မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ

Type
၁

ဆောင်းပါး

=======

 

မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများ လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရန် အဆင့်မြှင့်တင်နိုင်ခဲ့ပြီ

======================================================================

 

ကိုတင့်(မြို့ပြအင်ဂျင်နီယာ)

 

 

နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာ စေရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ် အလိုက် လမ်း/တံတား၊ ကျေးလက်လမ်း/တံတားနှင့် အဆောက်အအုံ၊ မြို့ပြဒေသများ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံကိန်းများ ချမှတ်ဆောင်ရွက်လျက်ရှိသည်။

 

မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Gross Domestic Product - GDP) တိုးတက် ဖွံ့ဖြိုးရေးအတွက် အထောက်အကူဖြစ်စေ သော သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အချိန် တိုအတွင်း နယ်မြေဒေသမရွေး ပို့ဆောင် သွားလာနိုင်ပြီး သယ်ယူပို့ဆောင်စရိတ် အနည်းဆုံးလျှော့ချနိုင်ရန် လမ်း/တံတား များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေး လျက်ရှိသည်။ နိုင်ငံသူ နိုင်ငံသားအားလုံး လူနေမှုဘဝမြင့်မားစေမည့် သင့်လျော် ကောင်းမွန်သော အိမ်ရာများတွင် နေထိုင်နိုင် ကြစေရန် မြို့ပြအိမ်ရာစီမံကိန်းများ တည်ဆောက်ပေးလျက်ရှိပါသည်။ ကျေးလက် လမ်း/တံတားများ ဖွံ့ဖြိုးတိုးတက်ခြင်းကို ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေး လျက်ရှိပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်သည်။

 

လမ်း/တံတားစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်

ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့် တာဝန်ဝတ္တရားများကို အကောင်အထည် ဖော်ရန် ဝန်ကြီးဌာနရှိ လမ်းဦးစီးဌာနနှင့် တံတားဦးစီးဌာနတို့သည် ၂၀၃၀ ပြည့်နှစ်တွင် လက်ရှိ လမ်းမိုင် ၂၆၆၂၃ မိုင်(၄၂၉၄၀ ကီလို မီတာ) ကျော်ရှိလမ်းများကို အာဆီယံအဆင့်(၃)(ASEAN CLASS III) ၁၈ ပေ အကျယ် ကတ္တရာ လမ်း/ကွန်ကရစ်လမ်းအဆင့် အနည်းဆုံး ရောက်ရှိရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် တံတား များအားလုံး ၂၄ ပေ အကျယ် နှစ်လမ်းသွား သံကူကွန်ကရစ်တံတား၊ ကြိုတင်အားဖြည့် သံကူကွန်ကရစ်တံတား၊ သံမဏိသံပေါင် တံတားများ(RC Bridge ၊ PC Bridge ၊ Steel Truss Bridge) အဆင့်ရောက်ရှိရန် လမ်း/တံတားစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

မဟာဗျူဟာနှင့် နည်းဗျူဟာ

 

လမ်း/တံတားစီမံကိန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မဟာဗျူဟာ နှင့် နည်းဗျူဟာများအဖြစ် နိုင်ငံတော်၏ခွင့်ပြု ရန်ပုံငွေနှင့် အကောင်အထည်ဖော်ဆောင် ရွက်ခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ရန် ဖြစ်နိုင်စွမ်းရှိသော လုပ်ငန်းအချို့ကို ပြည်သူ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း(Public Private Partnership -PPP) စနစ်ဖြင့် နိုင်ငံသားပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ နိုင်ငံတကာမှ အစိုးရနှင့် အဖွဲ့အစည်းများ (International Government and Organi-zation) ဖွံ့ဖြိုးမှု အကောင်အထည်ဖော်ရေး မိတ်ဆွေအဖွဲ့ (Development Partners)များဖြစ်သော World Bank၊ ADB၊ JICA၊ KOICA၊ TICA စသည့် အဖွဲ့အစည်းများ၏ ချေးငွေ (ODA Loan)၊ ကူညီထောက်ပံ့ငွေ (Grant Aid)များနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ဖြင့် မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုလမ်းမကြီးများပေါ်ရှိ လမ်း/တံတားများကို အဆင့်မြှင့်တင်ဆောင်ရွက်ပေး လျက်ရှိသည်။

 

ဂုဏ်ပြုရေးသား ပြည်ထောင်စုလမ်းမများ

 

ပြည်ထောင်စု လမ်းမကြီးများပေါ်ရှိ လမ်း/ တံတားများကို အဆင့်မြှင့်တင်ဆောင် ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း အဓိကကျသော လမ်းမကြီးများ၊ အိမ်နီးချင်း နိုင်ငံများနှင့်ဆက်သွယ်သော လမ်းမကြီးများ၊ နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွားရေးစင်္ကြံ လမ်းများ BOT စနစ်ဖြင့် လည်းကောင်း၊ နိုင်ငံတကာချေးငွေများဖြင့်လည်းကောင်း ဆောင်ရွက်နေသော လမ်းမကြီးများ အကြောင်းကို လမ်းများတိုးတက်လာမှုအခြေ အနေ၊ လမ်းမကြီး ဖြတ်သန်းသွားသော တိုင်း ဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များ၊ လမ်းနှင့်ဆက်သွယ်သော မြို့များနှင့် နယ်စပ် ဒေသမြို့ များ၊ ခရီးမိုင်အကွာအဝေးများနှင့် ယာဉ်မောင်းခန့်မှန်းကြာမြင့်ချိန်များ စသည် တို့နှင့် ပတ်သက်သည့်အချက်များကို လေ့လာရှာဖွေ၍ ရေးသားတင်ပြအပ်ပါ သည်။

 

မြစ်ကြီးနားမှ ပူတာအိုသို့ နေ့ချင်းပေါက် ခရီးရောက်ပြီ

 

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းသည် အရှည် ၂၀၇ မိုင်ရှိပြီး ယခင်က မြစ်ကြီးနားမြို့နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်နှင့် ပူတာအိုမြို့နယ်အတွင်းရှိလမ်းပိုင်းတို့တွင် ကျောက်လမ်း၊ အမာခံလမ်း၊ မြေသားလမ်း ၁၀၇ မိုင်ကျော်ကျန်ရှိနေခဲ့သည်။ ကျန်ရှိနေ သောမြေသားလမ်းများ အချို့အပိုင်းတွင် ကမ္ဘာကျော် ဗွက်တန်းများအဖြစ် နာမည်ကြီး ခဲ့ပြီး ယခင်အချိန်က မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့သွားလာရာတွင် နှစ်ညအိပ်၊ သုံးညအိပ် ခရီးသွားလာခဲ့ကြရသည်။

 

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အထိ ပြည်ထောင်စုအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများ၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ ခွင့်ပြုရန်ပုံငွေများ ကျပ် ၁၂၇ ဒသမ ၅ ဘီလီယံကျော်ဖြင့် လမ်း/ တံတား လုပ်ငန်း များဆောင်ရွက်ခဲ့ရာတွင် ကွန်ကရစ်လမ်း ၁၀၆/၃ မိုင်၊ နိုင်လွန်ကတ္တရာလမ်း ၃/၅ မိုင်၊ ကတ္တရာလမ်း ၈၆/၇ မိုင်၊ ကျောက်/အမာခံလမ်း ၁၀/၄ မိုင်နှင့် ပေ ၅၀ အောက် တံတား ၆၃၇ စင်း၊ ပေ ၅၀ အထက်တံတား ၁၉ စင်းအထိ တည်ဆောက်နိုင်ခဲ့ပါ သည်။

 

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပေါ်ရှိ တီယန်ဇွပ်တံတား ပေ ၃၀၀၊ ဒရုခတံတား ပေ ၂၀၀၊ စီနင်ခတံတား ၂၀၄ ပေ၊ ဖုန်ချန်တံတား ပေ ၂၄၀၊ ဆွမ်ပီ ယန်တံတား ပေ ၂၂၀ စသည့် တံတား ကြီးငါးစင်းကို သံကူကွန်ကရစ်တံတားကြီး များအဖြစ် အဆင့်မြှင့်တင် တည်ဆောက် နိုင်ခဲ့သည်။ ယခုအခါ ရာသီမရွေး ဆက်သွယ် သွားနိုင်သော လမ်း/တံတားများ တိုးတက် ကောင်းမွန်လာပြီဖြစ်သည့်အတွက် မြစ်ကြီး နား-ဆွမ်ပရာဘွမ်မှ ပူတာအိုသို့ နေ့ချင်း ပေါက် ကိုးနာရီခရီးဖြင့် အရောက်သွားနိုင်ကြ ပြီဖြစ်ပါသည်။ ကချင်ပြည်နယ်မြို့တော် မနောမြေမှ ဒေသခံတိုင်းရင်းသားပြည်သူ များအနေဖြင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမကြီးမှ ရေခဲတောင်များဖြင့် သာယာလှပနေသော ပူတာအိုနယ်မြေဒေသ သို့ အချိန်မရွေး သွားလာနိုင်ကြပြီဖြစ် သည်။

ကချင်ပြည်နယ်ရှိ တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံဆက်သွယ်သော လမ်းမကြီး

မြစ်ကြီးနားမြို့မှ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်တွင် ကန်ပိုက်တီမြို့သို့ ဆက်သွယ်ထားသော မြစ်ကြီးနား-ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီကတ္တရာလမ်းသည် ၇၁ မိုင်အရှည်ရှိသည်။ မြစ်ကြီးနားမြို့မှ တရုတ် နိုင်ငံနယ်စပ်ရှိ ကန်ပိုက်တီမြို့သို့ ယာဉ် မောင်းချိန် နှစ်နာရီကျော်ဖြင့် သွားလာနိုင်ပြီး နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို လွယ်ကူလျင်မြန်ချောမွေ့စွာ ဆောင်ရွက် နိုင်ပြီဖြစ်ပါသည်။ မြစ်ကြီးနားမြို့မှ အိန္ဒိယ နိုင်ငံနယ်စပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီး ခရိုင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ပန်ဆောင်မြို့သို့ ဆက်သွယ်သော မြစ်ကြီးနား -တမ္မတီး-တနိုင်း-နန်းယွန်း-ပန်ဆောင်လမ်းမကြီး ရှိပါသည်။ ယင်းလမ်းမကြီးသည် ကချင် ပြည်နယ် မြစ်ကြီးနားခရိုင်မှ မြစ်ကြီးနား မြို့နယ်၊ တနိုင်းမြို့နယ်၊ မိုးညှင်းခရိုင်မှ မိုးကောင်းမြို့နယ် နမ္မတီးနှင့် ဖားကန့် မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်မှ နန်းယွန်း မြို့နယ်တို့ကို ဖြတ်သန်းသွားပြီး မြစ်ကြီးနား မြို့နယ်မှ ပန်ဆောင်မြို့အထိ ၂၂၈ မိုင် လမ်း အရှည်ရှိပါသည်။

 

တရုတ်နိုင်ငံနယ်စပ် ကန်ပိုတ်တီမြို့ အထိ တရုတ်-မြန်မာ-အိန္ဒိယသုံးနိုင်ငံလမ်းမ ကြီး အရှည်မှာ ၃၀၁ မိုင်ရှည်လျားပါသည်။ မြစ်ကြီးနားမြို့မှ ပန်ဆောင်မြို့အထိလမ်းပိုင်း များကို ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ခွင့်ပြုရန်ပုံငွေများဖြင့် လမ်းအဆင့်မြှင့်တင် ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကန်ပိုတ်တီ-မြစ်ကြီးနား-ပန်ဆောင် လမ်းကြီးသည် သုံးနိုင်ငံဆက်သွယ်သည့် အရေးပါသော လမ်းကြီးတစ်လမ်းဖြစ်ပါသည်။

ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသများ ဖွံ့ဖြိုးတိုးတက်စေမည့် မန္တလေး-တကောင်း-ရွှေကူ-ဗန်းမော်-မြစ်ကြီးနားလမ်းဧရာဝတီမြစ်အရှေ့ဘက်ကမ်း သပိတ် ကျင်းမြို့နယ်မှ တကောင်းမြို့နယ် ရွှေကူ မြို့နှင့် ဗန်းမော်မြို့သို့ ဖြတ်သန်းဖောက် လုပ်ထားပါသည်။ သပိတ်ကျင်းမြို့နယ် တကောင်းလမ်းဆုံမှ လမ်းသစ်ဖောက်လုပ်ခဲ့ ရာ ကချင်ပြည်နယ် မံစီမြို့နယ် ဟန်ထက် လမ်းဆုံအထိ လမ်းအရှည် ၁၇၅ မိုင် ၃ ဖာလုံရှည်ပါသည်။ မန္တလေးမှ မန္တလေး-မိုးကုတ်လမ်းအတိုင်း တကောင်းလမ်းအစ လမ်းဆုံအထိ ၈၀ မိုင် ၃ ဖာလုံကွာဝေးပါသည်။ ကချင်ပြည်နယ်အပိုင်းတွင် မံစီမြို့နယ် ဟန်ထက် လမ်းဆုံမှ ၈ မိုင် ၃ ဖာလုံသွားလျှင် မန္တလေး-လားရှိုး-မူဆယ်-ဗန်းမော်-မြစ်ကြီးနားလမ်း မိုင်တိုင် ၃၆၀/၀ ရှိ ဆဝမ်ကထောင်လမ်းဆုံသို့ရောက်ရှိသည်။ မန္တလေး-တကောင်း-ရွှေကူ-ဗန်းမော်-မြစ်ကြီးနားလမ်း အရှည်မှာ မန္တလေးမှ ဗန်းမော်အထိ ၂၇၄ မိုင် ၂ ဖာလုံ၊ မြစ်ကြီးနားမြို့အထိ ၃၉၁ မိုင် ၄ ဖာလုံအရှည် ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး၊ မိုးကုတ်၊ စဉ့်ကူး၊ သပိတ်ကျင်း ဒေသပတ်ဝန်းကျင်မှ ခရီးသွားပြည်သူများနှင့် ကုန်စည်ပို့ဆောင်သူများသည် မန္တလေး-တကောင်း- ရွှေကူ-ဗန်းမော်-မြစ်ကြီးနားလမ်း ကိုအသုံးပြု၍ ကချင်ပြည်နယ် ဗန်းမော်မြို့နှင့် မြစ်ကြီးနားမြို့သို့ ဆက်သွယ်သွားလာကြ ပါသည်။

 

တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေး အတွက်အရေးပါသော မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းနှင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း

မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား လမ်း(မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်း အပိုင်း) လမ်းအရှည်မိုင် ၂၉၀ နှင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း ၆၆ မိုင်အရှည်ရှိ လမ်းနှစ်လမ်းကို Oriental Highway Co.,Ltd က BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံ ကုန်သွယ်ရေးလုပ်ငန်းများကို မူဆယ်နှင့် ချင်းရွှေ ဟော်နယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဆောင် ရွက်လျက်ရှိသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာန လမ်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် Oriental Highway Co., Ltd က BOT စနစ်ဖြင့် မန္တလေး-လားရှိုး- မူဆယ်-နမ့်ခမ်းလမ်းနှင့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းများကို အဆင့် မြှင့်တင်ဆောင်ရွက်မှုကြောင့် ကုန်စည်များကို ချောမွေ့စွာပို့ဆောင်နိုင်ပြီး နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာပြီဖြစ်သည်။

 

