မြန်မာ့လက်ရွေးစင်အသင်းနှင့် အာဖဂန်နစ္စတန်လက်ရွေးစင်ဖူဆယ်အသင်းတို့ ခြေစမ်းမည်

 

ရန်ကုန်   မတ်   ၂၁
၂၀၂၄ အာရှဖလား ဖူဆယ်ပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လေ့ကျင့် ပြင်ဆင်နေသည့်   မြန်မာ့လက်ရွေးစင်အသင်းနှင့်   အာဖဂန်နစ္စတန် လက်ရွေးစင် ဖူဆယ်အသင်းသည်  ရန်ကုန်မြို့၌  ခြေစမ်းပွဲကစားမည် ဖြစ်သည်။


ယင်းခြေစမ်းပွဲကို မတ် ၃၀ ရက်နှင့် ၃၁ ရက်တို့တွင်  ရန်ကုန်မြို့ရှိ  အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် ပြုလုပ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း သည်   အာရှဖလားဖူဆယ်ပြိုင်ပွဲ   နောက်ဆုံးအဆင့်အတွက်  မတ် ၁၈ ရက်တွင်  ပြန်လည်လေ့ကျင့်လျက်ရှိပြီး တစ်ပတ်ကျော်အကြာတွင် နိုင်ငံတကာ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။ ထို့ပြင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဖလား ဖူဆယ်ပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်မည်ဖြစ်ပြီး နိုင်ငံတကာခြေစမ်းပွဲများ ထပ်မံကစား မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အိမ်ကွင်း၌ ပထမဆုံး နိုင်ငံတကာခြေစမ်းပွဲကစားခြင်းဖြစ်ပြီး နှစ်ရက်ဆက်တိုက် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


လက်ရှိရွေးချယ်ထားသည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းတွင် ဂိုးသမား- ညီညီသန့်၊ မိုင်းစိုးမြတ်သွေး (MIU) ၊ ကျော်ရဲသွေး (Genera-tions)၊ ရဲထက်နိုင် (လင်းလက်)၊  ကစားသမား- မျိုးမြင့်စိုး၊ ဝေဇင်ဦး၊ ငြိမ်းမင်းစိုး၊ ထွဋ်ဝေထွန်း၊ ထွန်းမင်းလှိုင်၊ နိုင်လင်းထွန်းကျော်၊ အောင်ဇင်ဦး၊ မျိုးသက်ကျော် (VUC)၊ မင်းချစ်သူ၊ ထွန်းထွန်းဝင်း (M2K)၊ ကိုကိုလွင်၊ မျိုးသက်အောင်၊ လှိုင်မင်းထွန်း (MIU)၊ လဖိုင်ဇော်လွန်း (Winner Soccer) ၊ သော်ထက်အောင်၊ ထက်ဝေ (လင်းလက်) တို့ပါဝင်ပြီး နည်းပြချုပ် အဖြစ်   ထိုင်းနိုင်ငံသား   ဘန်လက်ချာယိုဝန်က     ကိုင်တွယ်နေသည်။ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်အထိ ပထမအကြိမ်လေ့ကျင့်ထားပြီး အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ကာ အင်ဒိုနီးရှားကလပ်များနှင့် ခြေစမ်းပွဲ သုံးပွဲကစားထား သည်။                               

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF