မြန်မာ့ရိုးရာလှေအဖွဲ့ ပြိုင်ပွဲနှစ်ခုအတွက် ပြင်ဆင်နေ

 

ရန်ကုန်   စက်တင်ဘာ  ၇


မြန်မာ့ရိုးရာလှေအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင်  ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ အားကစားပြိုင်ပွဲနှစ်ခုအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။

 


မြန်မာ့ရိုးရာလှေအဖွဲ့သည်   ၂၀၁၉   ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲပြီး ကတည်းက  နိုင်ငံတကာပြိုင်ပွဲ  ယှဉ်ပြိုင်ရခြင်းမရှိတော့ဘဲ ပြီးခဲ့သည့် (၃၁) ကြိမ်မြောက်   ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း     ရိုးရာလှေ အားကစားနည်း မပါဝင်သဖြင့်  လာမည့်နှစ်မှသာ ပြိုင်ပွဲများ ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်သည်  ကစားသမားများ လေ့ကျင့်မှုပြည့်ဝ စေရန်အတွက် ရိုးရာလှေအားကစားသမားများကို ၂၀၂၁ နှစ်လယ်ပိုင်း ကတည်းက   စခန်းဝင်လေ့ကျင့်စေလျက်ရှိပြီး   ယခုနှစ်ဆန်းပိုင်းက ပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာလှေပြိုင်ပွဲအပြီးတွင် ကစားသမားသစ်များ ထပ်မံအားဖြည့်ရွေးချယ်ခဲ့သည်။

 


မြန်မာ့ရိုးရာလှေအဖွဲ့သည်  လာမည့်နှစ်တွင် အဓိကပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရမည်ဖြစ်ပြီး  မေလတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊   စက်တင်ဘာတွင်   တရုတ်နိုင်ငံ၌ ကျင်းပမည့် (၁၉) ကြိမ်မြောက်  အာရှအားကစားပြိုင်ပွဲတို့ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အောင်မြင်မှုရယူနိုင်ရန်   ပြင်းပြင်းထန်ထန် လေ့ကျင့်လျက်ရှိသည်။  

               

 ရဲရင့်လွင်