
ရန်ကုန် ဧပြီ ၁၉
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းအမျိုး သမီး ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် များ ထွက်ပေါ်လာပြီဖြစ်ပြီး မြန်မာအသင်းသည် ဖိလစ်ပိုင် အသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။
ဆီးဂိမ်း အမျိုးသမီးဘောလုံး ပြိုင်ပွဲတွင် ရှစ်သင်းသာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု(က) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မြန်မာ၊ မလေးရှား၊ အုပ်စု(ခ)တွင် အိမ်ရှင်ကမ္ဘော ဒီးယား၊ ထိုင်း၊ စင်ကာပူနှင့် လာအို အသင်းတို့ ပါဝင်နေသည်။ ယခင် က အသင်းစုစုပေါင်း ကိုးသင်း ပါဝင်သော်လည်း အုပ်စု (က) တွင် ပါဝင်နေသည့် အင်ဒိုနီးရှားအသင်း နုတ်ထွက်သွားသဖြင့် ရှစ်သင်းသာ ကျန်ရှိတော့ခြင်းဖြစ်သည်။
အုပ်စုပွဲများကို မေ ၃၊ ၆၊ ၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု ကျပ်အတွင်း ကျရောက်နေသည့် မြန်မာအသင်းသည် အသင်းကြီး နှစ်သင်းနှင့် တွေ့ဆုံသည့်ပွဲများကို ပထမပွဲနှင့် ဒုတိယပွဲ စတင်ကစား ရမည်ဖြစ်သောကြောင့် ဆီမီး ဖိုင်နယ်တက်ရောက်ရေး ပိုမို အားထုတ်ရဖွယ်ရှိနေသည်။ မြန်မာ အသင်းသည် လက်ရှိချန်ပီယံ ဗီယက်နမ်နှင့် တစ်အုပ်စုတည်း ကျရောက်နေသလို ယခုနှစ် အနည်းငယ်အတွင်း သိသိသာသာ တိုးတက်လာကာ ၂၀၂၂ ခုနှစ်တွင် ဆီးဂိမ်း ကြေးတံဆိပ်ဆု၊ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ချန်ပီယံဆု၊ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရထား သည့် ဖိလစ်ပိုင်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေ သဖြင့် ရုန်းကန်ရဖွယ်ရှိနေသည်။
မြန်မာအသင်းသည် မေ ၃ ရက်တွင် ဖိလစ်ပိုင်အသင်း၊ မေ ၆ ရက်တွင် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်း၊ မေ ၉ ရက်တွင် မလေးရှားအသင်းတို့နှင့် ကစား ရမည်ဖြစ်သည်။ မြန်မာအသင်း သည် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် ငွေတံဆိပ်သုံးခု၊ ကြေးတံဆိပ် ခုနစ်ခု ရရှိထားသည်။
ရဲရင့်လွင်
ဓာတ်ပုံ - သော်လေး