
ဝိဿဇ္ဇက(ပဲခူး)
မြန်မာနိုင်ငံတွင် သနပ်ခါးသုံးစွဲလာကြသည်မှာ နှစ်များရှည်ကြာခဲ့ပြီ ဖြစ်၏။ သမိုင်းအစကို အတိအကျမသိရသော်လည်း သုတေသီအချို့က လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကပင် စတင်ခဲ့သည်ဟု ယူဆကြ၏။ သနပ်ခါးနှင့် ပတ်သက်သော အကြောင်းကို ဗုဒ္ဓဝိနည်း ပညတ်ချက်နှင့် ဓမ္မပဒပါဠိတော်၌လည်း တွေ့ရလေသည်။ ဝေဿန္တရာဇာတ်၌ ဇူဇကာပုဏ္ဏားကြီးက ကဏှာနှင့်ဇာလီအား နှိပ်စက်သဖြင့် ဒဏ်ရာများရခဲ့ရာ နတ်များက ထိုဒဏ်ရာကို သနပ်ခါးလိမ်းပေးခဲ့ခြင်းကို ဖော်ပြ ထား၏။
သနပ်ခါးအသုံးဝင်ပုံများ
သက္ကရာဇ် ၈၄၆ ခုနှစ် ရှင်မဟာရဋ္ဌသာရ၏ ဘူရိဒတ်ပျို့အရ အင်းဝခေတ် မြန်မာအမျိုးသမီး များ၏ သနပ်ခါးအသုံးကို ခန့်မှန်းနိုင်သည်။ သက္ကရာဇ် ၁၁၄၃ ခုနှစ်က ရာမရကန် ဦးတိုး၏ နန်းတွင်းသူတို့ အလှအပ အပြင်အဆင်ကို ဖော်ကျူးခဲ့သဖြင့်လည်း ဘိုးတော်ဘုရား လက်ထက်မှာပင် သနပ်ခါးသုံးစွဲမှုတို့ ရှိနေကြောင်း သိရပြန်သည်။
မြန်မာ့ရိုးရာသနပ်ခါးသည် မြန်မာနံ့သာ ၁၀ မျိုးတွင် အခေါက်နံ့သာ တစ်မျိုးတွင် ပါဝင်သည်။ သနပ်ခါးတွင် “သန”ဆိုသည်မှာ မြန်မာ့အဘိဓာန် တွင် “မသန့်မရှင်းဖြစ်သည်။ ယုတ်ညံ့သွားသည်” ဟုဆိုပါသည်။ “ခါ” ကမူ “စွန့်ထုတ်ခြင်း”ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် “သနခါ” ဟူသည် မကောင်းသော အညစ်အကြေးများကို စွန့်ထုတ် ပေးသောအရာပင် ဖြစ်ပါသည်။ သနခါမှ ကာလ ရွေ့လျားလာလျက် သနပ်ခါးဟု ပြောင်းလဲလာခြင်း ဖြစ်သည်ဟု ဖွင့်ဆိုထားသည်။
မြန်မာသမားတော်ကြီးများကမူ လူ၏ခန္ဓာ ကိုယ်မှ သွေးပုပ်အညစ်အကြေးများကို ကင်းစင် အောင် ဖယ်ရှားပေးနိုင်သောကြောင့် သန-ရွံ့ရှာ ဖွယ်သောအမှုကိုဖယ်၏ ဟူ၍ပေးသဖြင့် သနခါမှ သနပ်ခါးခေါ်ကြောင်း ရှင်းထားသည်။ အမှန် တကယ်လည်း သနပ်ခါး၏ အရသာမှာ ခါးသဖြင့် ထိုကဲ့သို့ ဆိုခြင်းမှာ လျော်ကန်သင့်မြတ်လှသည်။
သနပ်ခါးနှင့် ပတ်သက်၍ သနပ်ခါး၏ မူလ ပုဒ်ရင်းကို သက္ကတကျမ်း၊ ပါဠိကျမ်းတို့၌ မတွေ့ရ။ အာယုဗ္ဗေဒကျမ်း၊ သိင်္ဂဓရသဟိတကျမ်း၊ ပါဠိ မြန်မာအဘိဓာန်၊ အဘိဓာန် နိဿယျသည် သီယာ ဝတိစသော နိဿယကျမ်းများတွင် သနပ်ခါး၏ အဓိပ္ပာယ်ကို အမျိုးမျိုးပြဆိုထားသည်။
