မြန်မာ့သမိုင်းက ပြောပြနေသော မြန်မာ့ရုပ်ရှင်အနုပညာ၏ နှစ်တစ်ရာပြည့်ခရီး အပိုင်း(၃)

Type
၁

ဆောင်းပါး

=======

 

မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အထိမ်းအမှတ်

===========================

 

မြန်မာ့သမိုင်းက ပြောပြနေသော မြန်မာ့ရုပ်ရှင်အနုပညာ၏ နှစ်တစ်ရာပြည့်ခရီး အပိုင်း(၃)

====================================================

 

စန်းနီလာဝင်း

 

မြန်မာ့သမိုင်းကို မှတ်တမ်းတင်သော

မှတ်တမ်းတင်ရုပ်ရှင်ကားများ

မြန်မာတို့၏ ရုပ်ရှင်သမိုင်း စာမျက်နှာအသစ်များကို ဖွင့်လှစ်နိုင်ခဲ့သည်မှာ ယခုဆိုလျှင် နှစ်တစ်ရာတိုင်လာခဲ့ပြီ ဖြစ်ပါသည်။ ခေတ်မီသော လူ့ဘောင်သစ်နယ်ပယ်တွင် လူထုဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်သော “ရုပ်ရှင်” ပေါ်ထွန်းလာခဲ့ပြီးနောက် ခေတ်နှင့်အမီ တွေးခေါ်မြော်မြင် တတ်သော၊ မြန်မာတို့၏ မလျှော့သော ဇွဲလုံ့လဖြင့် အပတ်တကုတ်ကြိုးစားအားထုတ်မှုကြောင့် မြန်မာတို့၏ မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင်လည်း “ရုပ်ရှင်” သည် ရှင်သန်ကြီးထွားလာခဲ့ရာ ယနေ့မြန်မာတို့၏ မြန်မာ့ ရုပ်ရှင်သည် ပြည်တွင်းသာမက ပြည်ပသို့ပါ ထိုးဖောက် ခြေဆန့်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

 

ရုပ်ရှင်လုပ်ငန်းကို အဓိကအားဖြင့်…

(၁) ထုတ်လုပ်မှုအပိုင်း

(၂) ပြသမှုအပိုင်း

ဟူ၍ နှစ်ပိုင်း ခွဲခြားနိုင်ပါသည်။

 

ထုတ်လုပ်မှုအပိုင်းတွင် “ဇာတ်လမ်းရုပ်ရှင်” ထုတ်လုပ်မှုအပိုင်းနှင့် “ဇာတ်လမ်းမဟုတ်သည့် ရုပ်ရှင်” ထုတ်လုပ်မှုအပိုင်းဟူ၍ နှစ်ပိုင်းနှစ်ကဏ္ဍ ခွဲခြားနိုင်ပါ သည်။

 

ဇာတ်လမ်းရုပ်ရှင်ဆိုသည်မှာ ဝတ္ထု၊ ဇာတ်ညွှန်း တို့ဖြင့် သရုပ်ဆောင်များပါဝင်စေပြီး ဇာတ်လမ်းပေါ် မူတည် သရုပ်ဆောင်စေ၍ အခင်းအခက်၊ အဖြေ စသည် တို့ဖြင့် တန်ဆာဆင်ရိုက်ကူးခြင်းဖြင့် ဇာတ်လမ်း အတိမ်အနက်ကို အရှိန်တက်သည်ထက် တက်စေရန် အရှိန်အဟုန်၊ အဆက်အစပ်တို့ကို စုပေါင်းတည်းဖြတ်၊ နောက်ခံတေးသီချင်း၊ တေးဂီတတို့ဖြင့် ပံ့ပိုးကာ အနုပညာ ရသပေါ်လွင်အောင် ဖန်တီးခြင်း ဖြစ်ပါသည်။

ဇာတ်လမ်း ရုပ်ရှင်တွင် ဝတ္ထု၊ ဇာတ်ညွှန်း၊ ရိုက်ညွှန်းတို့ကို အချိန်ယူ ရေးသားပြီး သရုပ်ဆောင်များကို အံဝင်ခွင်ကျစနစ်တကျ ချထားကာ လိုအပ်သလိုညွှန်ပြ၊ ပွဲမဝင်မီ အပြင်တွင် လေ့ကျင့်သရုပ်ဆောင်ကြရသဖြင့် ဖန်တီးသူ ဒါရိုက်တာ ၏ စိတ်ကြိုက်ရရှိသည့်အပြင် သရုပ်ဆောင်မှု မှားယွင်း ချွတ်ချော်သွားပါကလည်း နောက်တစ်ကြိမ် ပြန်လည် ရိုက်ကူးခြင်းများဖြင့် အစားထိုးနိုင်ပါသည်။

 

ဇာတ်လမ်းမဟုတ်သည့် ရုပ်ရှင်ဆိုသည်မှာ ဇာတ်လမ်း ရုပ်ရှင်ကားရိုက်ကူးသကဲ့သို့ စီစဉ်ရိုက်ကူးခြင်း မျိုးမဟုတ်ဘဲ

(၁) သတင်းကား

(၂) မှတ်တမ်းတင်ကား

(၃) ပညာပေးကား

(၄) ဖျော်ဖြေရေးကား

(၅) ခရီးသွား

(၆) သိပ္ပံပညာ

စသည့်အမျိုးအစားများ ဖြစ်ကြသည်။

 

ဖော်ပြပါအမျိုးအစားရုပ်ရှင်များ ရိုက်ကူးထုတ်လုပ် ရာတွင် ဇာတ်လမ်းရုပ်ရှင်ကဲ့သို့ အချိန်ယူ လေ့ကျင့်ရမှုပါ နည်းပါးပြီး ရိုက်ကူးရမည့်အကြောင်းအရာအပေါ်မူတည်၍ လှုပ်ရှားမှုမှန်သမျှကို ရုပ်ရှင်ရှုထောင့်အရ အံဝင်ခွင်ကျ ဖြစ်စေရန် ရိုက်ကူးသူ၏စိတ်ကူးဖြင့် တစ်ပြိုင်တည်း ရိုက်၊ တစ်ပြိုင်တည်း တည်းဖြတ်၊ လျှပ်တစ်ပြက် ဖြတ်ထိုးဉာဏ်ဖြင့် ရိုက်ကူးရပါသည်။ ပြန်လည်ထပ်မံရိုက်ကူးခြင်း၊ အစမ်း လေ့ကျင့်မှုတို့ လုံးဝမပါရှိဘဲ မိမိတင်ပြလိုသည့် အချက် အလက်အကြောင်းအရာတို့ကို သတင်းမှတ်တမ်းရုပ်ရှင်ကား အဖြစ် ပရိသတ်စိတ်ဝင်စားအောင် လုပ်ဆောင်ကြရပါသည်။

 

ထိုရုပ်ရှင်ကားများကို ရိုက်ကူးထုတ်လုပ်ကြသူများ၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့အသိပညာပေးလိုသော သတင်းကို ပြည်သူလူထုသို့ အသိပညာပေးခြင်းပင် ဖြစ်ပါသည်။ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများတွင် ဇာတ်လမ်း မဟုတ်သည့် ဇာတ်ကားများထုတ်လုပ်မှုကို နိုင်ငံတော် အစိုးရကသာမက ပုဂ္ဂလိကလုပ်ငန်းရှင်များကပါ ရိုက်ကူး ထုတ်လုပ်ကြသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် နိုင်ငံတော်အစိုးရကသာ ဦးဆောင်၍ ပြန်ကြားရေးဝန်ကြီး ဌာန သို့မဟုတ် ယဉ်ကျေးမှုဝန်ကြီးဌာနတို့၏ လက်အောက်ခံ အဖွဲ့အစည်းအဖြစ် ထားရှိသည်ကို တွေ့ရှိရသည်။ ပုဂ္ဂလိက ရိုက်ကူးထုတ်လုပ်သည့်ကားများအနေဖြင့် ပြည်သူလူထု အတွက် အပန်းဖြေပညာရစေရေးထက် စီးပွားရေးလုပ်ငန်း အသွင်ဖြင့် ရိုက်ကူးထုတ်လုပ်ကြသည်။ နိုင်ငံတော်က ရိုက်ကူးထုတ်လုပ်သည့်ကားများအနေဖြင့် ပြည်သူလူထု ဗဟုသုတ ရရှိစေရေး၊ အသိပညာ တိုးပွားစေရေး၊ အပန်းဖြေ စေရေးဟူသည့် ဦးတည်ချက်များ ထားရှိပါသည်။

 

ဇာတ်လမ်းမဟုတ်သည့်ရုပ်ရှင်တွင် ပါဝင်သည့် အမျိုး အစားများကို ဤသို့ခွဲခြားနိုင်ပါသည်-

(၁) သတင်းရုပ်ရှင်

နိုင်ငံတော်၏နေ့စဉ်ဖြစ်ပျက်နေသည့် နိုင်ငံရေး၊

စီးပွားရေး၊ လူမှုရေးတို့ကို ရိုက်ကူးတင်ပြလေ့ ရှိပါ သည်။ (ဥပမာ- နိုင်ငံတော်ကြီးအကဲများ၏ ဆောင်ရွက်ချက်များ၊ ပြပွဲ ပြိုင်ပွဲများ၊ ထူးခြားသည့် ဖြစ်ရပ်များ)

(၂) မှတ်တမ်းရုပ်ရှင်

နိုင်ငံတော်က ဆောင်ရွက်သည့်    နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စသည့်ကိစ္စရပ်များ တွင် မှတ်တမ်းတင်ရသည့် အချက်အလက်များ ရှာဖွေစုဆောင်းရိုက်ကူးခြင်းများ ဖြစ်ပါသည်။ (သာဓကအားဖြင့် နိုင်ငံတော်အကြီးအကဲများ၏ ပြည်တွင်း ပြည်ပခရီးစဉ်များ၊ ပြည်ပ နိုင်ငံအကြီး အကဲများ မြန်မာနိုင်ငံသို့ လာရောက်ခြင်း၊ ရှေးဟောင်းစေတီ ပုထိုးအဆောက်အအုံများ ပြန်လည်ဖော်ထုတ်ခြင်း၊ တည်ဆောက်ခြင်းမှ အဆိုပါ ရုပ်ရှင်ကားများကို အချိန်ယူရိုက်ကူး ရပါသည်။)

 

(၃) ပညာပေးရုပ်ရှင်

ပြည်သူလူထုသို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊

ကျန်းမာရေးမှအစ နိုင်ငံတော်က ချမှတ်သည့်မူဝါဒ များ၊ လုပ်ငန်းစဉ်များကို ရိုက်ကူးပြသခြင်း၊ စာပေ ပညာ သင်ကြားမှုများနှင့် လက်တွေ့မြင်တွေ့နိုင်ရန် ရိုက်ကူးပြသခြင်း။ (သာဓကအားဖြင့်- ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါဆိုးကြီးကို ကြိုတင်ကာကွယ် နည်းများ၊ ယာဉ်အန္တရာယ်၊ နှလုံးရောဂါ၊ မူးယစ် ဆေးဝါးအန္တရာယ်များကို ကြိုတင်ကာကွယ် တားဆီးပုံများ)

 

(၄) ဖျော်ဖြေရေးရုပ်ရှင်

ပြည်သူလူထု ကြည့်ရှုအပန်းဖြေနိုင်ရန် ရိုက်ကူးတင်ဆက်ခြင်း (ဥပမာ- နိုင်ငံခြားမှ လာရောက်ဖျော်ဖြေသည့် အနုပညာအဖွဲ့များ၊ ဘောလုံးပွဲများ၊ လှေပြိုင်ပွဲများ၊ အားကစားပွဲတော်များ)

(၅) ခရီးသွားရုပ်ရှင်

ပြည်သူလူထုအား ဗဟုသုတရရှိစေရေးအတွက်

တိုင်းဒေသကြီးများနှင့်ပြည်နယ်များ၊ မြို့ကြီးပြကြီး များအကြောင်း၊ ကျေးလက်ဒေသများ၏ အလှအပ ရှုခင်းများ၊ လေကြောင်း၊ ရေကြောင်း၊ ကုန်းကြောင်း ခရီးသွားလာခြင်းများ (သာဓကအားဖြင့်- ဗုဒ္ဓဂယာ ဘုရားဖူးခရီးသွားမှတ်တမ်း၊ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များ၏ သဘာဝအလှရှုခင်းများနှင့် ဒေသခံလူမျိုးတို့၏ ဓလေ့စရိုက်များ)

 

(၆) သိပ္ပံပညာပေးရုပ်ရှင်

သုတေသနလုပ်ငန်းများမှ ထွက်ပေါ်လာသည့်

ရှာဖွေတွေ့ရှိချက်များ နည်းပညာများနှင့် နည်းစနစ် များ (သာဓကအားဖြင့် - အာကာသထဲသို့ ဂြိုဟ်တု များလွှတ်တင်ခြင်း၊ အဏုမြူလက်နက်များ စမ်းသပ်ဖောက်ခွဲခြင်း) တို့ ဖြစ်ကြပါသည်။

 

သတင်းရုပ်ရှင်ကားဆိုသည်မှာ

 

ကမ္ဘာပေါ်၌ ရုပ်ရှင်စတင်ပေါ်ပေါက်လာရာတွင် “သတင်းရုပ်ရှင်ကား”မှ စတင်ခဲ့ခြင်းပင် ဖြစ်သည်။ ၁၈၇၈ ခုနှစ်တွင် အမေရိကန်နိုင်ငံသား “စတင်းဖို့ဒ်”နှင့် အင်္ဂလိပ် လူမျိုး “မိုင်းဘရစ်ချ်” တို့၏ တီထွင်ကြံဆမှုကြောင့် ရုပ်ပုံ အသေများမှ ရုပ်အရှင်အဖြစ်သို့ စတင်ရောက်ရှိလာခဲ့ သည်။ ထိုရုပ်ပုံအရှင်များကို လူထုပရိသတ်အား တင်ဆက်ပြသနိုင်ရန် “သောမတ်စ်အယ်ဒီဆင်” ၏ တီထွင်ပံ့ပိုးမှုဖြင့် ၁၈၈၉ ခုနှစ် အောက်တိုဘာလ ၆ ရက် နေ့တွင် ပထမဦးဆုံးရုပ်ရှင်ဟူ၍ ပေါ်ထွက်လာခဲ့သည်။ ထိုရုပ်ရှင်ကားမှာလည်း ဇာတ်လမ်းရုပ်ရှင်ကား လုံးဝမဟုတ်ဘဲ သတင်းရုပ်ရှင်ကား သက်သက်မျှသာ ဖြစ်ပါသည်။ စာရေးသူတို့ မြန်မာနိုင်ငံတွင်လည်း ပထမဦးဆုံးရုပ်ရှင်ကားမှာ ဇာတ်လမ်းရုပ်ရှင်ကား လုံးဝ မဟုတ်ဘဲ ဝိုင်အမ်ဘီအေ၏ကိုယ်စားပြု အမျိုးသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးထွန်းရှိန်၏ ဈာပနသတင်း ကားအဖြစ် စတင်ပြသခဲ့ခြင်းကြောင့် မြန်မာ့ရုပ်ရှင် သည်လည်း သတင်းကားကပင် အစပြုခဲ့ရသည်ကို နှိုင်းယှဉ်လေ့လာရပါသည်။ သို့တစေ မြန်မာ့ရုပ်ရှင်စတင် ပြသခဲ့သည့် အချိန်ကာလမှာ ၁၉၂၀ ပြည့်နှစ်ဖြစ်ပြီး အနောက်တိုင်းရုပ်ရှင် စတင်ပြသနိုင်ခဲ့သည့်အချိန်ကာလ မှာ ၁၈၈၉ ခုနှစ် ဖြစ်သောကြောင့် မြန်မာ့ရုပ်ရှင် သက်တမ်းသည် အနောက်တိုင်းရုပ်ရှင်သက်တမ်းထက် ၃၁ နှစ်မျှ နောက်ကျ၍ ပေါ်ပေါက်လာခဲ့ရသည်ကို တွေ့ရှိ ရပါလိမ့်မည်။

၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးခဲ့၍ မြန်မာနိုင်ငံသို့ ဗြိတိသျှတပ်ဖွဲ့များ ပြန်ဝင်လာသည့်အခါ ဗြိတိသျှစစ်အုပ်ချုပ်ရေးလက်ထက်တွင် “ကွင်းဆင်း ရုပ်ရှင်ပြသရေးအဖွဲ့” (Field Publicity Film) ကို ဖွဲ့စည်းကာ ရုပ်ရှင်ပြသရေးအဖွဲ့ ခြောက်ဖွဲ့က ဗြိတိသျှ အစိုးရဝါဒဖြန့်ချိရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် စစ်အုပ်ချုပ်ရေးဖျက်သိမ်းပြီးနောက် “ပြည်သူ့ ဆက်ဆံရေးဌာန” (Public Relation Department) ကို ဖွဲ့စည်းပြီး ထိုဌာန၏လက်အောက်တွင် “ပြည်သူ့ ဆက်ဆံရေးရုပ်ရှင်ဌာန” (Public Relation Film Service) ထပ်မံဖွဲ့စည်းကာ ဗြိတိသျှအစိုးရ၏ စစ်ဝါဒ ကားများ၊ ပညာပေးကားများကို ပြသခဲ့သည်။ မြန်မာ သတင်းကားမှာ အနည်းငယ်သာရှိခဲ့သည်။

 

ဤသို့ဖြစ်ရခြင်းမှာလည်း ကိုလိုနီခေတ်ဖြစ်သည့် အလျောက် ရုပ်ရှင်စက်မှုပိုင်းဆိုင်ရာ ပစ္စည်းများ မပြည့်စုံခြင်း၊ မြန်မာ့ရုပ်ရှင်အတတ်ပညာရှင်များ နည်းပါးခြင်းတို့ကြောင့်ပင် ဖြစ်သည်။ ထိုစဉ်က ကမ္ဘာအနှံ့ ရှားပါးနေချိန် ဖြစ်သဖြင့် ရုပ်ရှင်ရိုက်ကူးရေးပစ္စည်းများကို နိုင်ငံခြားမှ လွယ်လင့်တကူ မဝယ်ယူနိုင်ဘဲ ပစ္စည်း အဟောင်းအနွမ်းများဖြင့် ရိုက်ကူးခဲ့ရသည့်အပြင် အင်္ဂလိပ် မျက်နှာဖြူလူမျိုးတို့၏အကျိုးကို ရည်ရွယ်၍ ရိုက်ကူး ပြသရခြင်း၊ ရိုက်ကူးပြီး ဖလင်များကို ဆေးစိမ်ရန် နိုင်ငံခြားသို့ ပို့ခဲ့ရခြင်းတို့ကြောင့် အချိန်လိုသည်ထက်ပို၍ ကြာမြင့်ပြီး သတင်းတန်ဖိုးများ လျော့နည်းသွားခဲ့ ရပါသည်။

 

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် “မြန်မာ့ မှတ်တမ်းတင်ရုပ်ရှင်” (Myanmar’s Documentary Film) များအဖြစ် ထိုစဉ်က မြန်မာ့ရုပ်ရှင်အနုပညာရှင်များနှင့် မြန်မာ့ရုပ်ရှင်ကုမ္ပဏီအချို့တို့ကို မော်ကွန်းတင်ရမည် ဖြစ်ပါ သည်။ ၁၉၄၇ ခုနှစ်တွင် ထိုစဉ်က ပြန်ကြားရေးဝန်ကြီး ဒီးဒုတ်ဦးဘချိုနှင့် မြန်မာ့ရုပ်ရှင်ပညာရှင်အချို့၏ အကြံပေး တိုက်တွန်းမှုဖြင့် “မြန်မာ့ရုပ်ရှင်ငွေရတုသဘင်” ပွဲတော်ကြီး ကို ကျင်းပနိုင်ခဲ့သည်။ ထိုအခမ်းအနားကြီးတွင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိုစဉ်က ဘုရင်ခံ “ဆာဟူးဘတ်ရန့်စ်” တို့ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာ ငွေရတုသဘင် အခမ်းအနား မှတ်တမ်းတင်ရုပ်ရှင်ကားကို အေဝမ်းရုပ်ရှင်ကုမ္ပဏီက တာဝန်ယူ၍ ၃၅ မီလီမီတာရှိ ရုပ်ရှင်ဖလင်များဖြင့် မော်ကွန်းဝင် မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ကြသည်ကို တွေ့ရသည်။

 

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာပင် အားလုံး သိပြီး ဖြစ်ကြသည့်အတိုင်း နယ်ချဲ့လက်ပါးစေ အမျိုးသား သစ္စာဖောက်တို့၏ လက်ချက်ဖြင့် အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များ ကျဆုံး ခဲ့ရရှာသည်။ ထိုအခါ မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ် အစည်းအရုံးကြီးက တာဝန်ယူ၍ “ဗိုလ်ချုပ်၏ လွတ်လပ် ရေး လမ်းစဉ်မော်ကွန်းတင်သတင်းကား”ကို အမြန်ဆုံး စီစဉ်ရိုက်ကူးခဲ့ပြီး ဈာပနအခမ်းအနား အစအဆုံး မှတ်တမ်းတင် ရုပ်ရှင်ကားအဖြစ် ရန်ကုန်မြို့လယ်ရှိ ရုပ်ရှင်ရုံလေးရုံတွင် တစ်နေ့လျှင် ငါးပွဲနှုန်း ပြသခဲ့သည်။ ထိုသို့ပြသရာမှ ရရှိခဲ့သော ရန်ပုံငွေများကို အာဇာနည် ဗိမာန်အဆောက်အအုံကြီး ဆောက်လုပ်ရန်လှူဒါန်း ခဲ့သည့် အပြင် ယခုလက်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အဆောက်အအုံတည်ရှိရာ မြေနေရာကို ဝယ်ယူနိုင် ခဲ့ကြောင်း လေ့လာသိရှိရပါသည်။

 

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် အေဝမ်းရုပ်ရှင်မှ ဒါရိုက်တာသရုပ်ဆောင် မင်းသားကြီး အေဝမ်းဦးတင်မောင်နှင့် ဦးလှမောင်(ရုပ်ရှင်ဟာသ သရုပ်ဆောင် ဦးသာဂေါင်ကြီး)တို့နှစ်ဦးသည် ဗမာ့ ကာကွယ်ရေးတပ်မတော် (BDA)၌ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မင်းခေါင်နှင့်အတူ ပါဝင်ဆင်နွှဲခဲ့သည်ကို ဂုဏ်ယူ လေးစားဖွယ် တွေ့ရှိရပြန်သည်။ ဖက်ဆစ်တော်လှန်ရေး ကာလ၌ ရန်ကုန်မှ အထက်မြန်မာပြည်သို့ သွားရောက် ကာ သမိုင်းဝင်ရွှေတောင်တိုက်ပွဲ၊ စစ်တောင်းတိုက်ပွဲ၊ ရေနံမြေသပိတ်ကြီးတွင် သခင်ဗဟိန်းနှင့်အတူ ရေနံချောင်းအထိ သွားရောက်ရိုက်ကူးမှတ်တမ်းတင် ခဲ့သည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားသပိတ် ဆင်နွှဲပုံများ၊ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် ၏ ဈာပနအခမ်းအနား မှတ်တမ်းတင်သတင်းကား၊ တောင်သူလယ်သမားခေါင်းဆောင်ကြီး ဆရာစံအား အင်္ဂလိပ်နယ်ချဲ့အရေးပိုင်များက ရုံးတင်စစ်ဆေးခြင်း၊ ကြိုးပေးခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း တိုင်းနှင့်ပြည်နယ် အနှံ့သွားရောက်စည်းရုံးခဲ့ပုံများကို သမိုင်းဝင်မော်ကွန်း တင်ရိုက်ကူးတင်ပြနိုင်ခဲ့သည်မှာ မြန်မာ့ရုပ်ရှင်သမိုင်းရော မြန်မာနိုင်ငံသမိုင်းတွင်ပါ ဂုဏ်ယူလေးစား စံထားစရာ ဖြစ်ခဲ့ပါသည်။

ဤနေရာတွင် ဗိုလ်ချုပ်၏ မော်ကွန်းတင်ရုပ်ရှင် ကားအကြောင်းကို ပြောသောအခါ လက်ရှိ ရိုက်လက်စ ဖြစ်သော “ဗိုလ်ချုပ်” ရုပ်ရှင်ကားကြီးကို ပြည်သူ ပရိသတ်က သမိုင်းဝင် ဂန္ထဝင်မော်ကွန်းတင်ရုပ်ရှင် ကားကြီးအဖြစ် မျှော်လင့်နေကြပါသည်။ မြန်မာနိုင်ငံ ၌သာမက ကမ္ဘာ့နိုင်ငံများသို့ပါ ပေးပို့တင်ဆက်နိုင်မည် ဆိုပါက နိုင်ငံ့ခေါင်းဆောင်များနှင့်ပတ်သက်၍ ရိုက်ကူး ထားသော ကမ္ဘာကျော်ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားကြီး များကဲ့သို့ အောင်မြင်ကျော်ကြားနိုင်မည်ဟု ယုံကြည် နေမိပါတော့သည်။ ။