မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့

 

 

မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသမိုင်းသည် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကိုလိုနီလက်အောက်သို့ ကျရောက်ခဲ့ရသည့် ၁၈၈၅ ခုနှစ် တွင် စတင်ခဲ့ရာ နှစ်ပေါင်း ၁၄၀ နီးပါး ရှည်ကြာခဲ့ပြီ ဖြစ်သည်။ ဦးစွာ Robusta ကော်ဖီမျိုးကို တနင်္သာရီတိုင်းအတွင်း မြိတ်၊ ထားဝယ်ဒေသများတွင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ် သို့ ရောက်သောအခါမှသာ Arabica ကော်ဖီမျိုးကို  ပြင်ဦးလွင် ၌   စတင်စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။   သို့ဖြစ်သည့်အတွက် ပြင်ဦးလွင်၏ ကော်ဖီစိုက်ပျိုးမှုသက်တမ်းမှာ နှစ်ပေါင်း ၉၀ ကျော် ခဲ့ပြီဖြစ်ရာ ရာပြည့်တန်းသို့ဝင်လာပြီဟု ဆိုရမည်ဖြစ်သည်။
ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ကော်ဖီသောက်သုံးမှုတို့ ကမ္ဘာ တွင်ရော အာရှတွင်ပါ တိုးတက်များပြားလာသည်နှင့်အမျှ မြန်မာ နိုင်ငံ၏    ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု    မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်က   တွန်းအားပေးဆောင်ရွက်လျက်ရှိရာ   ကော်ဖီ လုပ်ငန်းရှင်များအနေဖြင့်လည်း ရည်မှန်းချက်ဖြစ်သည့် ကမ္ဘာ့ ကော်ဖီဈေးကွက်တွင် မြန်မာ့ကော်ဖီ၏ ဈေးကွက်ဝေစု အခိုင် အမာရရှိရေး အားသွန်ခွန်စိုက် ကြိုးပမ်းကြရမည်ဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုနှင့် ပြည်တွင်း သောက်သုံးမှုတို့မှာ  ဒေသတွင်းနိုင်ငံများနှင့်  နှိုင်းယှဉ်လျှင်ပင် နည်းပါးနေသေးသော်လည်း   အနာဂတ်အတွက်   ဈေးကွက် အလားအလာကောင်းများရှိကြောင်း သုံးသပ်မှုများလည်းရှိနေရာ မဖြစ်မနေ အားထုတ်ဆောင်ရွက်နိုင်သည်နှင့်အမျှ ပြည်တွင်း၌ရော ပြည်ပတွင်ပါ မြန်မာ့ကော်ဖီနေရာရလာမည်ဖြစ်သည်။
“ကော်ဖီထုတ်ကုန်များ   ဈေးကွက်ရရှိရေးနှင့်   အရည် အသွေးမြင့်   ထုတ်ကုန်ဖြစ်စေရေး   အစိုးရက   ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လိုအပ်သည့် အရင်းအနှီးများ ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်သဖြင့်  အမှန်တကယ်အောင်မြင်ပြီး  မြန်မာ့ကော်ဖီ (Myanmar coffee Brand) ကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း”ဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     နိုင်ငံတော်ဝန်ကြီးချုပ်က ပြင်ဦးလွင်မြို့ရှိ     ကော်ဖီလုပ်ငန်းရှင်များနှင့်    ဧပြီ  ၁၀ ရက်က တွေ့ဆုံရာ၌ ပြောကြားခဲ့ရာ နိုင်ငံတော်၏ ကူညီပံ့ပိုးမှု အားများ နှင့်  လုပ်ငန်းရှင်တို့၏   ကြိုးပမ်းအားထုတ်မှုတို့   ပေါင်းစပ်ကာ ရည်မှန်းချက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် ရော လုပ်ငန်းရှင်တို့အတွက်ပါ အကျိုးများစွာ ဖြစ်ထွန်းနိုင်မည် ဖြစ်သည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၏ ၂၀၁၆ ခုနှစ် စာရင်းဇယားအရ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ် မှုသည်  ၈၄၇၄ တန်ဖြင့်  ကမ္ဘာ့အဆင့် ၃၉ တွင်  ရှိနေခဲ့သည်။ မြန်မာ့ကော်ဖီ၏   အနံ့အရသာ  အရည်အသွေးမှာ  မနိမ့်ကျဘဲ မျက်နှာပန်းလှသည့် အဆင့်အတန်းတွင်ရှိနေရာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သုတေသနပြုမှုနှင့် အရည်အသွေးထိန်းသိမ်းမှုတို့ ပြုလုပ်ခြင်း၊ သဘာဝမြေဩဇာ သက်သက်ကိုသာ အသုံးပြုခြင်းဖြင့် မြန်မာ့ကော်ဖီ၏ ဝိသေသ လက္ခဏာကို ကမ္ဘာသို့ ပြသနိုင်မည်ဖြစ်သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်းကျဆင်း လာခြင်းနှင့်အတူ လေကြောင်းပျံသန်းမှုများ ပြန်လည်ဖွင့်လှစ် ထားပြီဖြစ်ရာ    ပြည်ပခရီးသည်များလည်း   မြန်မာနိုင်ငံသို့ ဝင်ရောက်လျက်ရှိနေပြီ ဖြစ်သည်။ နိုင်ငံအတွင်းရှိ အချက်အချာ ကျသောနေရာများတွင် မြန်မာ့ကော်ဖီသီးသန့်ဆိုင်များ ဖွင့်လှစ် ခြင်းမှ အစပြုကာ ပြည်ပနိုင်ငံများသို့ပါ ဆက်လက်ခြေဆန့်သွား ခြင်းဖြင့်လည်း  ကမ္ဘာ့ကော်ဖီဈေးကွက်တွင်  မြန်မြန်ဆန်ဆန် ခရီးပေါက်နိုင်မည်ဟု ယုံကြည်မိပါကြောင်း။          ။