မြန်မာ့ပညာရေးစာပေ(၁၀)

Type
1

 

မောင်ခင်မင်(ဓနုဖြူ)

 

“ဆယ့်နှစ်ရာသီပွဲတော်တွေ ရှိတယ်မဟုတ် လား။  တန်ခူးလသင်္ကြန်ပွဲကစပြီး    တပေါင်းလ သဲပုံစေတီပွဲအထိလေ”
“သမီးသိပါတယ် ဘဘ”
“အဲဒီလိုဆိုရင် နယုန်လမှာ  ကျင်းပတဲ့ပွဲက ဘာပွဲလဲ ပြောပြပါအုံး”


“ဟုတ်ကဲ့။ နယုန်လမှာ စာပြန်ပွဲကျင်းပပါတယ် ဘဘ”


“ဟုတ်တယ်။  စာပြန်ပွဲဆိုတာ   စာသင်သား ရဟန်းတွေ၊ သာမ‌ဏေတွေ၊  စာသင်သားလူငယ် တွေက  သင်ယူထားတဲ့   ပိဋကတ်စာပေတွေကို ပြန်ဆိုရတဲ့   ပွဲပေါ့ကွယ်။   ခုခေတ်ဆိုရင်တော့ စာမေးပွဲပေါ့၊ မင်းညီမင်းသားတွေလဲ ပထမကြီး၊ ပထမလတ်၊ ပထမငယ်နှင့် စာပြန်ပွဲတွေမှာ ဝင်ပြီး စာပြန်ကြတဲ့အကြောင်း ရာဇဝင်ကျမ်းတွေမှာပါ တယ်။  ဆရာတော်ကြီးတွေက   ကြီးကြပ်စစ်မေး ရတာပေါ့”
“ ဟုတ်ကဲ့ပါ ”


“အဲဒီလို ဘုန်းတော်ကြီးကျောင်း   ပညာရေး အစဉ်အလာနဲ့အညီ ပညာရေးစာပေအမျိုးမျိုးလဲ ခေတ်အဆက်ဆက် ပေါ်ပေါက်ခဲ့တာပေါ့။ ဒါဆိုရင် သမီးဆက်ပြီးလေ့လာလို့ရလောက်ပါပြီ။ လေ့လာ ဖို့ စာအုပ်စာတမ်းတွေ ဘဘဆီမှာလဲ ရှိပါတယ်။ ရှာပေးမှာပေါ့”
“ဟုတ်ကဲ့ပါ ဘဘ။ ဒါဆိုရင် လောကနီတိလို စာမျိုးတွေ အများကြီးရှိအုံးမှာပေါ့နော် ဘဘ”


“ရှိတာပေါ့ကွယ်။   ထင်ရှားတာ   တစ်ခုပြော ရရင် ကုန်းဘောင်ခေတ်က စာတော်ပြင်ဆရာကြီး ဦးပညာရေးတဲ့ သားရွှေဥဆုံးမစာဆိုတာ တော်တော် ထင်ရှားတယ်။   စာစပြီးသင်တဲ့အခါ    လက်‌ရေး လှဖို့ကစပြီး   လမ်းညွှန်ထားတာတွေ    ရှိတယ်။ ‘လက်ရေး  ကောင်းက၊    စာကြောင်းဖြောင့်မတ်၊ အသက်အတင်၊ အငင်အဆွဲ၊ ညီညွတ်မြဲတည့်၊ စိန်ရွဲ အကယ်၊ စီသောနှယ်သို့၊ ရှုဖွယ်လှလွန်းစက်လိုဝန်း-’ တဲ့။   စာရေးရင်   စာကြောင်းဖြောင့်‌‌ဖြောင့်  ရေးဖို့။ အသက်အတင်   အငင်အဆွဲဆိုတဲ့    ရေးဆွဲပုံတွေ မှန်ကန်ဖို့၊ စာလုံးလေးတွေက စိန်ရွဲလုံးကလေးတွေ စီထားသလို ဝန်းဝိုင်းနေဖို့   လမ်းညွှန်ထားတာပေါ့ ကွယ်။ သမီးတို့ဆိုဖူးတဲ့ ‘ဝ- ဝကလေးဝိုင်းဝိုင်းရေး’ ဆိုတာမျိုးပေါ့”


“ဟုတ်ကဲ့ပါ ဘဘ”


“ပြီး‌တော့   စာရေးတဲ့အခါ   သတ်ပုံသတ်ညွှန်း မှန်ကန်ဖို့၊ သင်ပုန်းပေါ်မှာ ကံ့ကူဆန်နဲ့ မျဉ်းသားတာ ကစပြီး  ရေးပုံသားပုံတွေ   အသေးစိတ်ညွှန်ပြထား တယ်လေ”
“သမီးလေ့လာပါ့မယ် ဘဘ”


“ဪ ၊ တစ်ခုပြောရအုံးမယ်။ ရှေးက ပညာသင် တဲ့အခါ အဋ္ဌာရသ  ၁၈  ပါးကို   သင်ကြားတယ်လို့ စာတွေထဲမှာ ပါတယ်မဟုတ်လား။ မင်းညီမင်းသား တွေကို    ဒိသာပါမောက္ခဆရာကြီးက   အဋ္ဌာရသ  ၁၈ ပါး သင်ကြားပေးတယ်ဆိုတာလေ”
“ဟုတ်ပါတယ် ဘဘ”


“ဗုဒ္ဓစာပေတွေမှာ   ဒီပညာရပ်တွေအကြောင်း တွေ့နိုင်တာပေါ့။ ဘဘတို့ပြောခဲ့တဲ့  လောကနီတိ မှာလဲ ‌ဖော်ပြထားတယ်”
“အဋ္ဌာရသ ၁၈   ရပ်လို့ပဲ   သိပြီး   တစ်ခုစီ အသေးစိတ်မသိပါဘူး ဘဘ။ ပြောပြပါ”


“အကြားအမြင်  အတတ်ဆိုတဲ့   အတတ်က စတယ်။ ဗဟုသုတပေါ့။ ပြီးတော့ ဓမ္မသတ်၊ သင်္ချာ၊ လက်သမားအတတ်၊  နီတိကျမ်းအတတ်၊   ယာယီ ယတြာအတတ်၊ ဆောင်းငြင်းကဗျာအလင်္ကာအတတ်၊ လက်ပစ်အတတ်၊  လေးအတတ်၊   စကားဟောင်း အတတ်...တဲ့”
“ဟုတ်ကဲ့”


“ပြီးတော့ ဆေးအတတ်၊ သမိုင်းအတတ်၊ ဗေဒင် အတတ်၊ မာယာအတတ်၊ ဆန်းကျမ်း၊ သံတမန် အတတ်၊ မန္တန်အတတ်၊ သဒ္ဒါကျမ်းအတတ် ဆိုပြီး အတတ် ၁၈ ပါး  ပြထားတယ်။   အဋ္ဌာရသဆိုတာ  ၁၈ ကို ပြောတာလေ”
“တော်တော်စုံတယ်နော် ဘဘ။ လက်ရုံးရည်ရော နှလုံးရည်ရော နှစ်ဖက်စလုံးပါတာပဲ”


“ခုခေတ် သင်ကြားနေတဲ့ ပညာရပ်တွေနဲ့ ညှိယူ ပေါ့ကွယ်။ အဲဒီမှာ သမိုင်းအတတ်ဆိုတာက ပါဠိမှာ ‘ဣတိဟာသ’လို့ ပြတယ်။ ဘာသာပြန်တော့ တချို့က ‘ရယ်ရွှင်ခြင်းအတတ်’လို့ ပြန်ကြတယ်။ ဟာသဖန်တီး တတ်တဲ့ အတတ်ပေါ့။ ဒါပေမဲ့ ဣတိဟာသ ဆိုတာ အရင်ကဖြစ်ခဲ့တဲ့ သမိုင်းဖြစ်ရပ်ကို ရေးသားပြုစုတဲ့ အတတ်လို့  ဘာသာပြန်တာများတယ်။   သမီးပြော သလို လက်ရုံးရည်ပြည့်ဝဖို့ လေးအတတ်လို အတတ် မျိုးပါသလို နှလုံးရည်ပြည့်ဝဖို့မှာ စာပေကျမ်းဂန်တွေ သာမက ကဗျာလင်္ကာ အနုပညာတွေလဲ ပါတယ်။ ယာယီယတြာ ဂါထာမန္တန်အတတ်တွေလဲပါတယ် ဆိုတော့ တော်တော်စုံပါတယ်”


“အသေးစိတ်သိရလို့ ဝမ်းသာပါတယ် ဘဘ”


“ဟုတ်ပြီ။ ရှေ့နည်းနည်းဆက်ရရင်တော့ မြန်မာ နိုင်ငံမှာ  ဘုန်းတော်ကြီးကျောင်းပညာရေးစနစ်နဲ့ သင်ကြားနေရာက ကိုလိုနီခေတ်ရောက်တဲ့အခါကျ တော့ အတန်းကျောင်းပညာရေးစနစ်‌  ပေါ်လာတာ ပေါ့ကွယ်”
“အနောက်တိုင်းပညာရေးစနစ်ပေါ့နော် ဘဘ”


“အခုတော့  တစ်ကမ္ဘာလုံးကျင့်သုံးနေလို့   ကမ္ဘာ့ ပညာရေးစနစ်၊ နိုင်ငံတကာပညာရေးစနစ်လို့ ပြောနိုင် တာပေါ့ကွယ်၊ ဒါနဲ့ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ လဲ အများကြီးရှိပါတယ်”
“ဟုတ်ကဲ့၊ လေ့လာစရာတွေ အများကြီးပါပဲနော်”


“အတန်းကျောင်းပညာရေးစနစ်မှာ   အတန်း လိုက်သင်ဖို့ ဘာသာရပ်ဆိုင်ရာ ပြဋ္ဌာန်းစာအုပ်တွေ ပြုစုရတယ်   မဟုတ်လား။    ပညာရပ်အများစုက အင်္ဂလိပ်ဘာသာနဲ့   ရှိပြီးသားဆိုတော့   အဲဒီ စာအုပ်တွေကို မှီငြမ်းပြီး ပြုစုတာပေါ့။   ဘာသာပြန် တာလဲ  ရှိတာပေါ့။  သမိုင်းတို့၊ သိပ္ပံတို့၊ ပထဝီဝင်တို့ စတဲ့ ဘာသာရပ်တွေပေါ့”


“ဟုတ်ကဲ့ပါ”


“ပြောရအုံးမယ်။ သင်္ချာနဲ့ပတ်သက်လို့ စာအုပ် တစ်အုပ်နာမည်က   ‘အရိသမတိတ်တွက်   ပုံစာ’ တဲ့ ”
“ဟင်၊ အဲဒါ ဘာပါလဲ ဘဘ”
“ဂဏန်းသင်္ချာပေါ့ကွယ်။ Arilk metic ကို အရိသမတိတ်လို့ အသံထွက်ထားတာပေါ့”
“ဟုတ်ကဲ့ပါ”


“ဘဘမူလတန်းအရွယ်က ထူးထူးဆန်းဆန်း စာအုပ်နာမည်တစ်ခုကို   မှတ်မိနေတယ်။   ဘဘ ရေးပြမယ်။ ‘ဂဲဩမေဋရီ’တဲ့” (ရေးပြလိုက်သည်)
“အဲဒါကော၊ ဘာစာအုပ်ပါလဲ ဘဘ”


“ဘဘလဲတွေ့စက   ထူးဆန်းနေတာပေါ့။ အတန်းကြီးလာတော့မှ Geometry ကို အသံလှယ် ထားတာမှန်း သိရတယ်။  နောက်တော့   ‘ဂျီဩ မေတြီ’ လို့ ‌ ရေးကြတယ်။ ပညာမင်းကြီးအဖြစ် ဆောင်ရွက်သွားတဲ့   ဆရာကြီး    ဦးဘိုးသုန်ပြုစု ထားတဲ့ စာအုပ်တွေပေါ့ကွယ်”
“ဟုတ်ကဲ့ပါ”


“နောက် ‘လောကဓာတ်’ဆိုတဲ့ ဘာသာရပ် ရှိတယ်။ အဲဒါက Science ကို ဘာသာပြန်တာလေ။ နောက်တော့ ‘သိပ္ပံ’ပေါ့ကွယ်။ ဘဘတို့ငယ်ငယ်က သိပ္ပံဘာသာရပ်တွေပေါင်းထားတဲ့ ‘အထွေထွေ သိပ္ပံ’ သင်ရတယ်။ General Science လို့ခေါ်တယ်”
“ဟုတ်ကဲ့ပါ”
“အဲဒီ   ဘာသာရပ်တွေအပြင်   မြန်မာစာနဲ့ အင်္ဂလိပ်စာလဲ သင်ရတာပေါ့။ ပထဝီဝင်နဲ့ သမိုင်း လည်း သင်ရတယ်။ မြန်မာစာအတွက် ဖတ်စာအုပ် တွေရယ်၊   သဒ္ဒါစာအုပ်တွေရယ်   ပေါ်ပေါက်လာ တယ်”
“ဪ...ဟုတ်ကဲ့”


“ဖတ်စာကတော့ အင်္ဂလိပ်စာ Reader တွေလို အတန်းလိုက်ဖတ်ဖို့ ပြုစုထားတာပေါ့။ ဆရာကြီး ဦးဖေမောင်တင်တို့၊    ဆရာကြီး   ဦးလင်းတို့၊  ဦးရွှေကြူးတို့   ပြုစုတဲ့   ဖတ်စာတွေထင်ရှားတာ ပေါ့”
“သမီးဖတ်ဖူးပါတယ် ဘဘ”


“အဲ... ပြီးတော့ ကျောင်းတွေမှာ မြန်မာသဒ္ဒါ သင်ဖို့ သဒ္ဒါစာအုပ်တွေလဲ ပြုစုကြတယ်။ ကျောင်း သင်   မြန်မာသဒ္ဒါကို  စပြုစုတဲ့ ပညာရှင်တွေက အနောက်နိုင်ငံသား ပညာရှင်တွေပေါ့။ နောက်တော့ မြန်မာပညာရှင်တွေပြုစုတဲ့ သဒ္ဒါတွေလဲပေါ်လာပြီး ကျောင်းတွေမှာ   သင်ကြတာပေါ့ကွယ်။    ကဲ... ဒီလောက်ခြုံမိလောက်ပါပြီ”