မွန်မြတ်စေတနာနှင့် အေးမြသောအရိပ်အာဝါသ

Type

 

မောင်မျိုးအောင်(ပန်းဧရာ)

သစ်ပင်တစ်ပင်တွင် သစ်မြစ်သည် အရေးကြီးဆုံးဖြစ်သကဲ့သို့ အဆောက်အဦတစ်ခုတွင် အုတ်မြစ်သည်အရေးကြီးဆုံးဖြစ်၏။ ထို့အတူ လူတစ်ယောက်တွင်မူ အခြေခံထားရမည့် ကိုယ်ချင်းစာတရားစိတ်ဓာတ်သည်သာ ပဓာနပင်ဖြစ်သည်။ လူတစ်ဦး၏ ဘဝကောင်းခြင်း၊ ဆိုးခြင်းကို ထိုသူ၏စိတ်ဓာတ် တစ်နည်းအားဖြင့် စိတ်သဘောထားကသာ ဆုံးဖြတ်ပေးလေ့ရှိ၏။ စိတ်ထားကောင်းသူတို့၏ အဆုံးသတ် ရလဒ်တွင်  အကျိုးတရားများစွာခံစားရပေမည်။   တိုင်းပြည်ကိုအုပ်ချုပ်စောင့်ရှောက်နေသူတို့ကား   ဆိုဖွယ်မရှိချေ။   လောကနီတိတွင်  “သစ်ပင်၏အရိပ်သည် ချမ်းသာ၏။ ထို့ထက် ဆွေမျိုးတို့အရိပ်က သာ၍ချမ်းသာ၏။ ထို့ထက် အမိ၊ အဖတို့၏အရိပ်ကသာ၍ ချမ်းသာ၏။ ထို့ထက် ဆရာ၏အရိပ်က ပို၍ချမ်းသာ၏။ ထို့ထက် မင်း၏အရိပ်က ပို၍ချမ်းသာ၏။ ထို့ထက် မြတ်စွာဘုရား၏ သာသနာတော်တည်း ဟူသောအရိပ်က အဆများစွာ သာလွန်၍ချမ်းသာ၏” ဟု ဖော်ပြထား၏။ 
ကောင်းမွန်သော ခံယူချက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၆-၉-၂၀၂၁ ရက် တွင်   ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊  ထိန်းချုပ်၊  ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး၌ နိုင်ငံသားများအပေါ် ထားရှိသည့် ၎င်း၏သဘောထားတစ်ရပ်ကို ထည့်သွင်းပြောကြား ခဲ့သည်။   အိမ်နီးချင်းနိုင်ငံများသို့သွားရောက်၍   အလုပ်လုပ်ကိုင် လျက်ရှိသည့်   မြန်မာနိုင်ငံသားများ   နိုင်ငံအတွင်းသို့   ပြန်လည် ဝင်ရောက်မှုနှင့်ပတ်သက်၍လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ထားရှိသည့်စိတ်ထားတစ်ခုကို ၎င်း၏ပြောကြားချက်တွင် တွေ့ရှိခဲ့ရသည်။      “အိမ်နီးနားချင်းနိုင်ငံတွေက   ဝင်လာတာနဲ့ ပတ်သက်ပြီး ဆောင်ရွက်ထားတဲ့အခြေအနေလေး ကျွန်တော်တို့ ပြီးခဲ့တဲ့ လဆန်းပိုင်းလောက်မှာ အိမ်နီးနားချင်း တိုင်းပြည်တွေမှာလည်း ကျွန်တော်တို့လူမျိုးတွေ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရှိပါတယ်၊ သူတို့ပြန်လာချင်ကြတယ်၊ ပြန်လာချင်ကြတော့ ကျွန်တော်ပြန်ခေါ် မယ်လို့ ကျွန်တော်ဆုံးဖြတ်ပြီးတော့ ပြန်ခေါ်ခိုင်းပါတယ်။ ကိုယ့်လူမျိုး တွေ အပြင်မှာသွားနေတာ ဒုက္ခသုက္ခနဲ့နေမယ့်အစား ကိုယ့်တိုင်းပြည် အတွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူ ပူအမျှပေါ့ဗျာ။ အေးအတူ ပူအမျှ အားလုံးကျွန်တော်တို့က အစိုးရဆိုတာ အရိပ်ပါပဲ။ နိုင်ငံတော် က ပေးထားတဲ့ အရိပ်တစ်ခုပါပဲ။ ဒီအရိပ်က ပြည်သူ၊ ပြည်သားတွေ အေးမြတဲ့ဟာကိုခံစားရအောင်ဆိုပြီး  ဒါကိုလည်း ကျွန်တော်ဆုံးဖြတ် ပြီးတော့ ခေါ်ခိုင်းတာပါ” ဟူ၍လည်းကောင်း၊ “ကျွန်တော်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်တိုင်းရင်းသားကိုတော့ ကိုယ့်မြန်မာပြည်ထဲ ရောက်အောင်ပြန်ခေါ်မှာပဲ။ ပြန်လုပ်မှာပဲ။ ”  ဟူ၍  လည်းကောင်း၊ “ ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်က Relief Flight နဲ့ ပြန်ခေါ်ဖို့လုပ်တဲ့ အချိန်မှာ စီစဉ်ထားတဲ့ တိုင်းရင်းသားတွေမှာပဲ မြန်မာအချင်းချင်း လိမ်သွားတယ်ဗျာ။   လိမ်သွားတော့  ၁၇  ယောက်က  အလိမ်ခံပြီး ကျန်ခဲ့ရတယ်။ မလိုက်နိုင်ဘူး” ဟူ၍ လည်းကောင်း၊ “ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်ပရောက်နေတဲ့ နိုင်ငံသားတွေကို ပစ်မထားပါဘူး။  မဖြစ်ဖြစ်အောင် ရအောင်စီစဉ်ပေးမယ်။ တိုင်းပြည်အတွင်းမှာလာခဲ့ဗျာ။ ပြဿနာရှာလည်းရှာ   ကိစ္စမရှိဘူး။  ကျွန်တော်အဲ့ဒီလောက်ထိတော့ စိတ်ရှည်တယ်ဗျ။    သူတို့အပေါ်မှာ   တော်တော်လေးသည်းခံတာ။ တိုင်းရင်းသားနဲ့ပတ်သက်ရင် ကျွန်တော်တို့က ဒီလိုစိတ်ရှိတယ်” ဟူ၍လည်းကောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ မိမိတို့ လူမျိုးများ အား မိမိသားချင်းကဲ့သို့ သဘောထားဆောင်ရွက်ပေးရေး ရည်ရွယ် ထားကြောင်း တွေ့ရသည်။ ပြည်ပရောက်သူများအပေါ် ကောင်းမွန် သော ခံယူချက်နှင့် ထားရှိသင့်သည့် စိတ်ထားပင်ဖြစ်၏။
မြန်မာ့အဘိဓာန်တွင် “ဆွေမျိုး” ဆိုသည့်ဝေါဟာရတိုင်း “သွေးစပ် ၍ ဖြစ်စေ၊ အိမ်ထောင်စပ်၍ဖြစ်စေ တော်စပ်သောသူ” ဟုဖွင့်ဆိုထား၏။  လူတိုင်းမှာ အရင်းခံအားဖြင့် သွေးသားတော်စပ်သော ဆွေမျိုးများ ရှိစမြဲပင်ဖြစ်သည်။ မင်္ဂလာတရား ၃၈ ပါးတွင် “ဉာတကာနဉ္စ သင်္ဂ ဟော” ဆွေမျိုးများကို ထောက်ပံ့ရခြင်းသည် မင်္ဂလာ တစ်ပါးအဖြစ် ပါဝင်ပေသည်။ ဆွေမျိုးမတော်စပ်သော်လည်း တစ်ရပ်တည်းအတူတူ  နေပြီး ဆွေမျိုးကဲ့သို့ ခင်မင်နေသူကို ရပ်ဆွေရပ်မျိုးဟု ရည်ညွှန်း လေ့ရှိသည်။ ဆွေမကင်း၊ မျိုးမကင်း၊ ဆွေရိပ်၊ မျိုးရိပ်မကင်းဟူသော စကားများကလည်း ဆွေမျိုးကိုအလေးထားကြောင်း ဖော်ပြနေသည်။ နိုင်ငံတော်အကြီးအကဲ၏စိတ်ထဲတွင် ဝမ်းရေးအတွက် ပြည်ပနိုင်ငံ များတွင် ဒုက္ခခံစားလှုပ်ရှားရုန်းကန်နေရသော