
မင်းချမ်းမွန်
ပန်းစံပယ်
နန်းလယ်မပေါ်ခိုက်တာမို့
အလိုက်တော်တန်သင့်ရုံပ
ခံပွင့်ကိုကုံး။
နန်းရဝေ
မန်းမြေမှာစံပယ်လှိုင်တော့
ခံပန်းခိုင်ယာယီရွေ့ရတယ်
တောလေ့ရွာသုံး။
ကျွန်တော်ရေဒီယိုအကြောင်း ပြန်ပြောင်းစဉ်းစား မိတိုင်း ‘‘ခံပွင့်’’ ကဗျာလေးကို သတိရနေမိပါသည်။
ကျွန်တော်၏ ငယ်ဘဝစာမျက်နှာတွင် စိတ်နှလုံး ကြည်လင်ပျော်ရွှင်စေရန် ရှေးဦးစွာ ဆုံစည်းသည်က ရေဒီယိုမဟုတ်ပါချေ။ နှစ်ခြိုက်စွာ ပွေ့ပိုက်ခဲ့ရသည်က မဟော်ဂနီရောင် အသံမှော်သေတ္တာတစ်လုံးပဲ ဖြစ်ပါသည်။ အလျားအနံ တစ်ပေခွဲ၊ တစ်ပေနှင့် အမြင့်တစ်ပေခန့်ရှိ ဓာတ်စက်ဖြစ်၏။ သီချင်းများကို ထွက်ပေါ်စေသဖြင့် စက်သီချင်းဟုလည်း ခေါ်ပါသည်။
အော်လန်တစ်ခုရှေ့တွင် ဆောင့်ကြောင့်ထိုင်နေသော နားရွက်ကုပ်ခွေးတစ်ကောင် တံဆိပ်ပါသည့် အိုလံပီယာ ဓာတ်စက်ပင်ဖြစ်သည်။ အဖုံးကိုဖွင့်ပြီး ဓာတ်ပြားကို ထည့်ရသည်။ သံပတ်ကိုတင်းအောင်လှည့်ကာ အပ်သွား ခေါင်းကို ဓာတ်ပြားပေါ်တင်သည်နှင့် သီချင်းသံထွက်ပေါ် လာလေသည်။ အသံအတိုးအလျော့ကိုတော့ လုပ်လို့မရ။ ဓာတ်ပြားက ထွက်ပေါ်သည့်အသံအတိုင်းသာ နားသောတ ဆင်ရသည်။
ကျွန်တော်တို့အိမ်မှာ ဓာတ်ပြားများစွာရှိသည်။ အိုလံ ပီယာတံဆိပ်၊ ဗြိတိသျှဘားမား၊ အေဝမ်း၊ ပဒေသာတံဆိပ် ပါ ဓာတ်ပြားများဖြစ်၏။ ရွှေညာမောင်၊ ခင်မောင်ရင်၊ မောင်ပွကြီး၊ အေဝမ်းတင်မောင်၊ မေရှင်၊ စိန်ပါတီ၊ မကြည် အောင်၊ မအေးမိတို့၏သီချင်းများ။ ထို့ပြင် ဂရိတ်ဦးဖိုးစိန် ၏ မဟာဒုက်ဇာတ်၊ စိန်အောင်မင်း၏ ဒီဃာဝုဇာတ်ထုပ်၊ ရွှေကျီးညို၊ ပဲခူးမြတို့၏ သဒ္ဓါသုမနဇာတ်ထုပ်တို့ရှိသည်။
ရေဒီယိုပင် မရှိသေးသောရွာမှာ ဓာတ်စက်က မျက်နှာ ကြီးသည်။ တော်ရုံတန်ရုံအလှူ၊ ဆွမ်းကျွေးလုပ်လျှင် အလှူရှင်တွေက ဖျော်ဖြေရေးအလို့ငှာ ဓာတ်စက်ကို လာရောက်ငှားရမ်းတတ်ကြ၏။ ထိုအခါ အစ်မကြီးက ညနေကစ၍ နောက်တစ်နေ့ မနက်အလှူပြီးသည်အထိ ဓာတ်စက်လိုက်ဖွင့်ပေးရာ ဝန်ဆောင်ခအဖြစ် ငါးကျပ်ရ သည်။ တစ်ပြား နှစ်ပြားပင် တန်ဖိုးရှိသော ပြားခေတ်မို့ ငါးကျပ်ဟူသော အဖိုးအခမှာ မနည်းလှဟု ဆိုနိုင်ပါသည်။
အလှူအိမ်များသို့ အစ်မကြီးက ဓာတ်စက်အငှား သွားဖွင့်ရသည့်အခါ တောက်တိုမယ်ရအဖြစ် ကျွန်တော် ပါရစမြဲဖြစ်သည်။ ဓာတ်ပြားရွေးခြင်း၊ အပ်သွေးခြင်း၌ ကျွန်တော်ကူညီပေးရ၏။ ဘိုးဘိုးဘွားဘွားနှင့် သက်ကြီး ရွယ်အိုများက ဆေးလိပ်ဖွာရင်း၊ ကွမ်းဝါးရင်း ခင်မောင်ရင် ရဲ့ စကြာသိုက်ဖွင့်ပါဦး၊ မေရှင်ရဲ့ ဝေ့လယ်လယ်ဖွင့်ပါဦး ဟု ပွဲတောင်းလာလျှင် ကျွန်တော်မျက်နှာလုပ်ကာ ဓာတ် ပြားရှာဖွင့်ပေးရသည်။ ညဉ့်နက်ပိုင်းရောက်လာပြီဆိုလျှင် တော့ ဂရိတ်ဦးဖိုးစိန်၊ စိန်အောင်မင်းနှင့် ရွှေကျီးညို၊ ပဲခူးမြတို့ အလှည့်ကျလေပြီ။ အချို့ဆို ပက်လက်လှန် အိပ်ပြီး မြိန်ရေရှက်ရေ နားသောတပန်ဆင်ကြတာ အပ်ကျ သံပင် ကြားရသည်အထိ။ သူ့အရပ်နှင့်သူ့ဇာတ် ဟုတ်လို့။
ဓာတ်စက်နှင့် ရေစက်ဆုံ ကြီးပြင်းခဲ့ရသည့်အတွက် အကျိုးဆက်အနေဖြင့် ကျွန်တော်သည် ဂီတအနုပညာကို ချစ်တတ်လာပြီး ဓာတ်ပြားထဲရှိသမျှ သီချင်းတွေကို လိုက်ဆိုရင်းမှ အလွတ်နီးပါးရလာသည်။ အသံကောင်း တာ မကောင်းတာ တစ်ပိုင်းဖြစ်သော်လည်း သီချင်းကို စည်းဝါးကိုက် ဋ္ဌာန်ကရိုဏ်းကျကျ ဆိုတတ် ဟဲတတ်တာ အမြတ်ပဲဖြစ်သည်။
U U U
ကျွန်တော်လေးတန်းအရောက်မှာတော့ မိသားစု အားလုံး မော်လမြိုင်မြို့သို့ အသိုက်ပြောင်းသွားကြသည်။ ထိုအခါ ဓာတ်စက်လည်းပါလာသည်။ သို့သော် မြို့ပေါ် မှာကား ဓာတ်ပြားသီချင်းထက် ရေဒီယိုက ပိုခေတ်စားလာ သည်။ ပါဝါအဖွင့်အပိတ်နှင့် အသံအတိုးအမြှင့်လုပ်ရသော ခလုတ်နှစ်ခုပါ ဖီးလစ်ရေဒီယိုအိုကြီးတွေဆိုလျှင် အိမ်ဦး ဧည့်ခန်းမှာ မျက်နှာပန်းလှလှ နေရာရကြ၏။ အချို့ ဆိုလျှင် မှန်ဗီရိုနှင့်ပင် တခမ်းတနားထည့်ထားကြသည်။
ထူးခြားတာတစ်ခုက ရေဒီယိုကား ဓာတ်စက်လို ကြိုက်သည့်အချိန် ဖွင့်လို့မရ။ သူ့အချိန်နှင့်သူလာသည်။ သူ့အချိန်နှင့်သူရပ်သည်။ သို့သော် တေးသီချင်းတွေအပြင် သတင်းတွေ၊ ဗဟုသုတရစရာတွေပါလာသည်။ ပြီးတော့ ဇာတ်လမ်းပမာနားဆင်စရာ၊ ဘဝကြေးမုံဇာတ်လမ်းစုံ၊ နာရီဝက် ၄၅ မိနစ်စာခန့်ရှိ အသံလွှင့်ဇာတ်တွေ ထုတ်လွှင့် လာသည်။ မင်္ဂလာရွှေမောင်းသံ၊ ဒေါ်ရီကြိန်၏ ပြောပါရ စေရှင်၊ ဒေါ်စောမုံညင်း၏ အမျိုးသမီးရေးရာ ယဉ်ကျေးမှု အဖြာဖြာတွေ၊ စာသံပေသံကာရန်နဘေတို့ဖြင့် ဝေဆာ အောင် ပြောတတ်သည့် ကနီဦးလူညွန့်၊ စာပေယဉ်ကျေးမှု အကြောင်း ထောင်းထောင်းကြေမျှ ကျကျနန ဟောပြော တတ်သူ ဆရာကြီး ရွှေပြည်ဦးဘတင်၊ ဆရာကြီး ဦးဂုဏ် ဘဏ်တို့၏ ဟောပြောချက်တွေကလည်း မြန်မာ့အသံ၏ ပညာပေးရန်ကဏ္ဍအတွက် တစ်တပ်တစ်အားပါပေ။
မြန်မာ့ဆိုင်းပညာကဏ္ဍဆိုလျှင် ရွာစားကြီး စိန်ဗေဒါ ၏လက်သံကို မီလုနီးပါးတီးနိုင်သည့် ရွာစားကြီး စိန်ဗိုလ်တင့်၏ ကျေးလက်တေးသံများကို နားဆင်ရ၏။ ၈ နာရီသတင်းမလာမီ အကြိုလွှင့်နေကျဖြစ်သည့် ရွာစား ကြီး စိန်ဘမောင်၏ နာမည်ကျော်စံတော်ချိန် တီးလုံးက လည်း ထင်ရှားသည်။ ယနေ့အထိ နားထဲကြားယောင်၏။ ထိုတီးလုံးလာလျှင် ၈ နာရီထိုးပြီ၊ သတင်းလာတော့မည် ကို ပြည်သူတို့ ကြိုသိနေကြသည် မဟုတ်လား။ ထို့ပြင် သီချင်းကြီးကဏ္ဍနှင့် သီချင်းကြီးတေးသရုပ်ဖော်အဖြစ် ဆရာမောင်ကြည်ရှင်၏တင်ဆက်မှုတွေကို မြန်မာမှုစစ်စစ် ချစ်မြတ်နိုးသူ သက်ကြီးပိုင်းတွေက ကြိုက်နှစ်သက်ကြ သည်။ လူငယ်တွေကတော့ ကာလပေါ်တေးတွေပေါ့။ အပျော်တမ်းတူရိယာဝိုင်းတွေကလည်း များပါဘိ။
ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝက ဆိုလျှင် ဘောလုံးအားကစား အထူးရေပန်းစားလူကြိုက် များသည်။ မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း လည်း မြင့်မားခဲ့သည်။ ဗဟာဒူး၊ ဘပု၊ အောင်ခင်၊ စိုးမြင့်၊ အေးမောင်ကြီး၊ အေးမောင်လေး၊ ဝင်းမောင်၊ လှကြည်၊ ဂိုး ခင်မောင်ထွန်း။ ဂိုး တင်အောင်တို့ နာမည်ကြီးလှ၏။ သူတို့ခေတ်တုန်းက အရှေ့တောင်အာရှ မာဒေးကားပွဲသာ မက အာရှချန်ပီယံပင် ဖြစ်ခဲ့သည်ထင်၏။ ထိုအချိန်မှာ ပြည်တွင်း၌ တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲက အကြီး မားဆုံး၊ လူတွေစိတ်ဝင်တစား အားအပေးကြဆုံးပွဲများ လည်းဖြစ်ကြသည်။ ရန်ကုန်အောင်ဆန်းကွင်းမှာပဲ ပွဲကျင်းပသည့်အတွက် နယ်ပရိသတ်များအဖို့ ကြည့်ရှု အားပေးခွင့်မရ၍ မချိတင်ကဲဖြစ်ကြရသည်။
ကျွန်တော် မှတ်မိပါသေးသည်။ ဆိုခဲ့ပါဘောလုံး အာသာဆန္ဒကို တစ်ဖက်တစ်လမ်းမှ ရရှိစေခြင်းငှာ မြန်မာ့ အသံက ပွဲကစားပုံအသေးစိတ်ကို အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့သည့်အတွက် ဘောလုံးချစ် ပရိသတ်များ၏ တစ်ခဲနက်အားပေး ကျေးဇူးတင်ခြင်း ခံခဲ့ရတာအမှန်။
အဲဒီအချိန်တုန်းက ဘောလုံးပွဲနတ်ကား အလွန်ကြီး သည်။ နယ်မှာနေထိုင်ကြသည့် ကျွန်တော်တို့လို ဘောလုံး ဝါသနာအိုးတွေက ဘောလုံးပွဲမစခင်ကတည်းကပင် ရေဒီယိုအနားမှာ စည်ကားနေပြီ။ ဟော ... ပြောရင်း ဆိုရင်း တနင်္သာရီတိုင်းအသင်းက ဘောလုံးရပြီ။ ကိုကိုကြီး ခြေထဲမှာ ...၊ ကိုကိုကြီးကလိမ်တယ်...ဆွဲတယ်၊ နောက် တစ်ယောက်ကို ဆက်ခေါက်ပြီး အောင်ခင်ကို ဖြတ်ပို့ တယ်၊ အောင်ခင်က မနားတမ်းကန်တယ်၊ သွင်းတယ် ...ဂိုးပါတယ်ခင်ဗျား။ ဒါကြောင့် အခုဆို တနင်္သာရီတိုင်း အသင်းကတစ်ဂိုး၊ ဧရာဝတီတိုင်းအသင်းက ဂိုးမရှိ။ တစ်...သုညပေါ့ခင်ဗျား ...ဟု ရေဒီယိုထဲက ထွက်ပေါ်လျက်ရှိရာ ဂိုး ...ဆိုသည်နှင့် အားလုံးက လက်သီးလက်မောင်းတန်း ၍ ထခုန်ကြရာ ရေဒီယိုပင် ဝိုင်းလယ်မှာ ခုန်ဆွခုန်ဆွ ဖြစ်နေသလား ထင်ရသည်။ ပါးစပ်ဖြင့်ကန်ကာ တိုက်ရိုက် ထုတ်လွှင့်မှုကလည်း မျက်စိထဲမြင်ရလောက်သည်အထိ အသေးစိတ်အစီရင်ခံပေးနေတာမို့ ပွဲအခြေအနေကို ချက်ချင်းသိရသည်မှာ မြန်မာ့အသံရေဒီယို၏ ပြန်ကြား ပေးချက်ကြောင့် ဖြစ်ပါသည်။ သို့ဖြင့် မြန်မာ့အသံကို ကျေးဇူးတင်ကြရသည်။
ကျွန်းဆွယ်ပွဲ၊ မာဒေးကားပွဲ၊ အရှေ့တောင်အာရှပွဲ၊ အာရှပွဲတွေဆိုလျှင်လည်း ‘မြန်မာနိုင်ပြီ၊ ဒို့မြန်မာနိုင်ပြီ ...’ သီချင်းဖြင့် ပြည်သူများနှင့်အတူ သောင်းသောင်းဖြဖြ ကြိုဆိုခဲ့တာလည်း မြန်မာ့အသံပါ။
U U U
နောက်ပိုင်းတွင် အိမ်ဦးဧည့်ခန်း၌ ခံ့ညားထည်ဝါစွာ နေရာယူခဲ့သော အလုံးခပ်ကြီးကြီး ရေဒီယိုနေရာဝယ် ခရီးဆောင်အရွယ် ရေဒီယိုငယ်လေးတွေ ဝင်ရောက်လာ သည်။ ဖီးလစ်တို့၊ ပင်နာဆိုးနစ်၊ ဆိုနီတို့ ခေတ်စားလာ သည်။ မကြာမီပင် ရေဒီယိုနေရာ၌ ကက်ဆက်တွေ ရောက် လာကြသည်။ ကက်ဆက်က စီ ၆၀ တိပ်ခွေနှင့် ဖွင့်ရရာ ရေဒီယိုပါတွဲထားသဖြင့် ပိုအဆင်ပြေသည်။
သို့သော်လည်း အသစ်အဆန်းအပေါ် အာရုံပိုကျတတ် သည့် လူ့သဘာဝအရ အချိန်မရွေး တိပ်ခွေဖြင့်ဖွင့်ပြီး နားထောင်ရသော ကက်ဆက်ခေတ် ကြီးထွားလာသည်။ သီချင်းခွေ၊ တရားခွေ၊ ဇာတ်လမ်းခွေတွေက ခေတ်စား လာသည်။ ဘီအီးဒီအောင်သိုက်၊ ကောလိပ်ဂျင်နေဝင်း၊ တွံတေးသိန်းတန်၊ မောင်ကြေးမုံတို့၏ ကက်ဆက်ခွေ ဇာတ်လမ်းလှိုင်းလုံး ရိုက်ခတ်မှုဒဏ်ကို မြန်မာ့အသံ ရေဒီယိုက အတော်ခံခဲ့ရသည်။
ယဉ်ကျေးမှု မျက်နှာစာမှာ သူ့ထက်ငါ ဆိုသလို လူစွမ်း ကောင်းတွေ ပေါ်လာသည်။
၁၉၈၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံသို့ စတင်ရောက်ရှိ လာသည့် ရောင်စုံရုပ်မြင်သံကြားက တော်တော်တန်ခိုး ကြီးသည်။ အသံကြားရုံမက ရူပါရုံရုပ်အဆင်းနှင့် သရုပ် ဆောင်တွေကိုပါ အရှင်လတ်လတ် မြင်တွေ့ရသဖြင့် ပုထုဇဉ်တွေ အကြိုက်တွေ့သွားကြတာ မဆန်းပါ။ သို့သော် ငြား ရှေးဦးပိုင်းကာလ၌ ဈေးကြီးလျက်ရှိရာ လူများစုအဖို့ လက်လှမ်းလို့ မမီတမီဖြစ်နေသည်။ ထိုအချိန်တွင် အကွက် မြင်သော စီးပွားရေးသမားတွေက ဗီဒီယိုဇာတ်လမ်းခွေ တွေကို ရိုက်ကူးကာ တောရောမြို့ပါမကျန် ရုံထောင်၍ ပြသခဲ့ကြရာ ဗီဒီယိုတစ်ခေတ်ဆန်းခဲ့ပါသေးသည်။
ရုပ်မြင်သံကြား ကိုရီးယားဇာတ်လမ်းတွဲနှင့် ဗီဒီယို ခွေ လှိုင်းတံပိုးရေစီးအောက်တွင် မြန်မာ့အသံရေဒီယို ပျောက်ကွယ်သွားပါသလား။ လုံးဝပျောက်ကွယ်သွားခြင်း မရှိခဲ့တာ အံ့ဖွယ်ဖြစ်ပါသည်။ ဝေးလံခေါင်ဖျားနှင့် များစွာ သော ကျေးလက်အမာခံလူထုသည် သူတို့လက်လှမ်းမီ သော ရေဒီယိုနှင့် ခေတ်အဆက်ဆက် မခွဲမခွာ အတူရှိနေ ပါသည်။
ရုပ်ရှင်၊ ရုပ်သံမီဒီယာတွေ အားကောင်းနေသည့် ကြား၌ပင် ထူးခြားစွာ ထပ်မံပေါ်ထွက်လာသည်ကား FM ရေဒီယိုလိုင်းများ။ မြို့တော် FM ၊ ပတ္တမြား FM ၊ ရွှေ FM၊ သဇင် FM၊ ချယ်ရီ FM စသည့် ရေဒီယိုအသံလွှင့်ဌာနတွေ ပေါ်ထွက်လာသည်။ သူ့အရပ်နှင့်သူ့ဇာတ်၊ သူ့ပရိသတ် နှင့်သူပင်ဖြစ်သည်။ ထို့ပြင် ပုဂ္ဂလိက ရုပ်သံမီဒီယာတွေ သူ့ထက်ငါ ပေါ်လာသည်။ MRTV- 4 နှင့်အတူ SKY NET, Channel K, Fortune, MIZZIMA နှင့် အခြားရုပ်သံလိုင်း များ။
ကျွန်တော်တို့ မော်လမြိုင် မွန်တို့ဒေသ ရာမညသုံး ဒေသိယစကားဖြင့် ပြောရလျှင် အာပါး ...ပါး ... များမှများ။ အမေရေ ... များမှများ ...။
U U U
မှတ်မှတ်ရရပါပဲ။
၂၀၂၀ မတ်လမှာ ကျွန်တော်သည် အမြင်အာရုံမွဲလာ သည့် မျက်စိနှစ်ဖက်စလုံးကို ခွဲစိတ်ရလေသည်။ ထိုအခါ တစ်သက်လုံး အရသာကို စာနှင့်ရှာခဲ့သူ၊ စာရေး စာဖတ် ဝါသနာကြီးသူ၊ တစ်လလုံး တစ်ရက်မနား အက္ခရာစာလုံး တွေကို အားပါးတရ စားသုံးလာသည့်မျက်စိ၊ ဒုက္ခ ကောင်းကောင်းပေးလေ၏။ စာလုံးဝမဖတ်ရ၊ ရုပ်သံ
လုံးဝမကြည့်ရ၊ တစ်လတာ ငြိမ်ငြိမ်နေပါ ... ဟု မျက်စိ ဆရာဝန်က အမိန့်ပေးတားမြစ်သည်။ အဲဒီမှာ အိပ်လည်း မနိုင်၊ ထိုင်လည်းမရ၊ ထလည်းမငြိမ်တော့။ စိတ်တိမ်တွေ ထွေရာလွင့်ပါး၊ ကုန်းပေါ်ပစ်တင်ခံရသော ငါးတစ်ကောင် လို ရူးမတတ် ဖျပ်ဖျပ်လူးလေတော့သည်။
ထိုအခါမှ ကျွန်တော်သည် နားဖြင့်စာဖတ်ရပြီး သုတ၊ ရသကို ခံစားနိုင်သည့် ရေဒီယိုကိုဖွင့်ရသည်။ အမှန်အတိုင်း ဆိုလျှင် ကျွန်တော်မြန်မာ့အသံရေဒီယိုနှင့် ရှင်ကွဲကွဲခဲ့ သည်မှာ ကြာပါပြီ။ ကိုယ်တိုင်ကလည်း ရုပ်သံမီဒီယာ လှိုင်းလုံးအောက် ရောက်ရှိကာ မူးဝေနောက်ကျိနေသည်။ မျက်စိကို အနားပေး မှေးမှိတ်နေရချိန်မှ အချစ်ဟောင်း ရေဒီယိုနှင့် ပြန်လည်ဆုံတွေ့ရရာ ကျွန်တော် လွန်စွာ အလန့်တကြားပင် အံ့အားသင့်နေမိသည်။ မြန်မာ့အသံ ရေဒီယို ခေတ်နှင့်အမီ အတော်တိုးတက်နေပါလားဆိုတာ နားဝမှာ ထင်ထင်ရှားရှား ကြားရလေသည်။
ကျွန်တော် မယုံနိုင်အောင်ဖြစ်ရသည်။
မြန်မာ့အသံရေဒီယိုဝန်ထမ်းတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ အတော်ကြိုးစားကြပါလား။ အထူး သဖြင့် လူငယ်တွေ၏ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ် တွေ၊ တင်ဆက်မှုတွေ၊ စကားလုံးအသုံးတွေ သက်ဝင် လှုပ်ရှားသတင်းစကားမှာ အနယ်နယ်အရပ်ရပ်က သောတ ရှင် ပရိသတ်များနှင့် တစ်သားတည်းဆက်စပ်မှုရှိနေပုံက ပြောမယုံ ကြုံမှသိဘိသကဲ့သို့ရှိ၏။ ပြီးတော့ မြန်မာ့အသံ ချစ်သူအဖွဲ့ဝင် အင်အားထုတွေနှင့် အခါအားလျော်စွာ တွေ့ဆုံပွဲတွေကလည်း အံ့ဘနန်း ခမ်းနားကြီးကျယ် ပေစွ။
ယနေ့ခေတ်လူငယ်တို့၏ ဝတ္ထုတိုကို ဇာတ်လမ်းပမာ အဖြစ် တင်ဆက်ရာတွင် ဇာတ်ညွှန်းခွဲပုံ သူ့နေရာနှင့်သူ အံဝင်ခွင်ကျရုံမက ထူးချွန်စွာ အသံဖြင့် သရုပ်ဆောင် သွားကြပုံများက နားဆင်သူ၏ အာရုံကို ညှို့ယူနိုင်ပါသည်။ ကျွန်တော်တို့ခေတ်ကဆိုလျှင် ရုပ်ရှင်လောကမှ နာမည် ကျော် သရုပ်ဆောင်တွေကိုသုံးရတာ မှတ်မိနေသည်။ အခု တော့ သူတို့အင် သူတို့အားဖြင့် စိတ်ဝင်တစား အာရုံသွင်း သရုပ်ဆောင်ကြရာ လက်ဖျားခါရလောက်အောင်ပင် ဖြစ်ပါသည်။
အမှန်အတိုင်းဆိုလျှင် ... ရေဒီယို နားမဆင်ခဲ့ရသော ကုန်လွန်ခဲ့သည့် အချိန်များကိုပင် ကျွန်တော် ပြန်လည် နှမြောမိပါသည်။ ခုတော့ အချိန်ရလျှင်ရသလို နားထောင် ဖြစ်သည်။ အထူးသဖြင့် ညစဉ်ညတိုင်း ကိုးနာရီကျော်ကျော် ခန့်ဆိုလျှင် ကျွန်တော် ရေဒီယိုရှေ့ရောက်နေပါပြီ။ တစ်ခေတ်တစ်ခါက အနှစ်သာရဖြစ်သည့် ကျွန်တော် တို့အကြိုက် ‘ခံစားနားဆင်မြန်မာတေးသံစဉ်’ ထုတ်လွှင့်မှု အစီအစဉ်လာတော့မည်။ ကျွန်တော့်ရင်ကို ကိုင်လှုပ်ကာ မျောပါသွားစေမည့် ကျွန်တော်တို့ခေတ်က ရင်ခုန်တေးတွေ တငြိမ့်ငြိမ့်မျောလွင့်ရောက်ရှိလာတော့မည် မဟုတ် ပါလား။
U U U
ခံပွင့်ကဗျာထဲကလိုပါပဲ။
ပန်းစံပယ် နန်းလယ် မပေါ်ခိုက်မှာတော့ ထင်ပေါ် ခဲ့သည်။ နန်းမြေမှာ စံပယ်လှိုင်တော့ ခံပန်းခိုင်ယာယီရွေ့ ရသည်၊ တောလေ့ရွာသုံးဖြစ်ခဲ့ရသည်။ ဒါ...ဓမ္မတာပါပဲ။ လောကတွင် အင်အားပါဝါကြီးသူက အင်အားပါဝါနည်း သူကို လွှမ်းမိုးအနိုင်ယူမြဲဖြစ်သည်။
သို့သော် အယက်အကန်ခံလို့ ဗေဒါပျံအံကို ခဲကာ ပန်းပန်လျက်ပါပဲ။
တစ်ခါတစ်ရံ အသံတွေက လှပါသည်။ လေညင်းက လည်း ချိုပါသည်။
ကျွန်တော် ရေဒီယိုကို ချစ်ပါသည်။
- Log in to post comments