မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ

================================

နေပြည်တော် အောက်တိုဘာ ၁၃

မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုမက်ဆေ့ပေးပို့၍ ဝမ်းမြောက်စကား ပြောကြားသည်။

ရှေးဦးစွာ မြန်မာ့ရုပ်ရှင် နှစ်(၁၀၀) ပြည့် ဂုဏ်ပြုသီချင်းဖြစ်သည့် “ပုံရိပ်လှလှ မြန်မာ့ရုပ်ရှင်” တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ် သည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်တို့က အခမ်းအနားကို Virtual စနစ်ဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဗီဒီယိုမက်ဆေ့ပေးပို့၍ ဝမ်းမြောက်စကားပြောကြားသည်။ (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဝမ်းမြောက်စကားကို စာမျက်နှာ-၃ တွင် ဖော်ပြထားပါသည်။)

 

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက စည်သူ ဗိုလ်ကလေးတင့်အောင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ရုပ်ရှင် နှစ်(၁၀၀)ပြည့် ပွဲတော်ကြီးအတွက် ဆုပန်လွှာ မေတ္တာစကား ပြောကြားပေးဖို့

 

P ရှေ့ဖုံးမှ

အစည်းအရုံးကြီးက တာဝန်ပေးသည့်အတွက် မိမိပြောဆို မည်ဖြစ်ပါကြောင်း၊ ရုပ်ရှင်ပညာ ကမ္ဘာမှာ စတင်ကတည်းက မရှေးမနှောင်းအချိန်မှာပဲ တစ်နှစ်အတွင်း၊ နှစ်နှစ်အတွင်းမှာ မိမိတို့ မြန်မာနိုင်ငံက ရုပ်ရှင်ပညာကို စတင်နိုင်ခဲ့ပါကြောင်း၊ ဒီတော့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံ၏ ရုပ်ရှင်ပညာ စတင်သည့် နှစ် (၁၀၀) ပြည့်ပါပြီဟု ဟစ်ကြွေး ပြောဆိုနိုင်ပြီဖြစ်ပါကြောင်း၊ ထိုရုပ်ရှင် နှစ် (၁၀၀) ပြည့် ပွဲတော်ကြီးကို ခမ်းခမ်းနားနား၊ သိုက်သိုက်မြိုက်မြိုက် ဆောင်ရွက်ကြဖို့၊ ပျော်ကြဖို့၊ ရွှင်ကြဖို့၊ ပြည်သူပြည်သား များကို ဖျော်ဖြေကြဖို့၊ အထိမ်းအမှတ်ပစ္စည်းလေးများ ရောင်းချဖို့ အစစအရာရာ ပြည်သူနှင့် ရုပ်ရှင်သမားတို့ ပူးတွဲပြီး ဆောင်ရွက်ကြမည်ဟု ရည်မှန်းခဲ့ပါကြောင်း၊ သို့သော်လည်း ကူးစက်တတ်သော ရောဂါဆိုးကြီးက ဝင်လာပြီး ဖျက်ဆီးလိုက်သည့်အတွက် တစ်ကမ္ဘာလုံးသည် ထိုကူးစက်မှုဒဏ်ကို ခံစားရပြီး မိမိတို့လည်း မလွဲမသွေ အစစအရာရာ ခြိုးခြံရသည့်အဖြစ်မျိုး ဖြစ်သွားရပါကြောင်း၊ ထို့ကြောင့် ပွဲတော်ကြီးကို စီစဉ်မည်၊ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ရုပ်ရှင်ပစ္စည်းလေးများ ရောင်းချ မည်၊ ပျော်ကြမည်၊ ရွှင်ကြမည်၊ တေးဂီတအဆို အကများ ဖြင့် လှလှပပ ဆောင်ရွက်ကြမည်ဟု မျှော်မှန်းထားသည့် အထဲမှ ဝမ်းနည်းစွာဖြင့် လက်လျှော့လိုက်ရပါ ကြောင်း၊ ရုပ်ရှင် နှစ် (၁၀၀) ပွဲတော်ကြီးကို တိတိကျကျ ပြည့်စုံသည့်ရက်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါ ကြောင်း၊ နည်းနည်းနှင့် ကျဲကျဲ ဝိုင်းပြီးတော့သာ ဆောင်ရွက်ရပါမည်ဆိုသည့်အကြောင်းကို ပြည်သူ ပြည်သားများ သိရှိရန်အတွက် ပန်ကြားအစီရင်ခံရပါ ကြောင်း။

သို့သော်လည်း မိမိတို့ အားမလျှော့သေးပါကြောင်း၊ ရုပ်ရှင် နှစ် (၁၀၀) ပြည့်ကို ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ လမှာ ပြည့်စုံတယ်ဆိုပေမယ့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ အထိအတွင်း နှစ် (၁၀၀) အတွင်းပဲ ဖြစ်ပါကြောင်း၊ ဒီနှစ် (၁၀၀) အတွင်းမှာ သင့်မြတ်သည့်အချိန် ၊ ကောင်းမွန် သည့်အချိန်မှာ ထပ်မံကြိုးစားပြီး အကောင်းဆုံးပွဲအဖြစ် ဆောင်ရွက်မည်ဟု ရည်မှန်းပါကြောင်း၊ ၎င်းကို ရုပ်ရှင် ချစ်ကြသည့် ပြည်သူပြည်သားများ သိရှိအောင် ပန်ကြားရ ခြင်းဖြစ်သည့်အပြင် လက်တွေ့လုပ်ကိုင်ကြမည့်၊ ဆောင်ရွက် ကြမည့် ရုပ်ရှင်သမားများကိုလည်း မိမိတို့ အစည်းအရုံးကြီး ကနေ အားပေးအားမြှောက်ပြုလုပ်ပါကြောင်း။

အင်မတန်နှစ်ခြိုက်ကြ

ရုပ်ရှင်သမားများသည် အင်မတန်ဖျော်ဖြေမှု ဝါသနာ ပါသည့်ပုဂ္ဂိုလ်များ ဖြစ်ပါကြောင်း၊ မိမိတို့ တင်ဆက်ပြသ သည့် ရုပ်ရှင်ပွဲလမ်းသဘင်မှာ လူစည်စည်ကားကားနှင့် များပြားလှပါက အင်မတန်နှစ်ခြိုက်ကြသည့် လူစားမျိုး ဖြစ်ပါကြောင်း၊ ယခုလို နည်းနည်းနှင့် ကျဲကျဲ ဝိုင်းရတာ မျိုးမဖြစ်ဘဲ အားပါးတရ ပြည်သူများလည်းပူးပေါင်း၊ ရုပ်ရှင် သမားများကလည်း ပူးပေါင်းပြီး ဝိုင်းဝန်းကြမည်ဆိုလျှင် အင်မတန်စည်ကားသည့် ပွဲတော်ကြီးတစ်ခု ဖြစ်လာလိမ့် မည်ဖြစ်ပါကြောင်း၊ ဒါကြောင့် အားလုံးက နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်း အတိုင်း လိုက်နာပြီး ကူးစက်တတ်သော ရောဂါကြီး အမြန်ဆုံးပျောက်ကင်းသွားအောင် ညီညီညွတ်ညွတ်ဖြင့် ကူညီအားပေးကြပါဟု ပန်ကြားရင်း မေတ္တာရပ်ခံအပ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က ဝမ်းမြောက်စကားပြောကြားရာတွင် ယခုလို ရာပြည့် ပွဲမျိုးဆိုတာ အင်မတန်ကံကောင်းထောက်မမှသာ ကြုံကြိုက် နိုင်တာမျိုးဖြစ်သည့်အတွက် ဒီပွဲကြီးကို ရာပြည့်ဆိုသည့် ဂုဏ်အင်္ဂါနှင့် ထိုက်တန်စွာ တခမ်းတနား၊ စည်ကား သိုက်မြိုက်စွာ ကျင်းပဖို့ အားလုံးက အာသီသရှိခဲ့ကြပါ ကြောင်း၊ ထို့ကြောင့် ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလ ၂၀၁၉ ခုနှစ်ကတည်းကစတင်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဦးဆောင်ပုဂ္ဂိုလ်ကြီးများ အပါအဝင် ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်နှင့် ဆက်စပ်ပတ်သက်သော ဌာနဖြစ်သည့် ပြန်ကြား ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ က တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရာပြည့်အခမ်းအနားများ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကြပါကြောင်း။

ထို့နောက် ရာပြည့်ပွဲတော်ကို နံပါတ် (၁) မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲပေါ်ပေါက်ခဲ့သည့် မြန်မာ့ရုပ်ရှင် နှစ်(၁၀၀)ခရီးကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်၊ (၂) ခေတ်အဆက်ဆက် ထင်ရှားခဲ့ သည့် မြန်မာ့ရုပ်ရှင်ပညာရှင်ကြီးများ၏ အနုပညာနှင့် အတတ်ပညာစွမ်းပကားများကို ရုပ်ရှင်လောကသားများ အားကျအတုယူပြီး မြန်မာ့ရုပ်ရှင်အဆင့်အတန်း မြင့်မားရေး အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်၊ (၃) ရုပ်ရှင် လောကသားများ၏ ညီညွတ်မှုစွမ်းအား၊ အနုပညာဖန်တီးမှု စွမ်းအားများဖြင့် နိုင်ငံနှင့် ပြည်သူအကျိုးကို တိုးမြှင့်ဆောင် ရွက်ရန် ဟူသည့် ရည်ရွယ်ချက်သုံးရပ်ဖြင့် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပါကြောင်း။

၎င်းအပြင် ၁၉၄၇ ခုနှစ်တွင် မြန်မာ့ရုပ်ရှင် ငွေရတုပွဲတော် ကျင်းပစဉ်အခါက အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ချီးမြှင့်ခဲ့သလို ရာပြည့်ပွဲတော်မှာလည်း နိုင်ငံတော်အကြီးအကဲများ ကိုယ်တိုင် တက်ရောက်ချီးမြှင့်စေလိုသည့်ဆန္ဒ ရှိခဲ့ကြပါ ကြောင်း၊ နိုင်ငံတော်အကြီးအကဲများကလည်း အလားတူ ဆန္ဒမျိုးရှိသည့်အတွက် ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် “မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီ”ကို နိုင်ငံတော်သမ္မတရုံးက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ဖွဲ့စည်းပေးခဲ့ပါကြောင်း။

နာယကများအဖြစ် ပါဝင်

ဦးစီးကော်မတီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကကြီး စည်သူ ဗိုလ်ကလေးတင့်အောင်တို့က နာယကများအဖြစ် ပါဝင်ပါ ကြောင်း၊ ကော်မတီဝင်များအဖြစ် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ စသည့် ပုဂ္ဂိုလ်များ ပါဝင်ပါကြောင်း။

တစုတစည်း စီစဉ်တင်ဆက်

ဦးစီးကော်မတီက ဆက်လက်ပြီး ရာပြည့်ပွဲတော်၏ ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန်အတွက် လုပ်ငန်းကော်မတီနှင့် ကဏ္ဍအလိုက် ဆောင်ရွက်မည့် ဆပ်ကော်မတီ ၁၇ ခုတို့ကို ဖွဲ့စည်းပေးခဲ့ပါ ကြောင်း၊ ကော်မတီများအနေဖြင့် မိမိတို့၏ လုပ်ငန်းများကို စတင်ရန် ပြင်ဆင်နေချိန်မှာပဲ ကိုဗစ်- ၁၉ ကပ်ရောဂါ ပေါ်ပေါက်လာပါကြောင်း၊ ကပ်ရောဂါအခြေအနေ အလား အလာတွေကို ခန့်မှန်းရန် မလွယ်ကူသည့်အတွက် ပွဲတော် ကို အတော်အတန် စည်ကားအောင် ကျင်းပမည်လား၊ အကျဉ်းရုံးပြီးလား၊ ဒါမှမဟုတ် စတိလောက် ကျင်းပပြီး နောင်ခြေခင်း လက်ခင်းသာသည့်အခါကျမှ ပွဲကြီးလမ်းကြီး ကျင်းပမည်လားဆိုသည်ကို ဆုံးဖြတ်ရခက်ခဲ့ပါကြောင်း၊ ပွဲတော်ရက် နီးကပ်လာချိန်တွင် ယခုအားလုံးမြင်တွေ့နေရသည့်အခြေအနေမျိုး ဖြစ်နေသည့်အတွက် ဒီကနေ့ အခမ်းအနားကို အများသူငါ အသုံးပြုလာနေသည့် နည်းပညာ များအရ virtual event ပုံစံမျိုးဖြင့် ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ အခမ်းအနား၏ အစိတ်အပိုင်းများကို သီးခြားစီ ဆောင်ရွက်ပြီး ယခုဒီအချိန်တွင် တစုတစည်းတည်း စီစဉ်တင်ဆက်ခြင်း ဖြစ်ပါကြောင်း။

သို့သော် ၎င်းသည် အပြီးမဟုတ်ပါကြောင်း၊ ကိုဗစ်- ၁၉ ရောဂါအန္တရာယ်လျော့ပါး ပျောက်ကွယ်သွားပြီး နောက်တွင် ရုပ်ရှင်လောကသားများ၊ ရုပ်ရှင်ချစ်မြတ်နိုးသူ များ၊ အခြား အခြား သက်ဆိုင်သူ စိတ်ဝင်စားသူများ အုန်းအုန်းကျွက်ကျွက် ပါဝင်ဆင်နွှဲနိုင်သည့် ပွဲတော်ကြီးကို ကျင်းပကြဦးမည်ဖြစ်ပါကြောင်း။

ယခုအချိန်တွင်လည်း ရုပ်ရှင်ရာပြည့်အတွက် ပြုလုပ် ထားမှုသည် virtual event တစ်ခုတည်းမဟုတ်ပါ ကြောင်း၊ ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ရုပ်ရှင် ဇာတ်လမ်းတိုပြိုင်ပွဲ စသည် များကို ကျင်းပနိုင်ခဲ့ပါကြောင်း၊ စာတမ်းဖတ်ပွဲအတွက်လည်း စာတမ်းများ ဖိတ်ခေါ်ထားပါကြောင်း၊ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် တံဆိပ်ခေါင်းကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ အကူအညီဖြင့် ထုတ်ဝေနိုင်ခဲ့ ပါကြောင်း၊ ရုပ်ရှင်ဇာတ်ကား ၁၀၀ ပြသသည့်အစီအစဉ်၊ ရုပ်ရှင်တေးအပုဒ် ၁၀၀ အပတ်စဉ် Live ရိုက်ကူးတင်ဆက် သည့် အစီအစဉ်၊ ရုပ်ရှင်သမိုင်းပြတိုက်နှင့် ပတ်သက်သည့် အစီအစဉ်၊ ရုပ်ရှင်ပညာသည်ကြီးများနှင့် ဆွေးနွေးခန်း အစီအစဉ်တွေ စသည်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရာပြည့်အထိမ်းအမှတ် အမှတ်တရပစ္စည်း ၁၃ မျိုးကိုလည်း ထုတ်လုပ် ရောင်းချပေးနိုင်ခဲ့ပါကြောင်း၊ ဒီအတောအတွင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားဟောင်း ၁၂၈ ကားကို ဒစ်ဂျစ်တယ် စနစ်သို့ ကူးပြောင်းထိန်းသိမ်းပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ရုပ်ရှင်ရာပြည့် အထိမ်းအမှတ် မဂ္ဂဇင်းကိုလည်း စီစဉ်ဆောင် ရွက်နေကြပြီဖြစ်၍ မကြာမီ ပေါ်ထွက်လာဖို့ ရှိပါကြောင်း၊ ယင်းအပြင် ရုပ်ရှင်ချစ်ပရိသတ်များ မြန်မာ့ရုပ်ရှင် ဇာတ်ကားပေါင်းများစွာကို mobile application များမှ တစ်ဆင့် စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှုနိုင်ရန်အတွက် စေတနာရှင် ရုပ်ရှင်၊ ရုပ်သံလုပ်ငန်းရှင်များက online ရုပ်ရှင် ပွဲတော် အစီအစဉ်တစ်ရပ်ကို အားဖြည့်ပါဝင်ပေးထားပါ ကြောင်း။

ယင်းမှာ ကိုဗစ်- ၁၉ ၏ အန္တရာယ်ကို စိုးရိမ်နေကြရ သည့်ကာလတွင် တစ်ဖက်က ရောဂါကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကိုလိုက်နာရင်း ရာပြည့်ပွဲတော်ကို ဖြစ်နိုင်သည့် ပုံသဏ္ဌာန်၊ ဖြစ်နိုင်သည့်နည်းလမ်းများဖြင့် အပြည့်ဝဆုံး ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တင်ပြ ခြင်းဖြစ်ပါကြောင်း၊ ထို့အတွက် ရာပြည့်အခမ်းအနားဖြစ် မြောက်ရေးမှာ ပါဝင်ဆောင်ရွက်နေသူတစ်ဦးအနေဖြင့် ဝမ်းမြောက်မိကြောင်းနှင့် ဝိုင်းဝန်းပါဝင် ဆောင်ရွက်နေကြ သူများ အားလုံးကို ကျေးဇူးတင်ကြောင်း၊ လေးစားချီးကျူးပါ ကြောင်း ပြောကြားလိုပါကြောင်း။

ယင်းနေ့အခမ်းအနားနှင့် ကြုံကြိုက်တုန်းမှာ မြန်မာ့ ရုပ်ရှင်၏ အခြေအနေ၊ အလားအလာများနှင့် စပ်လျဉ်းသည့် မိမိ၏ အမြင်ကို အနည်းငယ်ပြောကြားချင်ပါကြောင်း၊ ဒါက ပြီးခဲ့သည့် (၄) နှစ်ကျော် ကာလအတွင်း ရုပ်ရှင်အစည်း အရုံးလူကြီးများအပါအဝင် ရုပ်ရှင်လောကသားများနှင့် တွဲဖက်ပြီး ရုပ်ရှင်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရင်း တစ်စွန်းတစ်စ သိမြင်လာသည့်အချက်ဖြစ်ပါကြောင်း။

မြန်မာဇာတ်ကားများ ထုတ်လုပ်

မြန်မာ့ရုပ်ရှင်သည် အစဉ်အလာကောင်းများနှင့် စတင်ခဲ့သည်ဟု မိမိမြင်ပါကြောင်း၊ ကမ္ဘာမှာ ရုပ်ရှင်စပေါ်ပြီး နှစ်များစွာ မကြာမီမှာပဲ မြန်မာမှာ ရန်ကုန်မြို့နေလူထုသည် နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများ ကြည့်ရှုခွင့်ရခဲ့ကြကြောင်း၊ လွန်ခဲ့သည့်နှစ် ၁၀၀ ကျော်လောက်ကတည်းက ရန်ကုန် သည် အာရှတိုက်၏ ဆိပ်ကမ်းမြို့ကြီးများ စာရင်းတွင် ပါဝင်သည့် စည်ကားသည့်မြို့ကြီး တစ်မြို့ဖြစ်ပါကြောင်း၊ ကမ္ဘာ့မြို့ကြီးများမှာ ရုပ်ရှင်ရုံများ ပေါ်ပေါက်လာပြီး မရှေးမနှောင်းမှာ ရန်ကုန်မြို့၌ ရုပ်ရှင်ရုံများ ပေါ်လာပါ ကြောင်း၊ တစ်ဖက်မှာ ရုပ်ရှင်စီးပွားရေးလုပ်ငန်းလည်း ထွန်းကားလာပါ ကြောင်း၊ ဒါက နည်းပညာပြောင်းလဲမှုအပေါ် အခြေခံပြီးဖြစ်လာသည့် စီးပွားရေးလှိုင်းဖြစ်တာကြောင့် အံ့ဩစရာမရှိပါကြောင်း၊ သို့သော် အံ့ဩစရာ၊ ချီးကျူးစရာ ဖြစ်သည်မှာ နိုင်ငံခြားရုပ်ရှင်ကားများနှင့် နိုင်ငံခြားသားပိုင် ရုပ်ရှင်လုပ်ငန်းများကြားမှ ထူးချွန်သည့်မြန်မာလူငယ်များ က မြန်မာဇာတ်ကားများ ရိုက်ကူးထုတ်လုပ်လာနိုင်ကြ ခြင်းပင် ဖြစ်ပါကြောင်း။

မှေးမှိန်သွားခြင်းမရှိခဲ့

၁၉၂၀ ပြည့်နှစ်တွင် ပထမဆုံးမြန်မာဇာတ်ကား ဖြစ်သည့် မေတ္တာနှင့်သူရာ ဇာတ်ကား ထွက်လာပါကြောင်း၊ ၎င်းနောက် ဆက်တိုက်ပင် မြန်မာဇာတ်ကားများ အများ အပြား ပေါ်လာပါကြောင်း၊ မြန်မာပိုင်ရုပ်ရှင်ကုမ္ပဏီများ ပေါ်လာကြောင်း၊ ပြီးနောက် စစ်မဖြစ်ခင် ၁၉၃၅ ခုနှစ်မှာ မြန်မာများ ဂျပန်ပြည်သွားပြီး ဂျပန့်ရင်သွေး ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပါကြောင်း၊ အဲဒီကာလရော အဲဒီနောက်ပိုင်း တွေမှာပါ ရန်ကုန်၊ မန္တလေးအပါအဝင် မြန်မာနိုင်ငံအနှံ့ အပြားမြို့များမှာ နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ လွတ်လွတ်ကျွတ်ကျွတ် ပြသနေခဲ့တာဖြစ်ပါကြောင်း၊ သို့သော် နိုင်ငံခြားရုပ်ရှင်ဇာတ်ကားများ အဲဒီလောက် ပေါပေါများများ ပြသနေသည့်ကြားထဲမှ မြန်မာ့ရုပ်ရှင်ကား များနှင့် မြန်မာ့ရုပ်ရှင်အနုပညာရှင်များရော မြန်မာ့ရုပ်ရှင် လုပ်ငန်းသည်ပါ မှေးမှိန်သွားခြင်းမရှိခဲ့ပါကြောင်း၊ မြန်မာ ပရိသတ်များ နှုတ်ဖျားမှာ မြန်မာဇာတ်ကားများသာ ရေပန်း စားနေခဲ့ပါကြောင်း။

 

သို့ပေမယ့် ပြီးခဲ့သည့်ကာလတစ်ခုမှာ မြန်မာ့ရုပ်ရှင် လုပ်ငန်းကျဆင်းခဲ့သည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ အဲဒါက ရုပ်ရှင်အပါအဝင် စာပေ၊ သဘင်၊ ဂီတ စသည့် အနုပညာအရပ်ရပ်ကို ချုပ်ကိုင်သည့် နိုင်ငံရေးစနစ်ကြောင့် ဖြစ်ပါကြောင်း၊ ထိုကာလမှာ လွတ်လပ်စွာ တီထွင်ဖန်တီး နိုင်မှု အားနည်းခဲ့ကြောင်း၊ အနုပညာ မလွတ်လပ်သလို တစ်ဖက်မှာ တိုင်းပြည်စီးပွားရေးကလည်း ဆုတ်ယုတ် ကျဆင်းခဲ့ပါကြောင်း၊

 

P စာမျက်နှာ ၆ မှ

တိုင်းပြည်ထဲကို အသိပညာသစ်၊ နည်းနာသစ်များ ဝင်မလာကြောင်း၊ ရုပ်ရှင်နှင့်ပတ်သက်လျှင် ရုပ်ရှင်သုံးခေတ်မီစက်ပစ္စည်းကိရိယာများ မဝယ်နိုင်ပါကြောင်း၊ ဖလင်ဝယ်ရန်ပင် အင်မတန်မှခက်ခဲခဲ့ပါကြောင်း၊ ထို့ကြောင့် ရုပ်ရှင်ကားကြီးများ မရိုက်ကူးနိုင်ပါကြောင်း၊ ရုပ်ရှင်ကားမရှိ၍ ရုပ်ရှင်ရုံလုပ်ငန်းလည်း ကျဆင်းသွား ကြောင်း၊ ဒါက ကိုယ်တိုင်ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် ရုပ်ရှင်လောကသားများ အသိဆုံးဖြစ်ပါကြောင်း။

လွတ်လပ်သောအဖွဲ့အစည်း

ပြီးခဲ့သည့်လေးငါးခြောက်နှစ်ကာလမှာတော့ အခြေ အနေတွေ အများကြီး ပြောင်းလဲခဲ့ပါကြောင်း၊ ထို့ကြောင့် ယနေ့ကြည့်မည်ဆိုလျှင်၊ ယနေ့ဆိုသော်လည်း ယနေ့တွင် ကိုဗစ်- ၁၉ ရှိနေသဖြင့် ကိုဗစ်- ၁၉ မဖြစ်မီကာလ ဖြစ်သည့် ဒီနှစ်အစပိုင်း သို့မဟုတ် ၂၀၁၉ ခုနှစ် အကုန်ပိုင်းမှာ ကြည့်မည်ဆိုလျှင် မြန်မာ့ရုပ်ရှင်လောကတွင် ပထမအချက်၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသည် ရုပ်ရှင်လောကသား များ ရွေးကောက်တင်မြှောက်ထားသော အမှုဆောင်လူကြီး များ ဦးဆောင်သည့် လွတ်လပ်သောအဖွဲ့အစည်းကြီးအဖြစ် တည်ရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း။

နှစ်အချက်၊ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်မှုများသည် ပြီးခဲ့သည့် ၄- ၅ နှစ်အတွင်း အရေအတွက်အားဖြင့် အလွန် လျင်မြန်စွာ တိုးတက်ခဲ့ကြောင်း၊ ထို့အတွက် ရုပ်ရှင်ရုံနှင့် ရုပ်ရှင်ကား မမျှတသည့်အနေအထားတစ်ရပ် ပေါ်ပေါက် ခဲ့ကြောင်း၊ သို့သော် ဈေးကွက်သဘောတရားအရ ရုပ်ရှင်ရုံ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့် လုပ်ငန်းရှင်များ ပေါ်ထွက်လာသည့်အတွက် ရုပ်ရှင်ရုံများ တစ်နေ့တခြား တိုးပွားလာနေပါကြောင်း၊ ဒီအတွက် တစ်နှစ်၊ နှစ်နှစ် အတွင်း ရုံနှင့်ကား မျှတသွားနိုင်သည့်အခြေအနေ ရှိနေ ပါကြောင်း။

သုံးအချက်၊ တစ်ဖက်တွင် ရုပ်ရှင်ဖန်တီးမှုအပိုင်းတွင် တိုးတက်ပြောင်းလဲမှုများရှိလာကြောင်း၊ စိတ်ကူးစိတ်သန်း သစ်၊ နည်းပညာသစ်၊ ဖန်တီးမှုအသစ်များ ပေါ်လာကြောင်း၊ လူငယ်လူသစ်များ ဝင်ရောက်လာကြောင်း၊ ရုပ်ရှင်ကို အကောင်းဆုံး၊ အပီပြင်ဆုံး ရိုက်မည်ဆိုသည့် စိတ်ဓာတ်များ ထက်သန်လာနေကြောင်း၊ ထို့ပြင် ရုပ်ရှင်ကား ကောင်း လျှင် ဝင်ငွေကောင်းမည်ဆိုသည့် ယုံကြည်မှုဖြင့် ရုပ်ရှင် လောကထဲ ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမည့်သူများလည်း တိုးပွားလာနေကြောင်း။

