
ရန်ကုန် မတ် ၅
ထိုင်းဘောလုံးအဖွဲ့ချုပ်သည် NSDF Futsal invitation 2022 ထိုင်း ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို မတ် ၄ ရက်က ပြုလုပ်သည်။
ယင်းပြိုင်ပွဲတွင် အသင်းခြောက်သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ပြီး သုံးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။ အုပ်စု ခွဲဝေမှုအရ အုပ်စု(က)တွင် အိမ်ရှင် ထိုင်း၊ အိုမန်၊ မော်လ်ဒိုက်၊ အုပ်စု(ခ)တွင် အီရန်၊ မြန်မာနှင့် မွန်ဂိုလီးယားအသင်းတို့ ပါဝင်နေသည်။
ယင်းပြိုင်ပွဲတွင် ယခင်က တာဂျစ်ကစ္စတန်အသင်း ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း နုတ်ထွက်ခဲ့ပြီး အာရှထိပ်သီး အီရန်အသင်း အစားထိုးယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုခွဲဝေမှုအရ အင်အားကြီး အီရန်အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အဓိက နိုင်ငံတကာပြိုင်ပွဲများမတိုင်မီ ထိပ်သီးအသင်းတစ်သင်းနှင့် ကစားခွင့် ရမည်ဖြစ်သောကြောင့် များစွာအကျိုးရှိမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဧပြီတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ၊ မေလတွင် ယှဉ်ပြိုင်ရမည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယင်းပြိုင်ပွဲများအတွက် ကစားသမား ၂၂ ဦး ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိပြီး နည်းပြချုပ်အဖြစ် ဘန်လက်ချာ ယိုဝန်က ကိုင်တွယ်လျက်ရှိသည်။
ယင်းပြိုင်ပွဲကို မတ် ၁၅ ရက်မှ ၂၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အုပ်စုပွဲစဉ်များအဖြစ် မတ် ၁၅ ရက်တွင် အီရန်နှင့် မွန်ဂိုလီးယား၊ ထိုင်း နှင့် မော်လ်ဒိုက်၊ မတ် ၁၆ ရက်တွင် မွန်ဂိုလီးယားနှင့် မြန်မာ၊ မော်လ်ဒိုက် နှင့် အိုမန်၊ မတ် ၁၇ ရက်တွင် မြန်မာနှင့် အီရန်၊ အိုမန်နှင့် ထိုင်းအသင်း တို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF