မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ အသိပေးခြင်း

 

၁။    ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ- 
    (က)    မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါ ကြောင့် သေဆုံးမှုကို လျှော့ချရန်၊
    (ခ)    ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကိုတားဆီးရန်၊
    (ဂ)    ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်  နိုင်ငံ့စီးပွားရေး ထိခိုက်မှုကို လျှော့ချနိုင်ရန်တို့ကို    ရည်ရွယ်ချက်များ ထားရှိ၍ ဆောင်ရွက်လျက်ရှိပါသည်။


၂။    ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထု၊ အစိုးရကျန်းမာရေးဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာ ရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊   ပရဟိတဝန်ထမ်းများ၊ ဘိုးဘွားရိပ်သာများမှ  သက်ကြီးရွယ်အိုများ၊   ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့်   အခြားဘာသာရေးအသင်းအဖွဲ့များမှ သာသနာ့ဝန်ထမ်းများ၊   နိုင်ငံ့ဝန်ထမ်းများ၊    ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်၊ တည်းခိုရေးနှင့်   အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းများ၊ အကျဉ်းထောင်/အချုပ်ထောင်မှ   အကျဉ်းသားများ၊ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ဝန်ထမ်းများနှင့် Super Market များနှင့် ဈေးများမှ ဝန်ထမ်းများအား ဦးစားပေးအုပ်စု (၁၂) ခုအဖြစ် သတ်မှတ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပါသည်။


၃။    (၁၄-၉-၂၀၂၁)ရက်နေ့မှစ၍ အောက်ပါဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံပေးလျက်ရှိပါသည်-
    (က)    အသက်(၅၅)နှစ်နှင့်အထက် ပြည်သူလူထု၊
    (ခ)    မသန်စွမ်းသူများ၊
    (ဂ)    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ၊
    (ဃ)    ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထု၊
    (င)    နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ။


၄။    အထက်ပါအုပ်စုများအား ဦးစားပေးအုပ်စုများအဖြစ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံ ပေးရာတွင် ယခင်သတ်မှတ်ထားသည့် ဦးစားပေးအုပ်စု (၁၂) ခုမှ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူ များကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ပါသည်။ အသက် (၅၅) နှစ် မပြည့်သေးသော်လည်း ဦးစားပေးအုပ်စုများတွင် ပါဝင်သူများအားလုံးအား ကာကွယ်ဆေးထိုးနှံပေးပါမည်။


၅။    ထိုသို့ကာကွယ်ဆေးထိုးလုပ်ငန်း    ဆောင်ရွက်ရာတွင်   မြို့ပေါ်ဆေးထိုးစုရပ်များသာမက ကျေးလက်ကျန်းမာရေးဌာနများကို အခြေပြု၍ ကျေးလက်နေပြည်သူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။   ပြည်သူလူထုအနေနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံပြီးသော်လည်း ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန် လိုအပ်ပါသည်။


၆။    မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းအား ကာကွယ်နိုင်ရန်အတွက် ကာကွယ် ဆေးထိုးလွှမ်းခြုံမှု ကောင်းမွန်စေရန် အသက်အုပ်စုအလိုက်နှင့် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးမည်ဖြစ်သောကြောင့် ပြည်သူလူထုမှ ဆေးထိုးစုရပ်များသို့ လာရောက်၍ ကာကွယ် ဆေးထိုးနှံကြရန်၊ ကာကွယ်ဆေးထိုးနှံရန်  လာရောက်သည့်အခါ    နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) သက်သေခံနိုင်သည့် အထောက်အထားတစ်ခုခု ယူလာကြပါရန်၊ ထပ်မံချိန်းဆိုသည့်ရက်တွင် ဒုတိယအကြိမ် ကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံကြရန်၊ အကြောင်းအမျိုးမျိုးကြောင့် သတ်မှတ် ရက်တွင် မထိုးနှံနိုင်ပါက အနီးဆုံးသတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာ   ကာကွယ်ဆေးထိုးစုရပ် များသို့ သွားရောက်၍ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံကြရန်နှင့် ကာကွယ်ဆေး   အကြိမ်ပြည့် ထိုးနှံ ပြီးစီးပါက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပေးသော QR Code ပါသည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးမှတ်တမ်းကတ်ပြားများကို ကောင်းမွန်စွာ သိမ်းဆည်းထားပြီး    ခရီးသွားလာသည့်အခါ (သို့မဟုတ်) လိုအပ်သောအခါ စိစစ်မှုများခံယူနိုင်ရန်အတွက်  ယူဆောင်သွားကြပါရန်   တိုက်တွန်း အပ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန