မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခြင်း၊ အမွေခွဲဝေခြင်းဆိုင်ရာ အခြေခံသဘောတရားများ

Type

 

ဦးကျော်ကျော် (တရားရေး)

အမွေခွဲဝေပေးစေလိုမှုတွင် အဓိကရည်ရွယ်ချက်မှာ အမွေရထိုက်သူတို့အား အမွေခွဲဝေပေးရန်ဖြစ်ပေရာ ကွယ်လွန်သူ၏အမွေကို   မည်သူမည်ဝါတို့က ဆက်ဆံခွင့်ရှိသည်။ တရားလိုသည်   အမွေဝေစု မည်ရွေ့မည်မျှရထိုက်သည်၊ ကွယ်လွန်သူ ကျန်ရစ် သောအမွေပစ္စည်းများသည် မည်သည့် ပစ္စည်းများ ဖြစ်သည်၊  ကွယ်လွန်သူပေးရန်၊   ရရန်ရှိသော ကြွေးမြီများ မည်ရွေ့မည်မျှရှိသည် စသည်တို့ကို စိစစ်ဆုံးဖြတ်ပြီး တရားလိုနှင့် ဝေစုရလို၍ ရုံးခွန် ထမ်းဆောင်သော တရားပြိုင်တို့အား အမွေခွဲဝေ ပေးရန်ဖြစ်သည်။ တရားလိုသည်အမွေရထိုက်ခွင့် ရှိမရှိ စိစစ်ရာ၌ ၎င်းကချုပ်ဆိုခဲ့သော စွန့်လွှတ် စာတမ်းသည်   တရားဝင်သည်   မဝင်သည်ကို
အမွေမှုတွင်ပင် အဆုံးအဖြတ်ပေးနိုင်သည်။ ထို နည်းတူ ကွယ်လွန်သူ၏ အမွေပစ္စည်းများကို စိစစ် ရာ၌ ပစ္စည်းတစ်ရပ်သည် ကွယ်လွန်သူ ကျန်ရစ် သောပစ္စည်း ဟုတ်မဟုတ် အဆုံးအဖြတ်ပေးခွင့်ရှိသည့်အလျောက်    ကွယ်လွန်သူတစ်ချိန်က ပိုင်ဆိုင်ခဲ့သောပစ္စည်းကို ကွယ်လွန်သူကလွှဲပြောင်း ပေးခြင်းမှာ ဥပဒေနှင့် ညီညွတ်ခြင်းရှိမရှိ အမွေမှု တွင် အဆုံးအဖြတ်ပေးနိုင်သည်ဟု ကောက်ယူ ရပေမည်။     (ဦးသိန်းဟန်နှင့်    မငွေပါ၂၊ 
၁၉၈၇ ခုနှစ်၊   မြန်မာနိုင်ငံ    တရားစီရင်ထုံး၊ စာမျက်နှာ-၈၇)
အမွေခံအစီအစဉ်
မြန်မာ့ဓလေ့ထုံးတမ်း အမွေခန်းဥပဒေတွင် လူတစ်ယောက်ကွယ်လွန်ပါက ၎င်း၏အမွေပစ္စည်း များကို အမွေခံအစီအစဉ်အရ မည်သူမည်ဝါတို့သည် အမွေခံအမွေစားဖြစ်ရမည်။   ၎င်းတို့၏   အမွေ ဝေစုသည်   မည်၍မည်မျှဖြစ်ရမည်   စသဖြင့် အတိအကျသတ်မှတ်ပြီးဖြစ်ပေသည်။ ထို့ကြောင့် အမွေရှင်သေဆုံးသည်နှင့် တစ်ပြိုင်နက် ဆက်ခံခွင့် ရရှိသည်။ အမွေဆက်ခံသူ၏ အဆိုပါအခွင့်အရေး ကိုလည်း “အပြီးအပိုင်ရရှိသည့် အကျိုးခံစား ခွင့်” (Vested Right) ဟု   ခေါ်ဆိုပေသည်။ (ဦးအောင်ခင် နှင့် ဒေါ်ရင်လှပါ ၆၊  ၁၉၉၆ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၈၁)
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံ ခြင်းဆိုင်ရာ ဥပဒေသတစ်ရပ်မှာ ကွယ်လွန်သူနှင့် ဆွေမျိုးဆက်နီးသူက ဝေးသူအား အမွေမှပယ်ထုတ် ခြင်းဖြစ်သည်။ (မနီလာမော်နှင့်  ဒေါ်သန်းသန်းပါ ၁၈၊ ၁၉၈၄ ခုနှစ်၊  မြန်မာနိုင်ငံ  တရားစီရင်ထုံး၊ စာမျက်နှာ ၁၉)
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ   အမွေခံ အမွေစားများသည် အမွေပုံပစ္စည်းတွင် အတူပိုင်ဆိုင်သူများဖြစ်ကြသော်လည်း   ပူးတွဲပိုင်ရှင်များ မဟုတ်ကြပေ။
သားသမီးများသည် မိဘတို့၏ ရွှေ့ပြောင်းနိုင် သောပစ္စည်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများသာမက “ကုန်အမှတ်တံဆိပ်” အသုံးပြုခွင့်ကိုပါ အညီအမျှ အမွေဆက်ခံခွင့်ရှိကြသည်။ (မသန်းပါ ၃နှင့် ဦးချစ်ဆွေ၊ ၁၉၆၁ ခုနှစ်၊ မြန်မာနိုင်ငံ တရား စီရင်ထုံး၊ (လွှတ်တော်ချုပ်)၊ စာမျက်နှာ-၁၃၆)
မြန်မာ့ဓလေ့ထုံးတမ်းအရ   မိဘတစ်ဦးဦး ကွယ်လွန်ပြီးနောက်   ကျန်ရစ်သူ မိဘ  နောက် အိမ်ထောင်ပြုလျှင် သားသမီးများသည် ကျန်ရစ်သူ မိဘထံမှ အမွေတောင်းခွင့်ရှိပေသည်။ အကယ်၍ ထိုကဲ့သို့  တောင်းခံခဲ့ခြင်းမရှိလျှင်   မိရင်းဖရင်း သေဆုံးသောအခါ  မိထွေး ပထွေးထံမှ  အမွေ တောင်းခွင့် ရှိပေသည်။  အကြောင်းမူ   ကျန်ရစ်သူ မိဘ နောက်အိမ်ထောင်ပြုသည်ကို အကြောင်းပြု ပြီး သားသမီးတို့က   ထိုမိဘထံမှ    အမွေတောင်းခံ  ခြင်းမှာ ကွယ်လွန်သူအမိ သို့မဟုတ် အဖ၏ အမွေစား အမွေခံအဖြစ်ဖြင့်  တောင်းခံခြင်းဖြစ်သည်။ မိရင်း ဖရင်းသေဆုံးသွား၍  မိထွေး  ပထွေးထံမှ   အမွေ တောင်းခံခြင်းမှာမူ ကွယ်လွန်သွားသည့် မိရင်းဖရင်း ၏   အမွေစား   အမွေခံအဖြစ်ဖြင့်     တောင်းခံခြင်း   ဖြစ်ပေသည်။    (ဒေါ်ခင်မာချိုနှင့်      ဦးညွန့်အောင် အမှု၊    ၂၀၁၈   ခုနှစ်၊    မြန်မာနိုင်ငံတရားစီရင်ထုံး၊   စာမျက်နှာ ၁၆)
နှုတ်ဖြင့် ခွဲဝေနိုင်
အမွေပုံကိုနှုတ်ဖြင့်   သဘောတူခွဲဝေနိုင်သည်။ သို့သော် အမွေခွဲဝေယူမှုကို စာဖြင့်ရေးသားထားပြီး ထိုသဘောတူချက်စာတမ်းတွင်  တန်ဖိုးငွေကျပ် ၁၀၀   (ယခုကျပ်တစ်သိန်း)   ထက်ပိုသည့်   မရွှေ့ မပြောင်းနိုင်သောပစ္စည်းပါဝင်နေပါမူ ထိုစာတမ်းကို မှတ်ပုံတင်အက်ဥပဒေနှင့်အညီ မှတ်ပုံတင်ရန် လိုပေ သည်။ (ဦးအောင်ညွန့်နှင့် မောင်အုန်းမြင့်၊ ၁၉၈၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၂၁)
မိသားစုစီမံမှုဖြင့်  အမွေခွဲဝေရာတွင်   စာဖြင့် ရေးသားထားပါက ထိုစာတမ်းတွင် တန်ဖိုးငွေကျပ် တစ်ရာထက်ပိုသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း ပါဝင်နေလျှင် ထိုစာတမ်းကို မှတ်ပုံတင်ရန်လိုအပ် သည်။ ယခုအမှုတွင် တင်ပြထားသော ကတိ စာချုပ် များကို စာချုပ်စာတမ်း   မှတ်ပုံတင်ဥပဒေနှင့်အညီ မှတ်ပုံတင်ထားကြောင်း မတွေ့ရပေ။ ထို့ပြင်ပစ္စည်း သည် ကန့်ကွက်သူ၏ လက်ဝယ်ရှိမရှိပြဿနာကို အမွေထိန်းစာ ထုတ်ပေးစေလိုမှု၌ ဆုံးဖြတ်ရန် မလို အပ်သောကြောင့် အမွေကျန်ပစ္စည်းများကို  ခွဲဝေ လက်ရှိရယူပြီးကြောင်း  ချေပချက်ကို   လက်ခံရန် မသင့်ပေ။ (ဒေါ်တိုးတိုးညွန့်နှင့်  ဦးတင်ရွှေပါ ၃၊ ၁၉၉၂ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၅၅)
အဆိုပါစီမံမှုကို စာတမ်းရေးသားထားပြီး တန်ဖိုး ငွေကျပ်တစ်ရာထက်ပိုသည့် မရွှေ့မပြောင်းနိုင်သောပစ္စည်းပါနေလျှင် မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ရန် လိုပေသည်။ (မရှုမွေးနှင့် ဒေါ်ကျေးမျှင်၊ ၁၉၅၀ ခုနှစ်၊
မြန်မာနိုင်ငံတရားစီရင်ထုံး၊  လွှတ်တော်စာမျက်နှာ ၁၁၁)
နီးစပ်ရာ ဆွေမျိုးသားချင်းများသည်   အဆိုပါ ပစ္စည်းများမှာ သေသူနှစ်ဦးပိုင်ပစ္စည်းများဖြစ်သည် ဟု ယုံကြည်လက်ခံပြီး မိသားစုပြေငြိမ်းမှု (Family Settlement) ကို ဖန်တီးသည့်အနေဖြင့် ခွဲဝေရယူ ကြရန် သဘောတူညီကြဟန်   ရှိသည်။   ယင်းသို့ မိသားစုပြေငြိမ်းမှုဖန်တီးသည်ကို တရားရုံးများက အားပေးလိုက်လျောလက်ခံအတည်ပြုလေ့ရှိကြလေသည်။ (မပန်းစီ(ခ)ဒေါ်ရင်ရင်နှင့် မလှရင်ပါ ၆၊  ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံတရား စီရင်ထုံး၊ စာမျက်နှာ ၈၀၀ (၈၀၈))
မိသားစုစီမံခန့်ခွဲမှု    စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်း အမျိုး အစားအဖြစ် ပြဋ္ဌာန်းထားသည်။ (စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ ၁၇(စ))
ဆန္ဒသဘောထားများပါဝင်