ဒါတွေသည် မြန်မာ့ရုပ်ရှင်လောကအတွက် ကောင်းသောအလားအလာများ တည်ရှိနေသည်ကို ပြသနေ သည်ဟု မိမိမြင်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့်ပြောရလျှင် မြန်မာ့ရုပ်ရှင်သည် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သော အခြေခံ အချက်များ ပြည့်စုံလာနေပြီဖြစ်ကြောင်း၊ အောင်မြင်မှု အသီးအပွင့်များ စတင်ခံစားရမည့်အချိန်တွင် ကိုဗစ်- ၁၉ ကြောင့် တုံ့ဆိုင်းရပ်တန့်သွားရခြင်းသာဖြစ်ကြောင်း၊ ဒါပေမယ့် ရောဂါဘေးအန္တရာယ်ကင်းစင်သွားသည့်အချိန် တွင် အရင်ကရှိနှင့်သည့် အခြေခံကောင်းများနှင့် ရုပ်ရှင် အနုပညာသမားတို့၏ စွမ်းပကားများကြောင့် ပြန်လည် တောက်ပထင်ရှားလာလိမ့်မည်ဟု ယုံကြည်ပါကြောင်း မြန်မာ့ရုပ်ရှင်ရာပြည့်အခါသမယတွင် အလေးအနက် ပြောကြားအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဝမ်းမြောက်စကား ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် မြန်မာ့ ရုပ်ရှင် နှစ် (၁၀၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယင်းမှာ မြန်မာ့ရုပ်ရှင်လောကအတွက် ဂုဏ်ယူစရာ မင်္ဂလာရှိသည့် ရက်မြတ်အခါသမယဖြစ်ပါကြောင်း၊ ဤရက်မြတ်အခါ သမယတွင် မြန်မာ့ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင် များအားလုံး မြန်မာ့ရုပ်ရှင်လောကကြီး ပိုမိုဖွံ့ဖြိုးတိုးတက် ရန်အတွက် အားလုံး၏ ကြိုးပမ်းဆောင်ရွက်မှုကို ဂုဏ်ပြု မှတ်တမ်းတင်ပါသည်ဟု ပြောကြားလိုပါကြောင်း၊ မြန်မာ့ ရုပ်ရှင်သည် ပြည်သူလူထု၏ နှလုံးသားထဲတွင် ရှင်သန်နေ သည့် ရုပ်ရှင်ဖြစ်ပါကြောင်း၊ ရုပ်ရှင်သည် အခြား ဂီတ၊ အနုပညာများနှင့် ကြည့်မည်ဆိုလျှင် အရုပ်ရော၊ အသံရော အားလုံးကို ကြားရ၊ မြင်ရပြီး စုစည်းသည့် ပြသမှုတစ်ခုဖြစ်ပါ ကြောင်း၊ ရုပ်ရှင်ကြည့်သည့်နေရာတွင်လည်း အသိုင်း အဝိုင်းနှင့် အစုအစည်းနှင့် ကြည့်ကြရခြင်းဖြစ်သည့်အတွက် ရုပ်ရှင်သည် ပြည်သူများ၏ နှလုံးသားတွင် ပို၍ ခုံမင်စေပါ ကြောင်း။

 

အမြဲတမ်း အမှတ်ရနေစရာရှိ

 

ရုပ်ရှင်ကဏ္ဍအောင်မြင်နိုင်ရန်အတွက် ရုပ်ရှင်လောက ကြီးသည် နှစ် (၁၀၀) ကျော် ရုန်းကန်၊ ဖြတ်သန်းခဲ့ကြရပါ ကြောင်း၊ ထိုရုန်းကန်ဖြတ်သန်းမှုများထဲတွင် အတက်အကျ များ၊ အနိမ့်အမြင့်များ အများကြီးကို ဖြတ်သန်းခဲ့ကြရခြင်း ဖြစ်ပါကြောင်း၊ မြန်မာ့ရုပ်ရှင် ရှင်သန်နိုင်ရန်အတွက် အနု ပညာသမားများ၊ အတတ်ပညာရှင်များ၊ ရုပ်ရှင်လောကသား များက ရုန်းကန်မှုများ၊ အခက်အခဲမြောက်မြားစွာကို ကြုံဆုံ ခဲ့ရသည်ဆိုသည်မှာ မိမိတို့ အမြဲတမ်းအမှတ်ရနေစရာ ရှိပါ ကြောင်း၊ သို့သော် အောင်မြင်သည့် ခေတ်ကာလများ၊ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ရုပ်ရှင်လောက ခေတ်တစ်ခေတ်ကို ရောက်ရန်အတွက်လည်း ကြိုးပမ်းအားထုတ် နေကြသည်ကို မိမိတို့ တွေ့မြင်ရပါကြောင်း၊ ထို့အတွက်လည်း ဝမ်းသာ ပီတိဖြစ်မိပါကြောင်း၊ မြန်မာ့ရုပ်ရှင်လောက ပိုမိုအဆင့်မြင့် အောင်မြင်နိုင်ရန်အတွက် ရုပ်ရှင်လောကတွင် အနုပညာ သမားများ၏ အခန်းကဏ္ဍပိုမိုတိုးတက်လာသလို ရုပ်ရှင်၏ အတတ်ပညာသည်လည်း ကမ္ဘာနှင့် ရင်ပေါင်တန်း တိုးတက် လာနေပြီဖြစ်ပါကြောင်း၊ ထို့အတွက် မြန်မာ့ရုပ်ရှင်လောက နှစ် (၁၀၀) ပြည့်မှသည် နှစ်ပေါင်းများစွာ အောင်မြင်နိုင်ရန် အတွက် ရုပ်ရှင်လောကသားများ၏ ကြိုးပမ်းဆောင်ရွက်မှုကို မိမိတို့ ပြည်သူများက အမြဲတမ်းအမှတ်ရနေမည်ဖြစ်ပါ ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက် အကျိုးပြုနိုင်သည့်၊ ပြည်သူ့ဘဝကို ထင်ဟပ်စေနိုင်ပြီး ပြည်သူများ၏ လူမှု ဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်သည့် ရုပ်ရှင်လောကတစ်ခုဖြစ်ရန် နှစ်ပေါင်း ရာနှင့်၊ ထောင်နှင့်ချီပြီး ရှင်သန်နိုင်သည့် ရုပ်ရှင်လောကကြီး ဖြစ်ရန်အတွက် ရုပ်ရှင်လောကသားများအားလုံး၊ အနုပညာ သည်များအားလုံး၊ အတတ်ပညာရှင်များနှင့် ရုပ်ရှင်ကို အားပေးကြသည့်၊ အနုပညာကို မြတ်နိုးကြသည့် ပြည်သူ ပရိသတ်အားလုံး၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် မြန်မာ့ ရုပ်ရှင်အောင်မြင်တိုးတက်ပါစေကြောင်း နှစ် (၁၀၀) ပြည့် တွင် နှုတ်ခွန်းဆက်သလိုက်ရပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ဝမ်းမြောက်စကား ပြောကြားရာတွင် ယနေ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် မြန်မာ့ ရုပ်ရှင် ပေါ်ထွန်းခဲ့သည်မှာ နှစ် (၁၀၀) သက်တမ်းပြည့်ပြီ ဖြစ်ပါ ကြောင်း၊ မြန်မာ့ရုပ်ရှင် နှစ် (၁၀၀) ပြည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်- ၁၉ ကပ်ရောဂါဘေးကြောင့် ယခုကဲ့သို့ အကျဉ်းချုံး ပြီး ကျင်းပရသည့်အတွက် ရုပ်ရှင်ချစ်သူများကိုယ်စား မြန်မာ့ ရုပ်ရှင်ကို အထူးပင်အားနာမိပါကြောင်း၊ မျက်နှာလည်း ပူမိပါကြောင်း၊ ယူကျုံးမရလည်း ဖြစ်မိပါကြောင်း၊ သို့သော် အားမငယ်စေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင်ကို ချစ်သည့် ပရိသတ်များ များစွာရှိပါသေးကြောင်း၊ ရုပ်ရှင်လောက သားများလည်း များစွာရှိပါသေးကြောင်း၊ ကိုဗစ် - ၁၉ ကပ်ရောဂါကို အတူတူရင်ဆိုင်ကျော်လွှားဖြတ်သန်းကြ မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆုများ ချီးမြှင့်

ထို့နောက် ဆောင်းပါးပြိုင်ပွဲ စီစဉ်ကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအား လည်းကောင်း၊ ရုပ်မြင်သံကြား ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စီစဉ်ကျင်းပခဲ့မှု Video Clip ကို ဖွင့်လှစ်ပြသပြီး ပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့် သည်။ (ဆုရရှိသူများစာရင်းကို သီးခြားဖော်ပြထားပါသည်။)

ဆက်လက်၍ ဆောင်းပါးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ၊ ဇာတ်လမ်းတိုပြိုင်ပွဲများ စီစဉ်ကျင်းပပေးခြင်းအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယက ဒါရိုက်တာ စည်သူ ဦးကြည်စိုးထွန်းအားလည်းကောင်း၊ ရုပ်ရှင်သမိုင်းပြတိုက် စီစဉ်ပြသခြင်း Video Clip ဖွင့်လှစ်ပြသမှုနှင့် ၎င်းအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဒါရိုက်တာ စည်သူ ဦးအောင်မြင့်မြတ်အားလည်းကောင်း၊ ရုပ်ရှင်ဇာတ်ကား (၁၀၀) စီစဉ်ပြသခဲ့မှု Video Clip ဖွင့်လှစ်ပြသခြင်းနှင့် ၎င်းအတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးအား လည်းကောင်း၊ ရုပ်ရှင်ဇာတ်ဝင်တေး (၁၀၀) သီဆိုတင်ဆက် ခဲ့မှု Video Clip ဖွင့်လှစ်ပြသခြင်းနှင့် ၎င်းအတွက် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် Emperor တေးဂီတအဖွဲ့မှ ဦးဇော်ဝင်းထွဋ်တို့အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက စည်သူဗိုလ်ကလေးတင့်အောင်ရေးသားသည့် မြန်မာ့ရုပ်ရှင် ရာပြည့်ဂုဏ်ပြုသီချင်းအား ထုတ်လွှင့်ပြသပြီး အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။

 

ယနေ့ကျင်းပသည့် မြန်မာ့ရုပ်ရှင်ရာပြည့် ဂုဏ်ပြု အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ပေး ထားသည့် စည်းကမ်းချက်များနှင့်အညီ မြန်မာ့ရုပ်မြင် သံကြားက ကြိုတင်ရိုက်ကူးထားသည်ကို ထုတ်လွှင့်ခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပေါင်းစပ်ထုတ်လုပ်ခြင်း စသည် ဖြင့် Virtual စနစ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်