၂၀၂၀ ပြည့်နှစ်အတွင်း မန္တလေး-လားရှိုး-မူဆယ်လမ်း မန္တလေးမြို့မှ နောင်ချို မြို့အထိ ၇၁ မိုင်လမ်းအရှည်ကို လေးလမ်း သွား နိုင်လွန်ကတ္တရာလမ်းအဖြစ် BOT အဖွဲ့က လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီး ဖြစ်သည်။ ပြင်ဦးလွင်မြို့ရှောင်လမ်းနှင့် လားရှိုးမြို့ရှောင်လမ်းများကိုလည်း နှစ်လမ်း သွား နိုင်လွန်ကတ္တရာလမ်းများအဖြစ် တည်ဆောက်ခဲ့သည်။ ခရီးလမ်းပန်း လုံခြုံ ချောမွေ့စေရေးအတွက် နောင်ချိုမြို့နယ် အတွင်း ဂုတ်တွင်းတံတားသစ်(အရှည်ပေ ၂၁၀) နှစ်လမ်းသွား သံကူကွန်ကရစ် တံတားကို ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၄)က တည်ဆောက်ပြီးဖြစ်ကြောင်း သိရှိရသည်။ သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်း ကွမ်းလုံမြို့ တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးအတွက် တရုတ်နိုင်ငံမှ ကွမ်းလုံတံတားအသစ် တစ်စင်း တည်ဆောက်ပေးလျက်ရှိသည်။ မန္တလေး-လားရှိုး-မူဆယ်-နမ့်ခမ်းလမ်းမကြီး သည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေးအတွက် တရုတ်နိုင်ငံနှင့် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သော ကုန်တင်ကားကြီးများ သွားလာသည့် အဓိကလမ်းမကြီး ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ ဆက်သွယ်သည့် မုံရွာ-ယာကြီး- ကလေးဝ-တမူး လမ်းမကြီးမုံရွာ-ယာကြီး-ကလေးဝ-တမူးလမ်း သည် အာရှလမ်းမကြီးအမှတ်(၁)(AH1)လမ်းမကြီးဖြစ်သည်။ မုံရွာ-ယာကြီး-ကလေးဝလမ်းတွင် မုံရွာအုပ်စု ဆောက်လုပ် ရေးကုမ္ပဏီက လမ်းအရှည်မိုင် ၄၀ ကို BOT စနစ်ဖြင့် ၂၄ ပေအကျယ် ကတ္တရာလမ်း ဆောင်ရွက်ပြီးဖြစ်သည်။ ယင်းလမ်း မိုင်တိုင် ၄၀ မှ ၁၁၅ မိုင် ၅ ဖာလုံအထိ လမ်းအရှည် ၇၅ မိုင် ၅ ဖာလုံကို အိန္ဒိယနိုင်ငံက အကူအညီ အထောက်အပံ့ပေးသောရန်ပုံငွေဖြင့် လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင် ရွက်နေပြီဖြစ်သည်။ ၁၂ မီတာအကျယ် နှစ်လမ်းသွား နိုင်လွန်ကတ္တရာလမ်းဖြစ်ပြီး စီမံကိန်းတန်ဖိုး မြန်မာငွေကျပ် ဘီလီယံ ၂၆၀ ခန့် ရှိကြောင်း သိရှိရသည်။

 

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ကြီးကြပ်ဆောင်ရွက်ပြီး လိုအပ်သည်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ လမ်းစီမံကိန်းကို အိန္ဒိယနိုင်ငံက M/S Punj Lioyd-Varaha Infra Ltd က တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်အတွင်း လမ်းလုပ်ငန်းပြီးစီးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ကလေး-ကလေးဝ-ကျီကုန်း-တမူးလမ်း သည် ၉၃ မိုင်အရှည် နှစ်လမ်းသွားနိုင်လွန် ကတ္တရာလမ်း ဖြစ်သည်။

 

ကလေး-တမူးလမ်းပိုင်းရှိ သံပေါင်တံတား များကို နှစ်လမ်းသွား သံကူကွန်ကရစ် တံတားများအဖြစ် အသစ်ဆောက်လုပ်ရန် အိန္ဒိယနိုင်ငံမှ အကူအညီအထောက်အပံ့ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။ မုံရွာ-ယာကြီး-ကလေးဝလမ်းပြီးစီး သွားပါက မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မုံရွာဒေသများနှင့် နိုင်ငံတစ်ဝန်းလုံး အတွက် အိန္ဒိယနိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကြီး ပေါ်ပေါက်လာတော့မည် ဖြစ်သည်။ ထိုင်း-မြန်မာ-အိန္ဒိယ သုံးနိုင်ငံ ဆက်သွယ်သော လမ်းမကြီးကြောင့် မြန်မာ နိုင်ငံအတွင်းရှိ ဒေသခံပြည်သူများ လမ်းပန်း ဆက်သွယ်ရေး လုံခြုံချောမွေ့စွာ သွားလာနိုင် ကြပြီး လူမှုစီးပွားရေးအဆင့်အတန်းများနှင့် ကုန်သွယ်စီးပွားရေး၊ ကုန်ထုတ်လုပ်ရေး လုပ်ငန်းများ တိုးတက်မြင့်မားလာတော့မည် ဖြစ်သည်။

 

နာဂတောင်တန်းဒေသများ ဖွံ့ဖြိုး တိုးတက်ရေးလမ်းမကြီး သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းနှင့် ခန္တီး-လဟယ်-ဒုံးဟီး-နန်းယွန်းလမ်းစစ်ကိုင်းတိုင်းဒေသကြီး နာဂတောင် တန်းဒေသများဖွံ့ဖြိုးတိုးတက်စေရန်အတွက် သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီး လမ်းမကြီးသည် ရေဦး-ကလေးဝလမ်း ၁၀၅/၄ မိုင်ရှိ မိုင်တိုင် ၈၀/၃ သက္ကယ် ကျင်းလမ်းဆုံ ၀/၀ မိုင်တိုင်မှစတင်၍ ချင်းတွင်း မြစ်အရှေ့ဘက်ခြမ်းမှ လမ်းဖြတ်သန်းပြီး ခန္တီးမြို့အထိ ၃၃၅ မိုင် အရှည်ရှိပါသည်။ သက္ကယ်ကျင်း-ဖောင်းပြင်-ဟုမ္မလင်း-ခန္တီးလမ်းသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးခရိုင် ကလေးဝမြို့နယ်၊ မော်လိုက်ခရိုင် မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်၊ ခန္တီးခရိုင် ဟုမ္မလင်းနှင့် ခန္တီးမြို့နယ်များကို ဖြတ်သန်းသွားပါသည်။ ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရရှိရန်ပုံငွေများဖြင့် လမ်းတိုးတက်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း နိုင်လွန်ကတ္တရာလမ်း ၀/၅ မိုင်၊ ကွန်ကရစ်လမ်း ၃၂ / ၇ မိုင်၊ ကတ္တရာလမ်း ၁ / ၇ မိုင်၊ အမာခံလမ်း ၂၉၉/၅ မိုင် တိုးတက် လာခဲ့သည်။

ချင်းတွင်းမြစ်ကူးတံတားများဖြစ်သော ချင်းတွင်းတံတား(ကလေးဝ၊ ဟုမ္မလင်း၊ ခန္တီး)တို့ တည်ဆောက်ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ချင်းတွင်းတံတား(ထမံသီ)ကိုလည်း ဆက် လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိ ရသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခန္တီးမြို့မှ အိန္ဒိယနိုင်ငံနယ်စပ် နန်းယွန်းမြို့နယ် ပန်ဆောင်မြို့အထိရောက်ရှိသော ခန္တီး-လဟယ်-ဒုံးဟီး-နန်းယွန်းလမ်း မိုင်အရှည် ၁၆၀/၉ မိုင်ကိုလည်း အဆင့်မြှင့်တင်ဆောင် ရွက်လျက်ရှိပါသည်။ နာဂတောင်တန်းဒေသ များနှင့် ချင်းတွင်းမြစ်အထက်ပိုင်းဒေသတို့ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ် ရေး ကောင်းမွန်လာစေရန် ထမံသီ-လေရှီး-ပန်ဆပ်-ဆွမ္မရားလမ်း ၈၀/၆ မိုင်အရှည် ခန္တီး(ပါဆောင်) ပါရိုး-ထန်ပါခွေ (လမ်းအရှည် ၅၄ မိုင်)နှင့် ခန္တီး-ဖားလဖုန်း-တာမခံ-ညောင်ပင်လမ်း လမ်းအရှည် ၄၇/၆ မိုင် တို့ကို လည်း အဆင့်မြှင့်တင်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် ချင်းတွင်းမြစ် အထက်ပိုင်းဒေသများနှင့် နာဂတောင်တန်း ဒေသများရှိ ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွားဘဝများ မြှင့်တင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ တိုးတက် ကောင်းမွန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။

 

ချင်းပြည်နယ်အတွက်အရေးပါသော ကလေး-ဖလမ်း-ဟားခါးလမ်းနှင့် အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်း ကလေး-သိုင်းငင်း-တီးတိန်-ရိဒ်လမ်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ချင်းပြည်နယ်မြို့တော် ဟားခါးသို့ ဆက်သွယ် ထားသော ကလေး-ဖလမ်း-ဟားခါးလမ်းမကြီး သည် ၁၂၄ မိုင် လမ်းအရှည်ရှိသည်။ ၂၀၁၆ ခုနှစ်မှ စတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ချင်းပြည်နယ် လမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ် အင်ဂျင်နီယာအဖွဲ့များ၊ လမ်းအထူးအဖွဲ့များ သည် ပြည်ထောင်စုအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေများ ဖြင့် ကလေး-ဖလမ်း-ဟားခါးလမ်းကို ကတ္တရာ လမ်းအဆင့်ထိရောက်အောင် လမ်းလုပ်ငန်း များဆောင်ရွက်ခဲ့သည်။

