစ်ပြီး     အုပ်စုခွဲဝေထားမှုအရ     အုပ်စု (က)တွင် ထိုင်း၊ ဗီယက်နမ်၊  တရုတ်၊ မြန်မာ၊  အုပ်စု (ခ) တွင် ဥဇဘက်ကစ္စတန်၊   ဆော်ဒီအာရေဗျ၊    အီရတ်၊ သြစတြေးလျ၊ အုပ်စု (ဂ) တွင် ဂျပန်၊ တာဂျစ်ကစ္စတန်၊ တောင်ကိုရီးယား၊ ကာဂျစ္စတန်၊ အုပ်စု (ဃ) တွင် အီရန်၊ ကူဝိတ်၊ ဘာရိန်း၊ အာဖဂန်နစ္စတန်အသင်းတို့ ပါဝင်နေသည်။ ယင်းပြိုင်ပွဲကို ဧပြီ ၁၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး လေးသင်း လေးအုပ်စု ခွဲ၍ ကျင်းပမည်ဖြစ်သည်။  မြန်မာအသင်းသည် အုပ်စုပွဲစဉ်များအဖြစ် ဧပြီ ၁၇ ရက်တွင် ဗီယက်နမ် အသင်း၊ ဧပြီ ၁၉ ရက်တွင် အိမ်ရှင်ထိုင်းအသင်း၊ ဧပြီ ၂၁ ရက်တွင် တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။


မြန်မာအသင်းသည် ယင်းပြိုင်ပွဲအတွက်  ယခု နှစ်ဆန်းပိုင်းကတည်းက ပြင်ဆင်ခဲ့ပြီး ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ပထမအကြိမ်၊ မတ် ၁၈  ရက်တွင် ဒုတိယအကြိမ် လေ့ကျင့်ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။   မြန်မာအသင်းသည်    ပထမအကြိမ် လေ့ကျင့်ရာတွင်  အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်၍ အင်ဒိုနီးရှား  ကလပ်အသင်းများနှင့်   ခြေစမ်းပွဲသုံးပွဲ ကစားခဲ့ပြီး ယခုဒုတိယအကြိမ်  လေ့ကျင့်ရာတွင် အာဖဂန်နစ္စတန်အသင်းနှင့် နှစ်ပွဲ၊ ကူဝိတ်၊ ကာဂျစ္စတန် အသင်းတို့နှင့်    ခြေစမ်းပွဲကစားခဲ့သည်။   မြန်မာ အသင်းသည် အာဖဂန်နစ္စတန်အသင်းနှင့် ပထမပွဲ တွင် ခြောက်ဂိုး - တစ်ဂိုးဖြင့်   အရေးနိမ့်သော်လည်း  ဒုတိယပွဲတွင် လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထို့ပြင်   ထိုင်းနိုင်ငံ၌ကစားသည့်   ခြေစမ်းပွဲတွင် ကူဝိတ်အသင်းကို လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရသော် လည်း ကာဂျစ္စတန်အသင်းကို သုံးဂိုး - တစ်ဂိုးဖြင့် ရှုံးနိမ့်ထားသည်။            

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF