
ရန်ကုန် စက်တင်ဘာ ၂၄
မြန်မာ့လက်ရွေးစင်အသင်း နှင့် ဟောင်ကောင် လက်ရွေး စင် အသင်းတို့၏ ဒုတိယ ခြေစမ်းပွဲကို စက်တင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲက ဟောင် ကောင်၌ ကျင်းပရာ ဂိုးမရှိ သရေကျခဲ့သည်။
စက်တင်ဘာ ၂၁ ရက်က ကစားသည့် ပထမခြေစမ်းပွဲ ကို ပရိသတ်မပါဘဲ ကွင်းပိတ် ကစားခဲ့သော်လည်း ယနေ့ ကစားသည့် ဒုတိယခြေစမ်းပွဲ ကိုမူ ပရိသတ်များ ကွင်း အတွင်း ဝင်ရောက်ကြည့်ရှု ခွင့်ပြုခဲ့သည်။ မြန်မာအသင်း သည် ပထမပွဲထက် ကစားပုံ ကောင်းမွန်သည်။
မြန်မာ့ လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ် နီဟေးသည် ကျော်ဇင်ဖြိုး (ဂိုး)၊ ကျော်ဇင်လွင်၊ ဟိန်း ဇေယျာလင်း၊ ရဲမင်းသူ၊ ဝေယံဦး၊ အောင်ဝဏ္ဏစိုး၊ အောင်နိုင်ဝင်း၊ လင်းထက်စိုး၊ ရန်နိုင်ဦး၊ ရာဇာအောင်၊ နိုင်ဇင်ထက် တို့ကို ပွဲထွက် လူစာရင်းတွင် အသုံးပြုခဲ့ပြီး စက်တင်ဘာ ၂၁ ရက်က ကစားသည့် ပထမခြေစမ်းပွဲ မှ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ် ခဲ့သည်။ ပထမပိုင်းတွင် အိမ်ရှင်ဟောင်ကောင်အသင်း က ခြေအသာဖြင့် ဖိကစား နိုင်သော်လည်း မြန်မာခံစစ် အမှားနည်းခြင်း တို့ကြောင့် ပထမပိုင်းတွင် ဂိုးမရှိသရေ ကျနေသည်။ မြန်မာအသင်း သည် ဒုတိယပိုင်းတွင် ပထမ ပိုင်းထက် ကစားပုံပိုကောင်း လာသလို ဂိုးသွင်းခွင့်များ ဖန်တီးနိုင်သော်လည်း အသုံး မချနိုင်သဖြင့် နစ်နာခဲ့ရကာ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။
မြန်မာ အသင်းသည် စက်တင်ဘာလ နိုင်ငံတကာ ရက်သတ္တပတ်တွင် ဟောင် ကောင် လက်ရွေးစင်အသင်း နှင့် ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ ရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့် ခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် အန်တွမ် နီဟေးသည် ယခုနှစ်ကုန် ပိုင်းတွင် ယှဉ်ပြိုင်ရမည့် AFF Cup 2022 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေ ဖြင့် ပြည်ပကလပ်များတွင် ကစားနေသူများကို မရွေး ချယ်ဘဲ ပြည်တွင်းလိဂ်တွင် ခြေစွမ်းပြနေသူများဖြင့်သာ ယှဉ်ပြိုင်ခဲ့သည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ယခုခြေစမ်းပွဲတွင် ရလဒ်ပိုင်း ထက် ကစားသမားသစ်များ ၏ ခြေစွမ်းကို အဓိက စမ်းသပ်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်