မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အာရှဖလားခြေစစ်ပွဲအတွက် ကာဂျစ္စတန်နိုင်ငံ၌ လေ့ကျင့်ပြင်ဆင်

 

ရန်ကုန်   အောက်တိုဘာ  ၁၄


မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလား အမျိုး သမီးခြေစစ်ပွဲယှဉ်ပြိုင်ရန်အတွက် ကာဂျစ္စတန်နိုင်ငံသို့ ရောက်ရှိနေပြီ ဖြစ်ပြီး လေ့ကျင့်မှုများ စတင်ပြုလုပ်လျက်ရှိသည်။

 


မြန်မာ့လက်ရွေးစင်   အမျိုးသမီးအသင်းသည်   အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင် ကာဂျစ္စတန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ညနေပိုင်းမှ စတင်ကာ  လေ့ကျင့်မှုပြုလုပ်နေခြင်းဖြစ်သည်။   မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေစစ်ပွဲယှဉ်ပြိုင်ရမည့် ကာဂျစ္စတန်နိုင်ငံသို့ ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလဖြစ်သော ကြောင့် သတ်မှတ်ရက်ထက်စော၍ သွားရောက်ရခြင်းဖြစ်သည်။ မြန်မာ အသင်းပါဝင်နေသည့် ခြေစစ်ပွဲ အုပ်စု (D) ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်အထိ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့ရှိ DOLEN OMURZAKOV STADIUM ၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာ၊ ယူအေအီး၊ လက်ဘနွန်နှင့် ဂူအမ်အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် ခြေစစ်ပွဲအုပ်စုအဖွင့်ပွဲအဖြစ် အောက်တိုဘာ ၁၈ ရက်တွင် လက်ဘနွန် အသင်းနှင့် စတင်ကစားရမည်ဖြစ်သည်။

 


 မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်၊ အားကစားသမားများအဖြစ် ဂိုးသမား- မေဇင်နွယ်၊ ဇူးလတ်နဒီ၊ ခိုင်ဇာဝင်း၊ နောက်တန်း- အေးအေးမိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊   ခိုင်သဇင်၊   ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊    အလယ်တန်း- သင်းသင်းယု၊ ခင်မိုမိုထွန်း၊ ခင်မာလာထွန်း၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း၊ နော်ထက်ထက်ဝေ၊ ရွှေရည်ထွန်း၊ ရှေ့တန်း- ဝင်းသိင်္ဂီထွန်း၊ စန်းသော် သော်၊ ခင်မိုးဝေ၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်နှင့် မေဖူးကိုတို့ ပါဝင်ကြသည်။


ရဲရင့်လွင်