မြန်မာပြည်သူလူထု၏ စိုးရိမ်မှု

 

ယနေ့မြန်မာနိုင်ငံ၏ ပကတိအခြေအနေသည် နိုင်ငံတစ်ဝန်း လုံး အေးချမ်းသာယာနေသည်မဟုတ်။ နိုင်ငံ၏ အစိတ်အပိုင်း အချို့တွင် ပဋိပက္ခများရှိနေသည်။ မတည်မငြိမ်ဖြစ်နေသည်။ မတည်ငြိမ် မအေးချမ်းသည့် ဒေသများတွင် နေထိုင်ကြရသည့်  ဒေသခံပြည်သူများမှာ  မိမိတို့၏  အသက်ခန္ဓာနှင့်  ဓနဥစ္စာ တို့အတွက် စိုးရိမ်ကြောင့်ကြနေရသည်။ ထိတ်လန့်ကြောက်ရွံ့ နေကြရသည်။


ဒေသတစ်ခုတွင်    ပစ်ခတ်တိုက်ခိုက်မှုများ၊     ရင်ဆိုင် တိုက်ပွဲများဖြစ်ပေါ်လာလျှင် ဒေသခံပြည်သူတို့သားဆွဲ၊ သမီး ဆွဲ၊ အထုပ်ကိုယ်စီဆွဲ၍ ဘေးလွတ်ရာစီ ရှောင်ကြ၊ ပြေးကြ ရသည်။ ယာယီခိုလှုံရာနေရာများသို့ရောက်၍ အသက်ဘေးမှ လွတ်ခဲ့ရသော်ငြား နေ့စဉ် စားသောက်နေထိုင်ရေး၊ ကျန်းမာ ရေး၊ လူမှုရေး၊ သားသမီးတို့ပညာရေး၊ ဒေသတွင် ကျန်ရစ်ခဲ့ သည့် အိမ်ရာ ကျွဲ နွား စီးပွားရေးတို့အတွက် ရတက်မအေး ဖြစ်ကြရပြန်သည်။  စတင်ဖြစ်ပွားခဲ့စဉ်က  နှစ်အနည်းငယ် အတွင်း ပြီးဆုံးသွားလိမ့်မည်ဟု ယူဆခဲ့ကြသည့် မိမိတို့နိုင်ငံ ၏ လက်နက်ကိုင်ပဋိပက္ခများမှာ နှစ်ပေါင်း ၇၀ ကျော်၍ ၈၀ တွင်းသို့ ရောက်ရှိလာခဲ့သည့်တိုင် ပြီးဆုံးဖွယ်မမြင်နိုင်သေး။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှု များကို အကြောင်းပြု၍ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်း အလဲတွင် တရားဥပဒေနည်းလမ်းတကျ ဖြေရှင်းရမည့်အစား လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်၍ အလုံးစုံ ပျက်သုဉ်းရေးလမ်းကြောင်းကို မိုက်မဲစွာလျှောက်ကြသော အခါ   မိမိတို့နိုင်ငံမှာ   နောက်ထပ်နွံဗွက်အိုင်တစ်ခုအတွင်း ထပ်မံကျရောက်သွားရပြန်သည်။ ယင်းအတွက် မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ စိုးရိမ်ပူပန်မှုမှာ လက်နက်ကိုင်ပဋိပက္ခ များ အဆုံးမသတ်နိုင်မှာကိုဖြစ်သည်။ ငြိမ်းချမ်းရေးမရတော့ မှာကို ဖြစ်သည်။


မြန်မာနိုင်ငံ    လွတ်လပ်ရေးရပြီးစ   မိမိတို့ဘိုးဘွားများ လက်ထက်က စလာခဲ့သော လက်နက်ကိုင်တိုက်ခိုက်မှုများ မိမိတို့ မျိုးဆက်များအထိ အဆုံးမသတ်နိုင်သေးသည်သာမက အနာဂတ်မျိုးဆက်များအထိ ငြိမ်းချမ်းရေး၏  အရသာကို မခံစားကြရမှာကို မြန်မာပြည်သူလူထုတစ်ရပ်လုံး စိုးရိမ်ကြ  သည်။ လွန်ခဲ့သည့်  သုံးနှစ်ကျော်က  ငြိမ်းချမ်းရေးလိုလားသည့် လူငယ်များစုပေါင်း၍ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းစည်း လုံးလုံး၊   ညီညီညွတ်ညွတ်နှင့်  ငြိမ်းချမ်းစွာနေထိုင်ကြရေး   လှုပ်ရှားမှုတစ်ခုကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်ခဲ့ရာ နိုင်ငံတစ်ဝန်း လုံးရှိ ပြည်သူအားလုံးက တစ်သဘောတည်းရှိခဲ့၊ လက်ခံခဲ့ကြသည်။

မြန်မာနိုင်ငံ၏ မည်သည့်အစိတ်အပိုင်းတွင်မှ မတည်ငြိမ်၊ မအေးချမ်းမှုကို   မလို။   နိုင်ငံတစ်ဝန်းအေးချမ်းသာယာပြီး အခြားကမ္ဘာ့နိုင်ငံများ၊  အိမ်နီးချင်းနိုင်ငံများမှ နိုင်ငံသူ နိုင်ငံ သားများနည်းတူ  မိမိတို့၏  တစ်သက်တာကို  ငြိမ်းချမ်းစွာ ဖြတ်သန်းလိုကြခြင်းဖြစ်သည်။


မြန်မာနိုင်ငံနှင့် အလှမ်းဝေးလှစွာသော အနောက်နိုင်ငံ များနှင့် အနောက်အားကိုးမီဒီယာများမှာ မြန်မာနိုင်ငံအတွင်း ရှိ မြန်မာပြည်သူလူထု၏   စိုးရိမ်မှုကို  ပြောင်းပြန်အမြင်ဖြင့် သဘာဝမကျစွာ  မြင်လျက်ရှိသည်။  ဆူပူသောင်းကျန်းနေ သည့် တိုင်းပျက်ပြည်ပျက်မျိုးတွင် မည်သည့်လူမျိုးမှ မနေချင် သကဲ့သို့ပင် မြန်မာတို့လည်း မနေချင်။ ပစ်ခတ်သတ်ဖြတ်မှု များ၊    မီးတောက်မီးလျှံများနှင့်   အပျက်အစီး  အနိဋ္ဌာရုံ    မြင်ကွင်းများကိုလည်း မမြင်ချင်။ မြန်မာနိုင်ငံတွင် စစ်မီးတောက် လောင်ရေးအတွက် အဝေးမှ သွေးထိုးလှုံ့ဆော်ကာ လေဖြင့် ပင့်ပေးနေမှုများကို ငြိမ်းချမ်းရေးလိုလားသည့် မြန်မာပြည်သူ လူထုတစ်ရပ်လုံး၏ကိုယ်စား  ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချလိုက်ပါကြောင်း။        ။