လယ်တီဦးကောဝိဒ(ပုပ္ပားဦးကျော်ရင်) ကမူ ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီလထုတ် ဒဂုန်မဂ္ဂဇင်း ယုဝတီစက္ခုခန်း၌ “သမ္မာနမာယ ခလီယတိ လိမ္ဗိယ တိတိ သနပ်ခါး” ယာဂန္ဓဇာတိအကြင် သို့သော အရည်ပျစ်ပျစ် နံ့သာနှစ်ကို သမ္မာ- ကောင်းစွာ၊ နဟာသ-ရေချိုးပြီးမှ၊ ခလီယတိ လိမ္ဗိယတိ-လိမ်း ကျံအပ်၏။ ဣတိ- ထို့ကြောင့်၊ ယာဂန္ဓ ဇာတိ-အကြင်သို့ အရည်ပျစ်ပျစ်နံ့သာနှစ် သည် သနပ်ခါးမည်၏ဟူ၍ ဝိဂြိုဟ်ပြုထားသည်။
သနပ်ခါးနှင့် ပတ်သက်၍ မြန်မာအဘိဓာန်၌ “သနပ်ခါး ဆိုသည်မှာ မာကျောသော အသား၊ ထူးပါးသော အကိုင်းအလက်၊ စိမ်းဖျော့ဖျော့ ရွက်မြွှာတို့ရှိပြီး မွှေးသောအခေါက်ကိုသွေးကာ မျက်နှာ ကိုယ်လက် စသည်တို့တွင် လိမ်းကျံရသည့် အပင်တစ်မျိုး ဖြစ်သည်။ ယင်းအပင်၏ အသား၊ အခေါက်တို့ကိုသွေးရာ ရနံ့မွှေးသည်”ဟု ဖွင့် ဆိုထားသည်။
သနပ်ခါးကို ရုက္ခဗေဒ အမည်အားဖြင့် Limonia Acidissima Linn ဟုခေါ်၍ RUTACEAC မျိုးရင်း ဖြစ်သည်။ ပင်လတ်မျိုးဖြစ်၍ အမြင့်ပေ ၂၀ မှ ၃၀ ထိ ရှိတတ်သည်။ ပင်စည်နှင့် အကိုင်းများ၌ ချွန်ထက်သောဆူးများပါရှိကာ အပင်နုစဉ် အပွေးပါးလာ၍ အပင်ရင့်လာမှသာ အပွေးထူသည်။ တန်ခူးလ၊ ကဆုန်လများ ၌ အပွင့်ပွင့်၍ ဝါခေါင်လ၊ တော်သလင်းလများ၌ အသီး သီးလေ့ရှိသည်။ အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိ၏။
သနပ်ခါးကို ရှေးပဝေသဏီကပင် စတင် သုံးစွဲခဲ့ကြသကဲ့သို့ နောင်တွင်လည်း မည်သည့် ခေတ်အခါမျှ သနပ်ခါးသုံးစွဲသည့် အစဉ်အလာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ မြန်မာ အမျိုးသမီးတိုင်း ခြေဆုံးခေါင်းဆုံး လိမ်းကာ အမျိုးမျိုး ခြယ်သစွဲမက်နေကြမည်သာဖြစ် သည်။ မြန်မာအမျိုးသမီးတိုင်းသည် သနပ်ခါးကို မြတ်နိုး နှစ်သက်ကြသည်။ ပါးပြင်မွှေးမွှေး၌ သနပ်ခါး ပါးပါးလေး လိမ်းထားရုံဖြင့် မိန်းမပျိုလေး တစ်ဦး ၏ အလှသည် မြန်မာမှုဆန်ကာ အလွန်ယဉ်ကျေး လှပဖွယ် ဖြစ်၏။
မြန်မာတို့ သနပ်ခါးလိမ်းသည့် ရိုးရာယဉ်ကျေး မှု ဓလေ့သည် အေဒီ ၅ ရာစုမှ အေဒီ ၉ ရာစုအတွင်း စတင်ထွန်းကားခဲ့သည်ဟု ဆိုသူရှိသည်။ ပျူခေတ် ကတည်းက သနပ်ခါးကို နှစ်သက်စွဲလမ်းစွာ အသုံးပြုလာကြသည်ဟု ယူဆကြသည်။ မြန်မာ့ ရိုးရာသနပ်ခါး ယဉ်ကျေးမှုနှင့် ပတ်သက်၍ အေဒီ ၁၁ ရာစု ပုဂံနဂါးရုံဘုရားနှင့် အပ္ပာယ်ရတနာဘုရား နံရံဆေးရေး ပန်းချီကားများတွင် သနပ်ခါးနှင့် ယှဉ်တွဲအသုံးပြုလေ့ရှိသော ကျောက်ပျဉ်နှင့် အလှ ဆင်နေသည့် မိန်းမပျိုပုံများကို တွေ့ရသောကြောင့် ပုဂံခေတ်တွင်လည်း မြန်မာမိန်းမပျိုတို့ သည် သနပ်ခါးဖြင့် အလှဆင်လိမ်းခြယ် ကြကြောင်း သိနိုင်ပါသည်။
စိုက်ပျိုးဖြစ်ထွန်းရာ နေရာများ
သနပ်ခါးပင်သည် အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင် တန်း တစ်ဝိုက်၊ ပန်ဂျပ်ပြည်နယ်၊ ဗီဟာပြည်နယ်၊ အာသံပြည်နယ်၊ အာရှအရှေ့တောင်ပိုင်း၊ ဇင်းမယ်၊ ထိုင်း၊ မြန်မာနိုင်ငံ စသည်တို့မှ မြစ်များခံကာ စတင် ပေါက်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။ တစ်ခါက မိတ်ဆွေတစ်ယောက် ပြောဖူးသည်မှာ ထိုင်းနိုင်ငံသားတို့က သနပ်ခါးသည် သူတို့တိုင်းပြည် ၏ အမွေအနှစ်ဖြစ်ကြောင်း ဆိုခဲ့ဖူးသည်။
မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် သနပ်ခါးကို ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ အရာတော်၊ ဟုမ္မလင်း၊ မော်လိုက်၊ ကသာ၊ ဝန်းသို၊ မြစ်ကြီးနား၊ မြင်းခြံ၊ မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ယင်းမာပင်၊ ပြင်ဦးလွင်၊ သရက်၊ အထက်မင်းလှ၊ မကွေး၊ တောင်တွင်းကြီး၊ မင်းဘူး၊ ကျောက် ဆည်၊ ရမည်းသင်း၊ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နောင်ချို၊ မောက်မယ်၊ ကော့ကရိတ် စသော ဒေသ များ၌ တွေ့ရှိရသည်။ သနပ်ခါးသည် မြေနီစပ်၊ သဲစပ်၊ ကျောက်စရစ်မြေ၊ နုန်းမြေ၊ သဲနုန်းမြေ၊ ဂဝံမြေ၊ မြေရိုးရိုး၊ ကျောက်အေးမြေတို့၌ ကောင်းစွာ ဖြစ်ထွန်းသည်။ မိုးရေချိန်အားဖြင့် လက်မ ၂၀၊ လက်မ ၄၀ အထိ ရွာသွန်းသော ဒေသများ၌ စိုက်ပျိုးအောင်မြင်သည်။ သနပ်ခါးတစ်ပင်လုံး လူ့အသုံးကား များလှသည်။ သနပ်ခါး၏ အာနိသင် များ မဆုံးနိုင်အောင်ရှိသည်။ နေပူထဲ၌ အလုပ် လုပ်ရသော အမျိုးသမီးများ သနပ်ခါးထူထူလိမ်း ထားပါက အသားအရေလောင်ခြင်းကို ကာကွယ် နိုင်သည်။ အမျိုးသမီး မီးယပ်ဖြူဆင်းပြီး အသား အရေ ပူနွေးနေလျှင် သနပ်ခါးကို ကံ့ကော်ဝတ်ဆံ နှင့် သွေး၍ သကြားအနည်းငယ်ထည့် တိုက်နိုင် သည်။ သို့မဟုတ် သနပ်ခါးကိုသွေး၍ ပူနွေးသော နေရာကို ထပ်ခါထပ်ခါ လိမ်းပေးနိုင်သည်။
