
ကိုကျော်စွာ(ကျိုက်ပိ)
မြန်မာ့သနပ်ခါးကို မြန်မာပြည်ရှိ ကလေးများမှစ၍ ဘိုးဘွား၊ မိဘအထိ နှစ်သက်မြတ်နိုးစွာ လိမ်းခြယ်နေကြသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် အမျိုးသားများပင် လိမ်းလေ့ရှိပါသည်။ အထူးသဖြင့်တော့ မြန်မာအမျိုးသမီးတိုင်းက မြန်မာ့သနပ်ခါးကို နှစ်သက်စွာလိမ်းကြပါသည်။ ယခုခေတ်တွင် ခေတ်မီအလှကုန်ပစ္စည်းအမျိုးစုံစွာရှိနေသော်ငြားလည်း မြန်မာ့သနပ်ခါးကိုမူ လွှမ်းမိုးနိုင်စွမ်းမရှိပေ။ မြန်မာနိုင်ငံနေရာဒေသ အနှံ့အပြားတွင် ရိုးရာယဉ်ကျေးမှုမြောက်မြားစွာရှိပါသည်။ အချို့သော ရိုးရာယဉ်ကျေးမှုများသည် ပျောက်ကွယ်လုရှိပြီး၊ အချို့သော ရိုးရာယဉ်ကျေးမှုများသည်ကား ယနေ့အထိ တည်ရှိနေကြပါသည်။
မြန်မာ့ရိုးရာတေးဂီတ အနုပညာယဉ်ကျေးမှု၊ ဘာသာသာသနာ ယဉ်ကျေးမှု၊ ပန်းဆယ်မျိုးဆိုင်ရာ အနုပညာယဉ်ကျေးမှုများ စသည်တို့သည် ယနေ့ခေတ် တိုင်အောင် တည်ရှိနေကြသည်။ သို့သော် အချို့သောရိုးရာယဉ်ကျေးမှုများသည် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လုဖြစ်လာပြီး အဘိုးအဘွားနှင့် အမိအဖ တို့ ပြောပြလေ့ရှိသော အိပ်ရာဝင်ပုံပြင်တစ်ခုအဖြစ်သာ ကျန်တော့သည်။ ထိုရိုးရာယဉ်ကျေးမှုများစွာထဲကမှ မြန်မာအမျိုးသမီးတို့ ယနေ့အထိ နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး တန်ဖိုးထားလျက်ရှိသော ရိုးရာယဉ်ကျေး မှုတစ်ခုရှိပါသည်။ ယင်းကား မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုပင် ဖြစ်ပါသည်။
မြန်မာ့ကျေးလက်နေ လုံမပျိုတို့သည် သနပ်ခါး ကို နေ့စဉ်နေ့တိုင်း လိမ်းလေ့ရှိကြသည်။ နွေရာသီ ကောက်ရိတ်သိမ်းချိန်များဆိုလျှင် နေအပူဒဏ်နှင့် အသားအရေထိခိုက်မှုကို ကာကွယ်သည့်အနေဖြင့် သနပ်ခါးထူထူလိမ်းလျက် ပါးကွက်ကျား ထူထူကွက်ကာ ကောက်ရိတ်ဆင်းကြပါသည်။ မြို့ပြနေအမျိုးသမီးများ သည်လည်း မိတ်ကပ်(Make-up)ကို အောက်ခံထား၍ ပါးပြင်ပေါ်တွင် သနပ်ခါးခပ်ပါးပါးလေး လိမ်းလေ့ရှိပါ သည်။ အိမ်နေရင်းအခါ၌ပင် သနပ်ခါးထူထူ လိမ်းထားတတ်ကြပြန်သည်။ မြန်မာ့ရိုးရာသနပ်ခါးသည် မြန်မာအမျိုးသမီးများအနေဖြင့် တောရော မြို့ပါနှစ်သက် မြတ်နိုးစွာ လိမ်းလေ့ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခု ပင် ဖြစ်ပါသည်။
မြန်မာ့ရိုးရာသနပ်ခါး၏ အမည်နှင့်အမျိုးအစား
မြန်မာ့သနပ်ခါးသည် “သနခါ”ဟူသော စကားမှ ဆင်းသက်လာပြီး “သန”ဆိုသည်မှာ မြန်မာ့အဘိဓာန် တွင် “မသန့်မရှင်းဖြစ်သည်။ ယုတ်ညံ့သွားသည် ”ဟုဆို ပါသည်။ “ခါ” ကမူ “စွန့်ထုတ်ခြင်း”ဟု အဓိပ္ပာယ်ရ ပါသည်။ ထို့ကြောင့် “သနခါ” ဟူသည် မကောင်းသော အညစ်အကြေးများကို စွန့်ထုတ်ပေးသောအရာပင် ဖြစ်ပါသည်။ သနခါမှ ကာလရွေ့လျားလာ၍ သနပ်ခါး ဟု ပြောင်းလဲလာခြင်းဟု ယူဆနိုင်ပါသည်။ သနပ်ခါး သည် မြန်မာ့နံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာ တစ်မျိုး ဖြစ်သည်။ မာလာအောင်(ယဉ်ကျေးမှု)၏ ဆောင်းပါးတွင် သနပ်ခါး၏ အမည်နာမနှင့် အမျိုးအစားများကိုခွဲခြားဖော်ပြထားသည်ကိုလည်း တွေ့ရပါသည်။ အနည်းငယ် ထုတ်နုတ်ဖော်ပြပါမည်။
(၁)မြန်မာအမည်-သနပ်ခါး(tha nap kha)
(၂)အင်္ဂလိပ်အမည်- Chinese Box Tree
(၃)မျိုးရင်း- - Rutaceac
(၄)မျိုးစု- - Limonia
(၅)မျိုးစိတ်- - Acidissima
(၆)သိပ္ပံအမည်- - Naringi Crenulata (Robx)စသည့်တို့
ဖြစ်ပါသည်။
မြန်မာ့ရိုးရာသနပ်ခါးသမိုင်း
မြန်မာတို့သနပ်ခါးလိမ်းသည့် ရိုးရာယဉ်ကျေးမှု ဓလေ့သည် အေဒီ ၅ ရာစုမှ အေဒီ ၉ ရာစုအတွင်း စတင် ထွန်းကားခဲ့ပြီး ပျူခေတ်ကတည်းက သနပ်ခါးကို နှစ်သက်စွဲလမ်းစွာ အသုံးပြုလာကြသည်ဟု ယူဆကြပါ သည်။ မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှုနှင့် ပတ်သက်၍ အေဒီ ၁၁ ရာစု၌ ပုဂံရှိ နဂါးရုံဘုရားနှင့် အပ္ပါယ်ရတနာ ဘုရားရှိ နံရံဆေးရေးပန်းချီကားများတွင် သနပ်ခါးနှင့် ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့်အလှဆင်နေ သည့် မိန်းမပျိုပုံများကို တွေ့ရသောကြောင့် ပုဂံခေတ်တွင်လည်း မြန်မာမိန်းမပျိုတို့သည် သနပ်ခါးဖြင့် အလှဆင်လိမ်းခြယ်ကြကြောင်း သိနိုင်ပါသည်။
ဒါ့အပြင် ပခန်းသားတို့၏ ပါးစပ်ရာဇဝင်ကိုလည်း ဖော်ပြပါဦးမည်။ အလောင်းစည်သူမင်းကြီးသည် ဖောင် စကြာဖြင့် တိုင်းခန်းလှည့်လည်စဉ်အခါက ပခုက္ကူခရိုင် ပခန်းကြီးမြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာ ရှင်မတောင် အနီးရှိ တောင်နီတောင်၊ အချို့က နောင်နီ တောင်ဟု ရေးသားကြသည်။ ထိုတောင်နီတောင်အနီးသို့ ရောက်သောအခါ မိဖုရားကြီး အသုံးပြုသော သနပ်ခါး အစ်(အလွန်မွှေးကြိုင်သော သနပ်ခါးအရည် ထည့်ထား သောကွမ်းအစ်)သည် တိမ်းမှောက်သွားသဖြင့် အဆိုပါ ရှင်မတောင်ဒေသ တစ်ဝိုက်တွင် ပေါက်သောသနပ်ခါးသည် အခြားသော ဒေသထွက်သနပ်ခါးထက် ပို၍မွှေးကြိုင် သည်ဟု ယူဆကြပါသည်။ ဤကား ပခန်းသားတို့၏ ပါးစပ်ရာဇဝင်ပင် ဖြစ်ပါသည်။
ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော် ဓာတုကလျာမင်းသမီးအမည်ပါသော ကျောက်ပျဉ်ကို ပဲခူးရွှေမော်ဓော စေတီ၌ တွေ့ရသည်ဟု ဆိုသောကြောင့် တောင်ငူခေတ်မှာ လည်း သနပ်ခါးလိမ်းခြယ်မှု တွင်ကျယ်နေကြောင်း သိနိုင် သည်။ ဒါ့အပြင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်တွင်လည်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်အပိုင် ဧရာဝတီမြစ်အနောက်ဘက် သီဟတောဘုရား၏ တောင် ဘက် နှစ်မိုင်ခန့်လောက်ရှိ ကပွတ်ဟုခေါ်သော ရွာတွင် နန်းတော်သုံး တော်ဝင်သနပ်ခါးထွက်ရှိကြောင်း မှတ်သားရ ပါသည်။ မြန်မာ့သနပ်ခါးသည် သမိုင်းအဆက်ဆက်မှ ယနေ့တိုင်အောင် တည်ရှိနေသော မြန်မာ့ရိုးရာယဉ်ကျေးမှု စစ်စစ် ဖြစ်ပါသည်။ ကဗျာစာပေထဲက မြန်မာ့ရိုးရာသနပ်ခါး မြန်မာ့သနပ်ခါးသည် ခေတ်သမိုင်းအဆက်ဆက် တည်ရှိခဲ့ သလို မြန်မာစာပေများတွင်လည်း မှတ်တမ်းတင် ရေးဖွဲ့ခဲ့ သည်ကို တွေ့ရပါသည်။ သက္ကရာဇ် ၇၄၅ ခုနှစ် ရာဇာဓိရာဇ် မင်းသားသည် မင်းသားဘဝနှင့် ဒဂုံသို့ချီတက်ရာတွင် ကြင်သူသက်ထားထံသို့ ရေးပို့ခဲ့သော သုံးထောင့်အိုင်ချင်း တွင် ဤသို့စပ်ဆိုထားပါသည်။ “သနပ်ခါး ကျောက်ပြင်ပေါ် တွင်၊ သောက်တော်ရေနှင့် ရောသွေးပါလျှင်၊ နံ့သာအပေါ် ကျဲတတ်တယ်”ဟုလည်းကောင်း၊ သက္ကရာဇ် ၈၅၅ ခုနှစ် အင်းဝခေတ် ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာ ရဋ္ဌသာရ ရေးစပ်ခဲ့သော ဘူရိဒတ်ဇာတ်ပေါင်းပျို့တွင် “ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင်လေး၊ ဖြေးဖြေးသွေး၍၊ နံ့မွှေးတသုံလိမ်း လင့်ကုန်”ဟူ၍ အင်းဝခေတ်တွင်လည်း မြန်မာ့သနပ်ခါးကို စုံစုံမက်မက် လိမ်းလျက်ရှိကြောင်း သိနိုင်ပါသည်။
ဒါ့အပြင် အမည်မသိရှေးစာဆိုတစ်ဦး ရေးဖွဲ့ခဲ့သော ဟန်ချင်းတစ်ပုဒ်တွင် “သနပ်ခါးကွက် ပါးမှာကူ၊ ရွှေမိုင်း သူတော့်၊ ကျုပ်အလှဆုံး” ဟုလည်းကောင်း၊ နန်းတော် ရှေ့ဆရာတင်ကလည်း “ရွှေဘိုသနပ်ခါး” သီချင်းတွင် “ရွှေဘိုသနပ်ခါးတုံးများ၊ ရန်ကုန်လိမ်းဖို့ယူ၊ ဘယ်လိုအသား မဲမဲ၊ ဝါဝါညက်ညက်ဖြူ၊ ပုစွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေးမြို့တော်သူ၊ ရွှေဘိုသနပ်ခါးလိမ်းကြရင်ဖြင့် စိမ်းစိမ်းညက်ညက်ဖြူ”ဟု ရေးဖွဲ့ထားသောကြောင့် မြန်မာ့ သနပ်ခါးသည် အသားမည်းသူကိုပင် အသားဖြူ၍ လှပစေပါ သည်။
နောက်ထပ်သနပ်ခါးနှင့် ပတ်သက်၍ ရှေးခေတ်ဆန်ဖွပ် တေးတစ်ပုဒ်တွင် “ရွှေနံ့သာခေါက်ကိုလ၊ ကျောက်ပျဉ်မှာ အသာတင်၊ ခန်းခွင်မှာသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ဆံတို လေးရယ်၊ ပိန်းရိုက်စို့လေး”ဟု လည်းကောင်း၊ ဦးကြီး၏ လေပြေငယ်သုတ်ပါလို့ အစချီထားသောကဗျာတွင် “ညဉ့်ချမ်းရယ်နေရီ၊ ချိန်တော်မီ၊ ကေသီပန်းနှင့် ရေခပ်လမ်း မှာ၊ စခန်းသင့်လို့၊ ထက်ဆင့်နီရောင်ချည်စိမ်းပေါင်းနှင့်၊ ယဉ်အောင်တောသူ၊ သနပ်ခါးကိုလ ကွက်ပါးမှာကူ”ဟူ၍ လည်းကောင်း ရေးဖွဲ့ထားပါသည်။ ကျေးတောရွာရှိလူပျိုလူရွယ်လေးများ၏ လှောင်ပြောင်လေ့ရှိတဲ့ “သနပ်ခါးလေး ဘဲကျားရိုက်၊ ဟိုကောင်မလေး ငါနဲ့ကြိုက်”ဟူသော စကားထာလိုလို ဝေါဟာရကို ကြည့်ခြင်းအားဖြင့် မြန်မာ မိန်းကလေးများနှင့် မြန်မာ့သနပ်ခါးသည် ခွဲခြား၍မရနိုင် လောက်အောင်ပင် ရိုးရာယဉ်ကျေးမှုအရ ဆက်စပ်လျက်ရှိ ပြန်ပါသည်။
ဆေးဖက်ဝင် မြန်မာ့ရိုးရာသနပ်ခါး
သနပ်ခါးသည် အမြင့်ပေ ၂၀-၃၀ အထိမြင့်သော ပင်လတ် မျိုးဖြစ်ပြီး ပင်စည်နှင့် အကိုင်းအခက်များမှာ ၁၊ ၂ လက်မမှ ၁လက်မအထိ ရှည်လျားချွန်ထက်သော မာကျောသည့် ဆူးများရှိသည်ဟု ဆိုပါသည်။ တန်ခူးလနှင့် ကဆုန်လများတွင် ရနံ့သင်းသော အပွင့်များအဆုပ်လိုက် ပွင့်သည်ဟုလည်း သိရပါသည်။ အသီးမှာ အဝါနုရောင် ဖျော့ဖျော့ဖြစ်၍ ချဉ်သည်ဟု သိရသည်။ ဝါခေါင်လနှင့် တော်သလင်းလများမှာ ရင့်မှည့်လေ့ရှိပြီး ငရုတ်ကောင်းစေ့ ခန့်ရှိသည်ဟု သိရပါသည်။
မြန်မာ့သနပ်ခါးသည် ဆေးဖက်ဝင်သော အပင် ဖြစ်ပါသည်။ မြန်မာ့ဆေးကျမ်းများအရ သနပ်ခါးသည် ပူ၏။ သွေးကိုကြွစေ၏။ ပူခါးချုပ်ပွင့်ဖြစ်၏။ ငန်းကိုနိုင်စေ ၏။ အပူနာနှင့် အအေးနာနှစ်မျိုးလုံးအတွက် သုံးနိုင်၏။ အရွက်၊ အသီး၊ ပင်စည်နှင့် အမြစ်အားလုံး ဆေးအဖြစ် အသုံးပြုနိုင် ကြောင်း သိရသည်။
အရွက်ကိုမူ ဝက်ရူးပြန်ရောဂါဆေး ဖော်စပ်ရာ တွင်လည်းကောင်း၊ အနာကြီးရောဂါသည်များအတွက် အရွက်ကို ပြုတ်၍ရေချိုးပေးခြင်းဖြင့် လည်းကောင်း၊ အရွက်ပြုတ်ရည်ကို ဆားများများထည့်၍ သောက်ပါက ငှက်ဖျားရောဂါကို ပျောက်ကင်းနိုင်ပါသည်။ အသီးကိုမူ အဆိပ်ဖြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေး ဖော်စပ်ရာတွင် လည်းကောင်း၊ ပြင်းထန် သော အဖျားရောဂါများအတွက် ဆေးဖော်စပ်ရာတွင် လည်းကောင်း အသုံးပြုသည်ဟု သိရသည်။
ပင်စည်အပွေးကို သွေး၍ လိမ်းလျှင် နေလောင်ဒဏ် ကို ကာကွယ်ပေးခြင်း၊ ဝက်ခြံအစိုအတွက်မူ သနပ်ခါးတုံး ကို သွေး၍ သံပရာရည်ထည့်ကာ လိမ်းပေးပါက ဝက်ခြံ အစို ပျောက်ကင်းနိုင်ကြောင်းနှင့် အပူလောင် ဒဏ်ရာ များအတွက် သနပ်ခါးထူထူလိမ်းအုံပေးပါက မူလ အသားအရေအတိုင်း ပြန်ရရှိနိုင်ကြောင်း မှတ်သားရပါ သည်။ အမြစ်ကို ဝမ်းနုတ်ဆေးနှင့်၊ ချွေးထုတ်ဆေး ဖော်စပ်ရာတွင် ထည့်သုံး လေ့ရှိပါသည်။ အမြစ်ကိုသွေး၍ နနွင်းမှုန့်နှင့် ရောသောက်ပါ က မီးယပ်ရောဂါသည်များသွေးသားမှန်ကန်စေသည်ဟုသိရသည်။ ဆားနှင့်ရော၍ သွေးသောက်ပါက အညောင်းအညာ ပျောက်ကင်းစေ သည်ဟုလည်း သိရပါသည်။ အခြား ပျောက်ကင်းနိုင်သော ရောဂါများစွာလည်း ရှိပါသေးသည်။ အနည်းငယ်မျှ ဖော်ပြခြင်းသာ ဖြစ်ပါသည်။
ဆယ့်နှစ်လရာသီအလိုက် သနပ်ခါးပွဲတော်များ
“နှာရည်စိုရွှဲ တပို့တွဲ”ဟု ဆိုသကဲ့သို့ပင် တပို့တွဲလ သည် လတကာတို့တွင် အအေးဆုံးဖြစ်ပါသည်။ အအေးဓာတ် လွန်ကဲသောကြောင့် မြတ်စွာဘုရားရှင် သည်ပင် အနွေးဓာတ်ရရှိစေရန် လက်တော်ကို မီးကင် တော်မူကြောင်း မှတ်သားခဲ့ရပါသည်။ ဤသည်ကို အစွဲပြု ၍ တပို့တွဲလတွင် သနပ်ခါးထွက်သော အညာဒေသများ၌ သနပ်ခါးအကိုင်းအခက်များ၊ သနပ်ခါးတုံးများအပြင် နံ့သာဖြူ၊ နံ့သာနီများဖြင့် ရောနှောမီးရှို့၍ တပို့တွဲ လပြည့်နေ့ အခါသမယတွင် မြတ်စွာဘုရားရှင်အား ပူဇော်လေ့ရှိကြပါသည်။ ဒါကြောင့်မို့ တပို့တွဲလကို “မီးပုံ လှူပွဲ တပို့တွဲ”ဟု ခေါ်ဆိုလေ့ရှိပါသည်။ ထို့ကြောင့် တပို့တွဲလပြည့်နေ့ကိုပင် မြန်မာ့သနပ်ခါးနေ့ အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။
ယောမြို့နယ်တွင်မူ သီတင်းကျွတ်လပြည့်နေ့တွင် အပျိုလူပျိုများသည် သနပ်ခါးပွဲတော်ကို ပျော်ပွဲရွှင်ပွဲ တစ်ခုအဖြစ် ကျင်းပလေ့ရှိပါသည်။ ဘုန်းကြီးပျံပွဲများ တွင်လည်း အန္တိမဈာပနကို သင်္ဂြိုဟ်ရာတွင် သနပ်ခါးတုံး များကို မီးရှို့၍ ပူဇော်လေ့ရှိကြသည်။ ရခိုင်ပြည်နယ်တွင် လည်း နှစ်စဉ် သင်္ကြန်အကြိုနေ့တွင် နံ့သာသွေးပွဲကို ဆင်နွှဲလေ့ရှိကြောင်း သိရပါသည်။
ဒါ့အပြင် ၁၂ လရာသီအလိုက် မြန်မာ့သနပ်ခါးပွဲတော် များရှိကြောင်းကို မာလာအောင် (ယဉ်ကျေးမှု) ၏ ဆောင်းပါးကို ကိုးကားဖော်ပြချင်ပါသည်။ သနပ်ခါးပွဲတော် များသည် ၁၂ ရာသီရှိသည့်အနက် ရာသီအလိုက်၊ နေရာ ဒေသအသီးသီးအလိုက် သနပ်ခါးပွဲတော်များကို ကျင်းပလေ့ရှိပါသည်။ တပို့တွဲလမှ တန်ခူးလအထိမင်းဘူး မန်းရွှေစက်တော် ဘုရားပွဲတွင်လည်းကောင်း၊ ကဆုန် လတွင် မကွေးတိုင်းဒေသကြီး စလင်းမြို့ရှိ ရွှေပြည်အေး ဘုရားပွဲတွင် လည်းကောင်း၊ နယုန်လ၌ ပခုက္ကူသီဟိုဠ်ရှင်ဘုရားပွဲတွင်လည်းကောင်း၊ ဝါဆိုလ၌ ပခုက္ကူနှင့် မန္တလေးမြို့ပေါ်ရှိမြို့သာ၊ ဂေါတမ၊ ဆင်စိမ့်နှင့် မအူဘုရား ပွဲများ၊ ဝါခေါင်လ၌ မြင်းမူမြို့ရှိ ရှင်စောလူးဘုရားပွဲ၊ တော်သလင်းလတွင်မူ တံတားဦး ငါန်းဇွန်ဘုရားပွဲ၊ သီတင်းကျွတ်၌ မကွေးမြသလွန်ဘုရားပွဲ၊ တန်ဆောင်မုန်း လတွင် ရွှေစည်းခုံဘုရားပွဲ၊ နတ်တော်လတွင် ကျောက်ပန်း တောင်းရှိ စေတီကြီးဘုရားပွဲနှင့် ပြာသိုလ၌ အာနန္ဒာ ဘုရားပွဲများတွင် လည်းကောင်း သနပ်ခါးပွဲတော်များကို လအလိုက် ကျင်းပလေ့ရှိပါသည်။
နိဂုံးချုပ်အနေဖြင့် ဆိုရပါမူ မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုဟု ဆိုကြပါသည်။ မည်သို့ပင် ဆိုစေကာမူ ခေတ်အဆက်ဆက် သမိုင်း အဆက်ဆက်က တည်ရှိလာခဲ့သော မြန်မာ့သနပ်ခါးသည် မြန်မာတို့အတွက် တော့ အဖိုးတန်ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာ့ရိုးရာ ယဉ်ကျေးမှုဖြစ်သလို ကျန်းမာရေးအရသော်လည်း ကောင်း၊ ဆေးဝါးအဖြစ်သော် လည်းကောင်း၊ ဆယ့်နှစ် ရာသီအလိုက်ပွဲတော်များ အဖြစ်သော်လည်းကောင်း သနပ်ခါး၏ အခန်းကဏ္ဍမှာ များလှပေသည်။ ဒါ့ပြင် ကဗျာစာပေဘက်တွင်လည်း မှတ်တမ်းတင်ရလောက် အောင် တန်းဖိုးကြီးမားလှပေသည်။ ဒါ့ကြောင့်မို့ မြန်မာလူမျိုးတို့အတွက် တန်းဖိုးကြီးမားလှ သော မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုကို လက်ဆင့်ကမ်း ထိန်းသိမ်းပါက မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှုသည် ရေရှည်တည်တံ့နေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြ လိုက်ပါသည်။ ။
- Log in to post comments