ချင်းပြည်နယ် လမ်း ဦးစီးအနေဖြင့် ကလေး- ဖလမ်း-ဟားခါး လမ်း ၌ အတက်၊ အဆင်းမတ်သောနေရာ များတွင် ကွန်ကရစ်လမ်းအရှည် ၃ မိုင် ၆ ဖာလုံ၊ ဖလမ်း မြို့တွင်းနှင့် ဟားခါးမြို့တွင်းလမ်းများ နိုင်လွန် ကတ္တရာခင်းခြင်း ၇ မိုင် ၄ ဖာလုံနှင့် ကတ္တရာ လမ်းအရှည် ၁၀၃ မိုင် ၇ ဖာလုံအထိ လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည်။ ဂျပန်နိုင်ငံ JICA အဖွဲ့ထံမှ ချေးငွေရယူပြီး ကလေးနှင့် ဖလမ်းကြား လမ်းပိုင်းအချို့ကို နှစ်လမ်းသွား ကတ္တရာလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သိုင်းငင်း-ဖလမ်းကြားရှိ မဏိပူရ်မြစ်ကူး ဗားရ်တံတားအသစ် ၅၅၈ ပေအရှည် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပြီးဖြစ်ကြောင်းလည်း သိရသည်။ ကလေးမြို့မှ အိန္ဒိယနယ်စပ် ရိဒ်မြို့သို့ ဆက်သွယ်ထားသော ကလေး-သိုင်းငင်း-တီးတိန် -ရိဒ်လမ်းသည် လမ်းအရှည် ၈၈ မိုင် ရှိပြီး အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းဖြစ်ပါသည်။ လမ်းအခြေအနေမှာ ကွန်ကရစ်လမ်း ၁၃/၃ မိုင်၊ ကတ္တရာလမ်း ၅၀/၂ မိုင်ရှိပြီး တီးတိန်နှင့် ရိဒ်လမ်းပိုင်းတွင် အမာခံကျောက်ချောလမ်း ၂၁/၇ မိုင် ရှိပါ သည်။ တီးတိန်နှင့် ရိဒ်ကြား မဏိပူရ်မြစ်ကူး မံဆောင်းကြိုးတံတားဘေးတွင် သေတ္တာပုံ သံမဏိ ရက်မသံကူကွန်ကရစ်တံတား(Steel Box Girder RC Bridge) မံဆောင်းတံတား သစ်(၆၀၃ ပေ အရှည်) တည်ဆောက်လျက် ရှိပြီး ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။

 

ချင်းပြည်နယ်တွင် တောင်ပိုင်း ပလက်ဝမြို့မှ မြောက်ပိုင်း ကျီခါးမြို့အထိ ဆက်သွယ်သော ပလက်ဝ-မတူပီ-ဟားခါး-ဖလမ်း-တီးတိန်-တွန်းဇံ-ကျီခါးလမ်း (၅၀၉ မိုင်အရှည်)၊ မင်းတပ်-မတူပီလမ်း(၁၀၂/၀ မိုင်)၊ ကန်ပက်လက်-မင်းတပ်လမ်း(၃၇/၅ မိုင်)၊ မင်းတပ်-မတူပီလမ်း(၁၀၂/၀ မိုင်)၊ ဂန့်ဂေါ-ဟားခါးလမ်း (ချင်းပြည်နယ် ၇၃/၅ မိုင်)၊ ဟားခါး-ထန်တလန်-စာဆီချောက် လမ်း (၆၅/၂မိုင်)၊ ဟားခါး-ဟာသာ-မှန်တော လမ်း (၆၃/၄မိုင်)တို့ကိုလည်း အဆင်မြှင့်တင် ခြင်းလုပ်ငန်းများ ချင်းပြည်နယ် လမ်း ဦးစီးဌာနက ဆောင်ရွက်လျက်ရှိပါသည်။ ချင်း ပြည်နယ်နှင့် တိုင်းဒေသကြီး/ပြည်နယ်များ နှင့် ဆက်သွယ်သည့်လမ်းများ တိုးတက် ကောင်းမွန်လာခြင်းကြောင့် ချင်းပြည်နယ် ရှိ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွား ဘဝများ တိုးတက်မြင့်မားလာတော့မည် ဖြစ်ပါသည်။

 

(ဆက်လက်ဖော်ပြပါမည်)