သနပ်ခါး၏ ထူးခြားမှုများ
အနောက်တိုင်းဖြစ် မိတ်ကပ်များသည် အမျိုး သမီးများ၏ အလှကို ထာဝရမဖြည့်ဆည်းနိုင်။ တဒင်္ဂအလှကို ပေးစွမ်းနိုင်သည်။ ယင်းမိတ်ကပ် ကြောင့် အရေပြားရှိ အခိုးထွက်ပေါက်ကလေး များကို ပိတ်စေသဖြင့် မျက်နှာတစ်ပြင်လုံး တင်းတင်း ကျပ်ကျပ် ဖြစ်လာသည်။ သနပ်ခါးကဲ့သို့ နေပူဒဏ်ကို မကာကွယ်နိုင်ပေ။ မိတ်ကပ်လိမ်း သူတိုင်း အရွယ်မတိုင်မီ အိုမင်းရင့်ရော်မှုကိုလည်း ဖြစ်စေနိုင်သည်ဟု ပညာရှင်များက ဆိုသည်။ သနပ်ခါး အမြဲလိမ်းသော အမျိုးသမီးများသည် အလှကျက်သရေတိုး၍ ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေကာ ခန္ဓာကိုယ် အချိုးအစားလည်း ပြေပြစ် လှပစေသည်။ အမျိုးသမီးများ၏ တစ်ကိုယ်လုံး ကျော့ရှင်းသော ရူပါအဆင်းနှင့် စွဲမက်ဖွယ် ကိုယ် သင်းရနံ့ ဖြစ်စေသည်မှာ သနပ်ခါး၏ ထူးခြားမှု တစ်ရပ်ပင် ဖြစ်သည်။ မြန်မာ့သနပ်ခါးလိမ်းပြီး ချွေးကလေးတစိုစို သင်းပျံ့လေးမွှေးနေသည်။ မြန်မာဆန်ဆန် ဝါဝင်း၍ ချစ်စဖွယ်ဖြစ်နေသည်။
ဘုရင့်နောင်မင်းတရားကြီး၏ သမီးတော် ဓာတုကလျာသုံးသော ကျောက်ပျဉ်ကို ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီ ပြတိုက်တွင် ပြသထားသည်ကို တွေ့ရသည်ဟုဆိုကြ၍ ဟုတ်/မဟုတ် မသိနိုင်။ တောင်ငူခေတ်မှာလည်း သနပ်ခါးလိမ်းခြယ်မှုရှိကြောင်း တွေ့ရသည်။ ဒါ့အပြင် အလောင်းမင်းတရားကြီး ဦးအောင် ဇေယျလက်ထက်တွင်လည်း ရွှေဘိုခရိုင် ခင်ဦး မြို့နယ် အညာသီဟတောဘုရား၏ တောင်ဘက် ရှိ ပွတ်ရွာတွင် နန်းသုံးတော်ဝင် သနပ်ခါးထွက်ရှိ ကြောင်း လေ့လာတွေ့ရှိရကြောင်း ဆိုပါသည်။ သက္ကရာဇ် ၇၄၅ ခုနှစ် ရာဇာဓိရာဇ်မင်းသည် ဒဂုံသို့ ချီတက်ရာတွင် ကြင်သူသက်ထား ထံသို့ ရေးပို့ခဲ့သော သုံးထောင့် အိုင်ချင်းတွင် “သနပ်ခါး ကျောက်ပြင်ပေါ်တွင် သောက်တော်ရေနှင့် ရောသွေးပါလျှင် နံ့သာအပေါ်ကျဲတတ်တယ်” ဟူသော အိုင်ချင်းနှင့် သက္ကရာဇ် ၈၅၅ ခုနှစ် အင်းဝခေတ် ဒုတိယမင်းခေါင်လက်ထက်တွင် ရှင်မဟာရဋ္ဌသာရ ရေးစပ်ခဲ့သော ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင် “ဤစာသာရ၊ ဂေါသီတကို၊ နားဝနှစ်ဖက်၊ မြကျောက်ထက်၌၊ ဉာဏ်လက်ကိုင် လေး၊ ဖြည်းဖြည်းသွေး၍၊ နံ့မွှေးတသုံးလိမ်း လင့်ကုန်” ဟူ၍ အင်းဝခေတ်ကပင် မြန်မာသနပ်ခါး ကို စုံစုံမက်မက် လိမ်းလျက်ရှိကြောင်း လေ့လာ တွေ့ရှိရသည်။
နောက်ထပ် သနပ်ခါးနှင့် ပတ်သက်၍ ရှေးခေတ်ဆန်ဖွပ်တေး တစ်ပုဒ်တွင် “ရွှေနံ့သာ ခေါက်ကိုလ၊ ကျောက်ပျဉ်မှာ အသာတင်၊ ခန်းခွင်မှာသွေး၊ လိမ်းမယ်လို့ကြံ၊ မှန်ယူခဲ့ ဆံတို လေးရယ်၊ ပိန်းရိုက်စို့လေး” ဟု တေးထပ်ဖြင့် လည်းကောင်း၊ ဦးကြီး၏ “ညဉ့်ချမ်းရယ်နေရီ၊ ချိန်တော်မီ၊ ကေသီပန်းနှင့် ရေခပ်လမ်းမှာ၊ စခန်း သင့်လို့၊ ထက်ဆင့်နီရောင်၊ ချည်စိမ်းပေါင်နှင့်၊ ယဉ် အောင်တောသူ၊ သနပ်ခါးကိုလ၊ ကွက်ပါးမှာကူ” ဟူ၍ လည်းကောင်း ရေးဖွဲ့ထားကြသည်။ ကျေးတောရွာရှိ လူပျိုလူရွယ်လေးများ၏ လှောင်ပြောင်လေ့ရှိတဲ့ “သနပ်ခါးလေး ဘဲကျား ရိုက်၊ ဟိုကောင်မလေး ငါနဲ့ကြိုက်” ဟူသော စကားထာကို ကြည့်ခြင်းအားဖြင့် မြန်မာ မိန်းကလေးများနှင့် မြန်မာ့သနပ်ခါးသည် ခွဲခြား၍ မရနိုင်လောက်အောင်ပင် မြန်မာ့သနပ်ခါးကို ရိုးရာယဉ်ကျေးမှုအဖြစ် အမွှမ်းတင်ခဲ့သည်။
မြန်မာနိုင်ငံတွင် မြန်မာ့သနပ်ခါးနေ့အဖြစ် တပို့တွဲလပြည့် (ယခု ၂၀၂၁ ဖေဖော်ဝါရီ ၂၆)ရက်တွင် မြို့နယ်ငါး မြို့နယ်ဖြစ်သည့် အရာတော်၊ ရွှေဘို၊ ရေစကြို၊ မြိုင်နှင့် ပေါက်မြို့နယ်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သနပ်ခါးအသင်း ဥက္ကဋ္ဌ ဦးကျော်မိုး(အရာတော်)ထံမှ သိရသည်။ ဆက်လက်၍ မြန်မာ့သနပ်ခါးနေ့ကို မြို့နယ်ငါး မြို့နယ်တွင် ပြုလုပ်ရခြင်းမှာ ရိုးရာ ယဉ်ကျေးမှုများ ရေရှည်ရပ်တည်နိုင်ရန်ဖြစ် ကြောင်း၊ သနပ်ခါးမဟုတ်ဘဲ သနပ်ခါး အမည်ခံ အလှကုန်များကို ဟန့်တားနိုင်ရန်အတွက် မြန်မာ တစ်မျိုးသားလုံးက မြန်မာ့သနပ်ခါးကို မြတ်နိုး တန်ဖိုးထားတတ်ရန်အတွက် မြန်မာ့သနပ်ခါးနေ့ ကို ကျင်းပရခြင်းဖြစ်သည်ဟု ဆက်လက်ပြောကြား သည်။ မြန်မာ့သနပ်ခါးနေ့အဖြစ် ကျင်းပရာတွင် သနပ်ခါးဖြင့် မီးပူဇော်ခြင်း၊ သနပ်ခါးနံ့သာရေဖြင့် ဘုရားအားဆက်ကပ်ခြင်း၊ ရေသပ္ပာယ်ခြင်း၊ စတုဒိသာအဖြစ် ထမနဲထိုး၍ ဝေငှခြင်း၊ သနပ်ခါး နှင့် ပတ်သက်သည့် အသိပညာပေးစာစောင်များ ဝေငှခြင်း စသည်တို့ကို ထည့်သွင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။ အလားတူ “ယူနက်စကိုတွင် မြန်မာသနပ်ခါးကို ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ရရှိနိုင်အောင် ၂၀၂၀ ပြည့်နှစ်၊ မတ်လက တင်ပြထားကြောင်း၊ ယခု လက်ရှိတွင် ပြည်တွင်း သနပ်ခါးဈေးကွက်အတွင်း ရောင်းချ နေသည့် သနပ်ခါးအမည်ခံ အလှကုန် ပစ္စည်းများကိုဟန့်တားနိုင်ပါက သနပ်ခါး ဈေးကွက် ကောင်းလာမည်ဖြစ်ပြီး မြန်မာ့သနပ်ခါးရိုးရာ ယဉ်ကျေးမှု အမွေအနှစ်ကိုလည်း ထိန်းသိမ်း ရာ ရောက်ပါကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်း သနပ်ခါးစိုက်ဧကအများဆုံးမှာ အရာတော် မြို့နယ်ဖြစ်ပြီး သနပ်ခါးစိုက် ဧကတစ်သိန်း ကျော်ရှိကြောင်း ဒေသခံဥက္ကဋ္ဌ ဦးကျော်မိုး (အရာတော်) က ဆက်လက်ပြောကြား သည်။
သဖန်းသား၊ ဥသျှစ်ခေါက်၊ ဆူးဖြူခေါက်၊ ပင့်ကူ လက်ကြား၊ သစ်ပလွေသား စသော ဆင်တူယိုးမှား သနပ်ခါးများကို သုံးမိလျှင်ကား “လှစေချင်၍ သွားကြောင်တိုက်၊ ရေစီးကမ်းပြိုလိုက်” ဟူသကဲ့သို့ ဖြစ်သွားနိုင်သည်။ သနပ်ခါးအစစ်သည် သွေး၍ လိမ်းလိုက်သည်နှင့် သင်းရနံ့ထုံ၏။ လိမ်းပြီး ပွတ်ကြည့်လိုက်လျှင်လည်း ကွာမကျဘဲ ကပ်နေ၏။ အဆီပြန်ခြင်းမရှိ။ ဤမျှဖြင့်ပင် သနပ်ခါးစစ် မစစ် သိနိုင်သည်။ ရှေးရှေးက “ရွှေနံ့သာခေါက်ကိုလ ကျောက်ပေါ်မှာတင် ခန်းခွင်ကမွှေး” ဟု ဆိုရေး ရှိခဲ့သည်။
သနပ်ခါးသည် အမျိုးသမီးများအတွက် လွယ်လင့်တကူ လိမ်းခြယ်အလှပစ္စည်းသာမက လူသားအားလုံးအတွက်လည်း ဆေးဖက်ဝင်နေ သည်။ မြန်မာဆေးကျမ်းများ၌ သနပ်ခါးသည် ပူ၏။ သွေးကို ကြွစေတတ်၏။ သနပ်ခါးသည် ပူ၊ ခါး၊ ချုပ်၊ ပွင့် ဖြစ်၏။ ငန်းမန်းကိုနိုင်စေ၏။ အပူနာ၊ အအေးနာ နှစ်မျိုးလုံးတွင် သုံးနိုင်၏။ လိမ်းလျှင် အေး၍ ချွေးရ၏။ ကျောက်ရောဂါကို ကာကွယ် နိုင်၏။ အဆိပ်သင့်ခြင်း၊ အနာပေါက်ခြင်း၊ ဝက်ရူးနာ၊ ဝက်သက်နာ၊ အနာညှော်ဝင်ခြင်း၊ ရာသီဖျားတို့ကို ပျောက်ကင်းစေသည်ဟု ဖော်ပြ ထားခြင်းဖြင့် သနပ်ခါးသံသရာကို စုံလင်စွာဖွဲ့ဆို လိုက်ပါသည်။ ။
- Log in to post comments