မြန်မာ့လက်ရွေးစင်အသင်း တူရကီနိုင်ငံ၌ ခြေစမ်းပွဲဆက်လက်ကစား

 

ရန်ကုန်   နိုဝင်ဘာ   ၁၄


၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တူရကီ နိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယ မြောက်ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၃ ရက် ညပိုင်းက အာဖရိကအသင်း ဖြစ်သော ဘူရွန်ဒီလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

 


မြန်မာ့လက်ရွေးစင်အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ခြေစမ်းပွဲများ  ဆက်တိုက်ကစားလျက်ရှိပြီး  ဒုတိယမြောက်ပွဲတွင် တူရကီနိုင်ငံ၌ လာရောက်လေ့ကျင့်နေသည့် ဘူရွန်ဒီလက်ရွေးစင်အသင်း နှင့် ခြေစမ်းကစားခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းတွင် ဥရောပအခြေစိုက် ကစားသမားအချို့ပါ၀င်ခဲ့ပြီး မြန်မာအသင်းထက် ကမ္ဘာ့အဆင့်သတ်မှတ် ချက် အနည်းငယ်မြင့်မားသည့်အသင်းလည်းဖြစ်သည်။

 


မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး   ဂိုး-  မောင်မောင်ဝင်း၊   ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ အလယ်တန်း- မျိုးမင်းလတ်၊ နောက်တန်း-သန်းပိုင်တို့ဖြင့် ပွဲထွက်ခဲ့ကာ နောက်ပိုင်းတွင်-ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ဆမ်လန်မန်၊ လှိုင်းဘိုဘို၊ ရှေ့တန်း ကစားသမားများ လဲလှယ်အသုံးပြုခဲ့သည်။ မြန်မာအသင်းသည် ပွဲချိန်မိနစ်၇၀ကျော် အထိ တစ်ဂိုးအသာဖြင့် ဦးဆောင်နေသော်လည်း ၇၅ မိနစ်နောက်ပိုင်း နှစ်ဂိုးပြန်ပေးရကာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ၂၈ မိနစ်တွင် ဆွမ်လမန်ကသွင်းယူပြီး ဘူရွန်ဒီအသင်း အတွက် ချေပဂိုးကို ၇၈ မိနစ်တွင် သွင်းယူကာ အနိုင်ဂိုးကိုမူ ၈၁ မိနစ် တွင် ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။

 


မြန်မာ့လက်ရွေးစင်အသင်းသည်   နိုဝင်ဘာ ၁၀ ရက်က  တူရကီ အပျော်တမ်းကလပ်ဖြစ်သော မာနက်ဗ်ဂတ်စပေါ်အသင်းနှင့် ခြေစမ်း ကစားထားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယခုပွဲတွင် ဘူရွန်ဒီအသင်း ကို အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် နိုဝင်ဘာ ၂၅ ရက် တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်သည်။


ရဲရင့်လွင်