မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေး မြှင့်တင်ရေးစီမံချက်၏ ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေး မြှင့်တင်ရေးစီမံချက်၏ ဦးဆောင်ကော်မတီ အစည်းအဝေးကျင်းပ

 

============================================================

နေပြည်တော် အောက်တိုဘာ ၇

 

မြန်မာနိုင်ငံလုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ အရည် အသွေးမြှင့်တင်ရေးစီမံချက်၏ ဦးဆောင်ကော်မတီ အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

 

တက်ရောက်

 

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီး Riikka Laatu၊ Ms Sanna Takala, Counsellor (Development), Embassy of Finland၊ Ms Min Jeong Kim, Head of Office, UNESCO Myanmar နှင့် အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲ ဖြတ်ရေးကော်မတီ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ တို့မှ အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာန ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ UNESCO Myanmar Office မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 

ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ ဆရာအတတ်ပညာရေးအတွက် လုပ်ငန်းခွင်အကြို ဆရာ အတတ်ပညာအရည်အသွေး မြှင့်တင်ရေးအစီအစဉ်အား နည်းပညာအကူအညီ၊ ဘဏ္ဍာရေး အကူအညီတို့ ပံ့ပိုးပေး သည့် ဖင်လန်နိုင်ငံအစိုးရနှင့် ယူနက်စကိုတို့ကို အထူး ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာအရည်အသွေး မြှင့်တင်ရေးစီမံချက် ဒုတိယအပိုင်း (STEM Project Phase II) ကာလအတွင်း ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်း၌ မူဝါဒနှင့် သင်ကြား သင်ယူမှုစွမ်းဆောင်ရည်များ တိုးမြှင့်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း၊ ပညာရေးဒီဂရီကောလိပ် သင်ရိုးသစ် ရေးဆွဲ ခြင်း၊ ကျား၊ မရေးရာ တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက် မှုနှင့် ဆရာ့အခွင့်အလမ်းစသည်တို့တွင် နည်းပညာအကူ အညီရယူဆောင်ရွက်ခဲ့ပါကြောင်း၊ (၂)နှစ်သင်ပညာရေး ကောလိပ်များကို (၄)နှစ်သင် ပညာရေးဒီဂရီကောလိပ် အဆင့်သို့ တိုးမြှင့်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပညာရေးဒီဂရီ ကောလိပ် ပထမနှစ်၊ ဒုတိယနှစ်ဝက်နှင့် ဒုတိယနှစ် သင်ရိုး ပုံနှိပ်စာအုပ်၊ ဆရာလမ်းညွှန်စာအုပ်တို့ကို ပုံနှိပ်ထုတ်ဝေရန် စီစဉ်ဆောင်ရွက်ပြီးဟု သိရပါကြောင်း၊ အခြေခံပညာ၊ ဆရာများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်း ဘောင်ကို ရေးဆွဲရာတွင် ကူညီပံ့ပိုးမှုအား ကျေးဇူးတင်ရှိပါ ကြောင်း၊ အဆိုပါအစီအစဉ်သည် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ကို အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း၊ ကူညီပံ့ပိုးပေးမှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

 

အကဲဖြတ်ဆွေးနွေး

ထို့နောက် အစည်းအဝေးအား ဆက်လက်ကျင်းပရာ STEM Project ၏ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လမှ စက်တင်ဘာလ အတွင်း ဆောင်ရွက်ချက်များ၊ စီမံချက်၏ အပိုင်း(၂)အစီရင်ခံစာနှင့် ပညာရေးဒီဂရီကောလိပ် သင်ရိုးသစ် အကောင်အထည်ဖော်မှုကို အကဲဖြတ်ခြင်း အစီရင်ခံစာ တို့ကို အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်