အမွေပုံကို မိသားစုစီမံခန့်ခွဲမှုအရ ညှိနှိုင်းခွဲဝေ ယူကြရာတွင်  အမွေဆိုင်အချင်းချင်း   သဘောတူ ညီညွတ်မှုကအဓိကဖြစ်ကြောင်း၊ အမွေဆိုင်တို့သည် တစ်ရပ်တစ်ကျေးစီတွင် သီးခြားနေထိုင်ကြရာဝယ် တစ်နေရာတည်း၌ စုစည်းဆုံတွေ့ကြရန် လွယ်ကူ မည်မဟုတ်ပေ။ ထိုသို့  တညီတညွတ်တည်းစုံစည်း ဆုံတွေ့မှသာ မိသားစုစီမံမှု အထမြောက်မည်ဆိုလျှင် အထမြောက်သည့် မိသားစုစီမံမှုတစ်ခုဖြစ်ရန် ခဲယဉ်း ပေလိမ့်မည်။ သို့ဖြစ်၍ အမွေဆိုင်အစုံအလင်ပါဝင်ရမည်ဆိုရာတွင် ၎င်းတို့အားလုံး၏ ဆန္ဒသဘောထား များပါဝင်ရမည်ကို ဆိုလိုခြင်းဖြစ်သည်ဟု ကောက်ယူ သင့်သည်ဟူ၍ ဦးထွန်းရင်ပါ၂ နှင့် မဝင်းရီပါ ၈ အမှု၊ ၁၉၉၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၇၄ တွင် ထုံးပြုထားသည်။
မိဘတစ်ဦးဦးကွယ်လွန်ပြီး   ကျန်ရစ်သူ   မိဘ နောက်အိမ်ထောင်ပြုသည့်အခါ ကွယ်လွန်သူနှင့်  ရရှိခဲ့သော သားသမီးများသည်   ကျန်ရစ်သူမိဘထံမှ ကွယ်လွန်သူမိဘအစုကို  ရရှိသည်။   ယင်းဝေစုကို အမွေယူခဲ့ပါလျှင် ထိုကျန်ရစ်သူ မိဘကွယ်လွန်သော အခါ အမွေတောင်းခွင့်မရှိတော့ပေ။ သို့ရာတွင် အမွေ တောင်းခံခဲ့ခြင်းမရှိခဲ့ပါမူ ကျန်ရစ်သူမိဘကွယ်လွန် သောအခါ မိထွေး၊ ပထွေးထံမှ အမွေတောင်းခံခွင့် ရှိသည်။ (ဦးမြတ်စိုးပါ၄ နှင့် ဒေါ်တင်ကြည် အမှု၊ ၂၀၀၅ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၄၂)
ပစ္စည်းများကို ခွဲဝေပေးခွင့်ရှိ
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိဘတစ်ဦးဦး မသေမီ သားသမီးများဖြစ်ကြသည့် အမွေစားအမွေခံ
တို့၏  သဘောတူချက်ဖြင့်   အမွေပုံပစ္စည်းများကို ခွဲဝေပေးခွင့်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းမှာ မိသားစု စီမံမှုဟု ခေါ်သည်။   (မောင်ခွေးသိုး   (ဒေါ်ထပ်ကြီး ၏  တရားဝင်ကိုယ်စားလှယ်)   နှင့်   ဒေါ်မှတ်ကြီး အမှု၊  ၁၉၈၀ ခုနှစ်၊   မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၉၂)
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိသားစုစီမံမှု ဆိုသည်မှာ  ပစ္စည်းရှင်မသေဆုံးမီ   ပစ္စည်းရှင်နှင့် မိသားစုဝင်တို့၏  သဘောတူညီမှုဖြင့်   ပစ္စည်းရှင် သေဆုံးသည့်အခါ အမွေပစ္စည်းများကို မည်သို့ခွဲဝေ ယူကြမည်ဆိုသည့်စီမံမှုကို ခေါ်သည်။ မိသားစုစီမံမှု ပြုလုပ်ရာတွင်  အမွေပစ္စည်း၌   အခွင့်အရေးရရှိသူ များ အားလုံးပါဝင်ရန်   လိုသည်။ (ဒေါ်ငွေလှိုင်ပါ ၈၊ မောင်ကျော်ဝိန် (ခ) မောင်ကျော်စိန်ပါ ၂ နှင့် ဦးလှဆောင်ပါ ၃၊ ဒေါ်ငွေလှိုင်ပါ ၉ အမှု၊ ၁၉၉၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၅၀)
ငြင်းဆိုခွင့်မရှိ
အမွေခံတို့၏ သဘောတူညီချက်ဖြင့် ပြုလုပ် သည့်   မိသားစုစီမံမှုအတိုင်း   ပစ္စည်းခွဲဝေပြီးပါက ထိုစီမံမှုကို  ဖောက်ဖျက်ခွင့်မရှိ၊    ထိုစီမံမှုသည် တရားဥပဒေအရ   တည်မြဲခိုင်မာခြင်း    မရှိဟု သက်သေခံအက်ဥပဒေပုဒ်မ ၁၁၅ အရ ငြင်းဆိုခွင့် မရှိတော့ပေ။ (ဦးဘမင်းနှင့် ဒေါ်မြမြပါ ၂ အမှု၊ ၂၀၀၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၇၅)
အမွေဆိုင်မြေ၌ အမွေဆိုင်တစ်ဦးက   ၎င်း တစ်ဦးတည်းပိုင်သည့် နှစ်ထပ်တိုက်ခံအိမ်ဆောက် လုပ်ပြီး အိမ်ငှားထားကာ အိမ်လခများကိုနှစ်ပေါင်း ၄၀ ကျော် တစ်ဦးတည်းခံစားခဲ့ခြင်းသည် အခြား အမွေဆိုင်များအား ဆန့်ကျင်လက်ရှိထားခြင်း ဖြစ် သည်။ (ဒေါ်သစ်သစ် နှင့် ဒေါ်ရီရီမြင့်၊ ၁၉၉၇ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၂၁(၁၂၇)(စုံညီ))
အမွေဆိုင်တစ်ဦးက အမွေပုံပစ္စည်းကို လက်ရှိ ထားရာတွင် သာမန်အားဖြင့်ဆိုပါက ထိုပစ္စည်းကို အမွေဆိုင်အားလုံးအတွက် လက်ရှိထားသည်ဟုမှတ်ယူရမည်ဖြစ်သည်။ (မမြကြင်နှင့် မအေးတင်၊ ၁၉၆၃ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၉၈၃)
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည်   သေတမ်းစာပြုလုပ်၍ ပစ္စည်းလွှဲပြောင်းပေးခြင်း     မပြုလုပ်နိုင်ပေ။ (ဒေါ်မယ်သင်နှင့် ဦးငွေထိန်ပါ ၈ အမှု၊ ၁၉၇၆ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ - ၅၃)
မြန်မာဗုဒ္ဓဘာသာတို့အတွက် အမွေထိန်းစာ မထုတ်ဘဲ မနေရဟု ဥပဒေကမဆိုပေ။ ထုတ်ပေး ရန်မလိုလျှင် ထုတ်မပေးခြင်းက   ပို၍တရားမျှတ မှန်ကန်၏။
ဆက်ခံခွင့်ရှိ
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ၊ အမွေခန်းဥပဒေ အရ ကွယ်လွန်သူတွင်  ခင်ပွန်း  သားသမီး  မြေးမြစ် အစရှိသော တိုက်ရိုက်အဆက်အနွယ်များ၊ ကိတ္တိမ သားသမီး၊   လင်ပါမယားပါသမီးနှင့်    ကိဠိတ သားသမီး   အစရှိသောသူများမရှိလျှင်   ထိုသူ၏ အမွေပစ္စည်းများကို (၁) ညီအစ်ကိုမောင်နှမများ၊ (၂) မိဘများ၊ (၃) ဘိုးဘွားများ၊ (၄)တူ၊ တူမများ၊ (၅) ဘကြီး ဘထွေး၊ ဦးရီး (ဦးကြီး)၊ ဦးလေး၊ အရီး ကြီး၊ အရီးလေး၊ မိကြီး မိထွေး၊ (၆) တူ၊ တူမများ၏ သားသမီးများက   ဦးစားပေးအစီအစဉ်အတိုင်း ဆက်ခံခွင့်ရှိကြပါသည်။ (ဦးမြင့်စိုးနှင့် ဦးသန်းစိုး ပါ ၄၊ ၂၀၀၈ ခုနှစ်၊  မြန်မာနိုင်ငံ   တရားစီရင်ထုံး၊ စာမျက်နှာ ၈၄)      
သက်သာခွင့်ကို ခွင့်ပြု
သာမန်ဥပဒေသမှာ   အမှုသည်တို့၏   အခွင့် အရေးကို အမှုစွဲဆိုသည့်နေ့၌ တည်ရှိသည့်အတိုင်း ဆုံးဖြတ်ရန်ဖြစ်သည်။ အမှုစွဲဆိုပြီးမှ   ရရှိသော အခွင့်အရေးများအပေါ်အခြေခံ၍ အဆုံးအဖြတ် ပေးရန် မဟုတ်ပေ။ သို့ဖြစ်ရာ  တရားစွဲဆိုစဉ်က တရားစွဲဆိုရန်အကြောင်း မပေါ်ပေါက်သေးလျှင် တရားစွဲဆိုပြီးမှ ပေါ်ပေါက်သည့် တရားစွဲဆိုနိုင်ရန် အကြောင်းကို အခွင့်ကောင်းယူကာ သက်သာခွင့် တောင်းခြင်းကို သာမန်အားဖြင့် ခွင့်ပြုမည်မဟုတ် ချေ။ သို့ရာတွင် အခြေအနေများ ပြောင်းလဲလာခြင်း ကြောင့်  မူလတောင်းဆိုသော   သက်သာခွင့်မှာ မဆီလျော်တော့လျှင်  သို့မဟုတ်  အမှုဆိုင်ခြင်းကို တိုတောင်းစေရန်ဖြစ်စေ၊  အမှုသည်များအကြား တရားမျှတမှု အပြည့်အဝဖြစ်စေရန်ဖြစ်စေ ပြောင်းလဲ လာသော အခြေအနေများအရ တရားရုံးက အဆုံး အဖြတ်ပေးရန်  လိုအပ်လျှင် တရားရုံးသည် အထက်ပါ ဥပဒေသမှ  သွေဖည်ကာ   ပြောင်းလဲလာသော အခြေအနေများအပေါ်အခြေခံ၍ သက်သာခွင့်ကို ခွင့်ပြုရန်ဖြစ်သည်။ မူလရုံးက ပဏာမဒီကရီ ချမှတ် ပြီးနောက် အထူးအယူခံမတိုင်မီတွင် ဦးညွန့်မောင် ကွယ်လွန်သွား၍ အခြေအနေပြောင်းလဲသွားခဲ့သည့် မအေးအေးထိုက်တို့၏ ရပိုင်ခွင့်ဝေစုတိုးသွားသည်။ ဤအခြေအနေတွင်    မအေးအေးထိုက်တို့နှင့် ဒေါ်ခင်အေးကြည်တို့အကြား  အမှုတိုးပွားခြင်းကို ရှောင်လွှဲရန်နှင့် အမှုသည်အကြား  ပြီးပြည့်စုံသည့် တရားမျှတမှုဖြစ်စေရန် တရားရုံးသည် ပြောင်းလဲ သွားသည့် အခြေအနေနှင့် ကိုက်ညီသည့် သက်သာ ခွင့်ကို ခွင့်ပြုမှသာလျှင် မှန်ကန်မျှတမည် ဖြစ်သည်။ (မအေးအေးထိုက်ပါ ၂ နှင့်  ဒေါ်ခင်အေးကြည် (ကွယ်လွန်သူ ဦးညွန့်မောင်၏ တရားဝင်ကိုယ်စား လှယ်)၊ ၂၀၀၁ ခုနှစ်၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ-၄၈၀(၄၈၁))
သို့ဖြစ်ရာ ဆွေမျိုးရင်းခြာများအကြား မလိုလား အပ်သော အငြင်းပွားမှုများဖြင့် အချိန်ကုန်ငွေကုန် အမွေပုံကုန်မှပြီး   မဖြစ်ကြရလေအောင်   အမွေမှု ၏ အခြေခံသဘောတရားများကို အလွယ်တကူ လေ့လာအသုံးပြုနိုင်စေရန်   ရေးသားတင်ပြအပ် ပါသည်။