
ရန်ကုန် မတ် ၁၈
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်သစ်အဖြစ် ဂျာမနီနိုင်ငံသား ဖိုက်အွန် ဘိုင်နာကို ခန့်အပ်လိုက်ပြီဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နည်းပြသစ် ဖိုက်အွန်ဘိုင်နာကို ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး လက်ထောက်နည်းပြတစ်ဦးနှင့် ဂိုးနည်းပြတစ်ဦးကိုပါ တစ်ပါတည်း ခေါ်ဆောင်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဖိုက်အွန်ဘိုင်နာ၏ နည်းပြအဖွဲ့သို့ ပြည်တွင်းနည်းပြများအဖြစ် ဦးမျိုးလှိုင်ဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဦးမောင်မောင်မြင့်၊ ဂိုးနည်းပြ ဦးကိုကိုအောင်တို့ကို တာဝန်ပေးထား သည်။ နည်းပြသစ် ဖိုက်အွန်ဘိုင်နာသည် ဘောလုံးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာသူဖြစ်ပြီး မလေးရှားကလပ် ဆီလန်ဂေါ အသင်းကို နောက်ဆုံးကိုင်တွယ်ခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် မတ် ၂၂ ရက်မှ ၂၈ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည့် အိန္ဒိယ သုံးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် မြန်မာ၊ ကာဂျစ္စတန်နှင့် အိန္ဒိယအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ နည်းပြသစ် ဖိုက်အွန်ဘိုင်နာသည် ယင်းပြိုင်ပွဲအပြီးတွင် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းအား ဆက်လက်ကိုင်တွယ်ရမည်ဖြစ်သည်။
ရဲရင့်လွင်