မြန်မာနိုင်ငံသားများ၏ ဒုက္ခသောကကို မိမိ၏သားချင်း၊ ဆွေမျိုးကဲ့သို့သဘောပိုက်ကာ မျှဝေ ခံစားပူပင်ပေးခဲ့သည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က   “ပြည်ပရောက်    မြန်မာနိုင်ငံသားများသည် ကိုဗစ်-၁၉      ကမ္ဘာ့ကပ်ရောဂါကြောင့်      မြန်မာနိုင်ငံအတွင်း လမ်းကြောင်းအမျိုးမျိုးဖြင့်   ပြန်လည်ဝင်ရောက်လျက်ရှိကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ(အထူးသဖြင့်) မလေးရှားနိုင်ငံ ရောက် မြန်မာအလုပ်သမားများမှာ ပြန်လာရန်ခက်ခဲလျက်ရှိကြောင်း၊  မလေးရှားရောက်   မြန်မာနိုင်ငံသား  ၁၀  ဦးသည်   မိမိကိုယ်ကိုယ် သတ်သေသည်ဟု    ကြားသိရကြောင်း၊   မြန်မာ့တပ်မတော်တွင် လူတစ်ထောင်ကျော်   တစ်ပြိုင်တည်း   သယ်ဆောင်နိုင်သည့် ရေယာဉ်များလည်းရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ    ကြိုတင်ကာကွယ်     ကုသစောင့်ရှောက်ရေးများလည်း လုပ်ဆောင်နေပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသား နှစ်သောင်း ကျော်ကို တပ်မတော်ရေယာဉ်၊ လေယာဉ်များအသုံးပြု၍ ရွေးကောက် ပွဲအမီ ပြန်လည်ခေါ်ဆောင်ပေးရန် နိုင်ငံတော် အစိုးရသို့ တိုက်တွန်း ကြောင်း” အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ တင်သွင်း ခဲ့သည်။     ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက     အဆိုကို     ဆွေးနွေးရန် မဲခွဲဆုံးဖြတ်သည့် အခါ ထောက်ခံမဲ ၁၂၅ မဲသာရရှိခဲ့ပြီး အဆိုတစ်ရပ်  ဆွေးနွေးရန်လိုအပ်သည့် ထောက်ခံမဲ ၁၄၄ မဲ မရရှိခဲ့သည့်အတွက် အဆိုကိုဆွေးနွေးရန်ပယ်ချခဲ့သည်။ ပြည်ပရောက် မြန်မာနိုင်ငံသား များအား   ခေါ်ယူနိုင်ရေးအတွက်   တင်ပြဆောင်ရွက်ခဲ့သော်လည်း  ခွင့်ပြုချက်မရရှိခဲ့သဖြင့် ပြန်လည်ခေါ်ယူနိုင်ခြင်းမရှိခဲ့ဘဲ ဖြစ်ခဲ့ရသည်။  ပြည်သူကရွေးချယ်ခဲ့သည့်    ပြည်သူ့ကိုယ်စားလှယ်နှင့်     အစိုးရ တစ်ရပ်က ၎င်းတို့ကို မဲပေးရွေးချယ်ခဲ့သည့်  ပြည်သူများ၏ အရေးကို  လျစ်လျူရှုခဲ့၏။ နိုင်ငံတစ်နိုင်ငံ၏အစိုးရအနေဖြင့် မိမိပြည်သူအားလုံး အပေါ် မေတ္တာအရင်းခံသော အုပ်ချုပ်မှုမရှိသည့်အပြင် ပြည်သူအားလုံး အပေါ် မိသားစုသဖွယ် စောင့်ရှောက်လိုစိတ်ကင်းမဲ့သော စိတ်မျိုး သည်ကား   မထားသင့်မထားအပ်သော     စိတ်ထားမျိုးပင်ဖြစ်၏။ ပြည်ပရောက် မြန်မာတိုင်းရင်းသားများ၊ တစ်နည်းအားဖြင့် သောက၊  ဒုက္ခခံနေရသူတို့ကား ဆက်လက်ခံစားနေခဲ့ရ၏။
မဲစာရင်းများ ကြီးမားစွာ ကွာခြားမှုများရှိနေ
တပ်မတော်သည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်၌ ပြုလုပ် ခဲ့သည့်  ပါတီစုံဒီမိုကရေစီ  အထွေထွေရွေးကောက်ပွဲတွင်  အခြေခံ အသုံးပြုခဲ့သော မဲစာရင်းများ ကြီးမားစွာ ကွာခြားမှုများရှိနေသော ကြောင့် ဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့  အဆင့်ဆင့်တောင်းဆိုခဲ့သည်။  တောင်းဆိုချက်များအပေါ်  ဖြေရှင်း  ဆောင်ရွက်ခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အချုပ်အခြာအာဏာကို  အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခဲ့သည်အထိ ကြိုးပမ်းလာခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်ယာယီ သမ္မတ ဦးမြင့်ဆွေက အရေးပေါ်အခြေ အနေကြေညာပြီး    ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ      တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်အာဏာအရပ်ရပ်ကို ၂၀၂၁ ခုနှစ်၊ ​ဖေ​ဖော်ဝါရီလ ၁ ရက်တွင် လွှဲပြောင်းထိန်းသိမ်းခဲ့ရသည်။ 
တပ်မတော်အကြီးအကဲများသည်   နိုင်ငံသူ၊   နိုင်ငံသားများ၏ အခက်အခဲများကို    အစဉ်ရှေးရှု  ကူညီဖြေရှင်းပေးလျက်ရှိပါသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကျင်းပပြုလုပ်ခဲ့သည့်  အစည်းအဝေးတစ်ရပ်၌ “လူ့အသက်ထက် အရေးကြီးတာ မရှိသည့်အတွက် ဆောင်ရွက်ပေးနိုင်သမျှ ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံတော်နှင့် ပြည်သူအတွက် လိုအပ် သည့် ကူညီထောက်ပံ့မှုများကို အချိန်နှင့်တစ်ပြေးညီ Real Time တိတိကျကျ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြား ခဲ့သည်။   
ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ဆောင်
လူဆိုသည်ကား    ဝမ်းရေးအတွက်     ရေကြည်ရာမြက်နုရာ သွားရောက်ပြီး  ၎င်းတို့၏  အနာဂတ်အတွက်   စီးပွားရှာတတ်၏။ တစ်ပါးမြေမှာ ဆွေရိပ်၊ မျိုးရိပ်ကင်းစွာ အလုပ်လုပ်ရ၏။ အားချည့် နေချိန် တိုင်းပြည်အပေါ် လွမ်းဆွတ်နေသည်မှာ ဓမ္မတာပင်ဖြစ်၏။ ကိုဗစ်-၁၉  ရောဂါကြောင့် တိုင်းတစ်ပါးနိုင်ငံများတွင် ပိတ်မိနေသော အမိနိုင်ငံသားတို့၏ ဘဝကို တပ်မတော်အကြီးအကဲသည် ကြားသိရ သော သတင်းစကားများမှတစ်ဆင့် ကိုယ်ချင်းစာမိ၏။  “ကိုယ့်နိုင်ငံကို သူတို့လည်း ပြန်လာချင်မှာပေါ့”   ဟုခံစားမိ၏။   ထို့ကြောင့်လည်း   နိုင်ငံတော် အကြီးအကဲတာဝန်ယူစဉ် ဖေဖော်ဝါရီလ ၂ ရက်တွင် နိုင်ငံတော်သမ္မတ အိမ်တော်အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး၌  “ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း နိုင်ငံရပ်ခြားတွင် ကာလရှည်ကြာစွာ ပိတ်မိပြီး ဒုက္ခခံစားနေရသည့်  မြန်မာနိုင်ငံသားများအနေဖြင့်    မိမိတို့ မြန်မာနိုင်ငံသို့ပြန်လာသင့်ကြောင်း၊ အဆိုပါ ပြည်ပရောက်မြန်မာနိုင်ငံ သားများ   အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး    စီမံဆောင်ရွက် သွားမည်ဖြစ်ကြောင်း ” လမ်းညွှန်မှာကြားခဲ့သည်။ 
ဗြဟ္မစိုရ်တရား လက်ကိုင်ထား
စိတ်ထားအလှပိုင်ရှင်တစ်ဦးသည် အရာရာကိုအပြုသဘောဘက်မှ  ရှုမြင်တတ်၏။ သူ၏မွန်မြတ်သော စိတ်စေတနာနှင့်ကျင့်ကြံမှုတို့ကသာ အောင်မြင်ပေါက် ရောက်သည့် အနာဂတ်ဆီသို့ဆောင်ကြဉ်းပေးနိုင်ပေ၏။ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ထားကာ ကရုဏာ ထားအပ်သူအား ကရုဏာထား ရိုင်းပင်းကူညီပေးရမည် မဟုတ်ပါ လော။ ထိုနှလုံးလှပိုင်ရှင်များသာ အဖိုးတန်ဆုံးပင်ဖြစ်၏။ ထိပ်ဆုံး နေရာ ရောက်ရှိသူ ခေါင်းဆောင်များသည် ဗြဟ္မစိုရ်တရားများကို လက်ကိုင်ထားပြီး  လောကဓံဆိုးများအား  သည်းခံစိတ်အပြည့်ဖြင့် ဖြတ်သန်း၍ ထိပ်ဆုံးရောက်သွားကြသည် ချည်းသာဖြစ်၏။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား တာဝန်ယူပြီး ၁၅ ရက်အတွင်းမှာပင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ အတိဒုက္ခ ရောက်နေကြသော   မိမိတို့၏  နိုင်ငံသားများကို အမိမြေသို့ ပြန်လည် ရောက်ရှိရေး သွားရောက်ခေါ်ယူခဲ့သည်။  


မလေးရှားနိုင်ငံမှ  မြန်မာနိုင်ငံသားများအား   ခေါ်ဆောင်ရန်အတွက်   ဖေဖော်ဝါရီလ ၁၅ ရက်တွင် တပ်မတော် (ရေ) မှ စစ်ရေယာဉ်(မုတ္တမ)၊ ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) နှင့် စစ်ရေယာဉ် (ဆင်ဖြူရှင်) တို့ဖြင့် စနစ်တကျစီစဉ်၍ သွားရောက်ခေါ်ယူခဲ့ရာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် မလေးရှားရောက် မြန်မာနိုင်ငံသား ၁၀၈၆ ဦးအား အမိမြေပေါ်  ပြန်လည်ခြေချနိုင်အောင် ခေါ်ဆောင်နိုင်ခဲ့သည်။ ထို့အတူ ၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်တွင် စစ်ရေယာဉ် (တပင်ရွှေထီး)ဖြင့် အိန္ဒိယနိုင်ငံ  အန်ဒမန်ကျွန်း၌  အကြောင်းအမျိုးမျိုးကြောင့်  ရောက် ရှိနေသည့် မြန်မာနိုင်ငံသားရေလုပ်သား ၇၀ ကိုလည်း သွားရောက် ခေါ်ယူခဲ့ရာ မတ်လ ၁၀ ရက်တွင် အမိမြေပေါ်သို့ ပြန်လည်ခေါ်ဆောင် ပေးနိုင်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်မှ စက်တင်ဘာလ ၇ ရက်အထိ  အကြောင်း အမျိုးမျိုးကြောင့် အိမ်နီးချင်းနိုင်ငံများ၌ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများသည် မြန်မာ-တရုတ် နယ်စပ်ဂိတ်များမှ ၁၈၀၀၀ ၊ မြန်မာ-လာအိုနယ်စပ်ဂိတ်မှ ၂၃၄၄ ဦး၊ မြန်မာ-ထိုင်းနယ်စပ်ဂိတ်များမှ  ၅၄၆၁၀   အသီးသီး ဝင်ရောက်လာခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့် အလမ်းနည်းပါး၍ ပြည်ပနိုင်ငံများတွင် ဒုက္ခမျိုးစုံကိုခံစားပြီး အခက် အခဲများစွာဖြင့်  သွားရောက်အလုပ်လုပ်ကိုင်နေရသော်လည်း မိမိအိမ် သည်သာ မိမိအတွက်နားခိုရာ အကောင်းဆုံးဖြစ်ပါသည်။ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်သူအပေါ်ထားရှိ သည့် သံယောဇဉ်တရားနှင့် စာနာနားလည်မှုတရားတို့အား ကာယကံ ရှင်များသာမက နိုင်ငံသူ၊ နိုင်ငံသားများ၊ ဆွေမျိုးသားချင်းများ၊ ဒေသ တွင်းနိုင်ငံများနှင့် တစ်ကမ္ဘာလုံးကပါ နှစ်ထောင်းအားရ ကြည်နူး မှုအပြည့်ဖြင့် လူသားချင်းစာနာ နားလည်သောလုပ်ဆောင်မှုအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။  မလေးရှားမှ   နေရပ်ပြန်အမျိုးသမီး တစ်ဦးက “ဒီလိုမျိုး လာခေါ်မယ်လို့လည်း တစ်ခါမှမမျှော်လင့်ခဲ့ဘူး၊ အခုလိုမျိုး ပထမဆုံးအနေနဲ့ တပ်မတော်ကနေပြီး ဒီလိုသင်္ဘောကြီးနဲ့လာခေါ်တယ်ဆိုတာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက်  အများကြီး လည်း ဂုဏ်ယူမိပါတယ်။ ကျေးဇူးတင်ပါတယ်။ နောက် ဒီ(မလေးရှား နိုင်ငံ)မှာ ကျန်တဲ့လူတွေကိုလည်း  အမြန်ဆုံး  ညီမလေးတို့လိုမျိုး ခေါ်ဆောင်ပေးပါလို့ တောင်းဆိုပါတယ်။ ဒီမှာကျန်ခဲ့တဲ့လူတွေက လည်း  အကြာကြီးဒုက္ခတော်တော်ခံရပါတယ်။ အကျပ်အတည်းတွေခံရ တယ်။ အငတ်အမွတ်တွေခံရတယ်။ ဒုက္ခတော်တော်ရောက်ပါတယ်” ဟူ၍လည်းကောင်း၊ နေရပ်ပြန်ရခိုင်အမျိုးသမီးတစ်ဦးက “သူများနိုင်ငံ ကတော့ လာခေါ်တယ်။  ကိုယ့်မြန်မာနိုင်ငံက  လာမခေါ်ဘူးဆိုတော့ တအား   အားငယ်ရတယ်။    သူများတွေပြန်တဲ့အချိန်မှာလည်း ကိုယ်လည်း    ပြန်ချင်တယ်။    ကိုယ့်မြန်မာနိုင်ငံကလာမခေါ်သေးလို့ ဘယ်ချိန်လာခေါ်မလဲဆိုတာ စောင့်နေရတယ်” ဆိုသည့် စကားသံ များကိုကြားရသည်မှာ ၎င်းတို့၏ခံစားနေရသော ဒုက္ခများ၊ ခိုကိုးရာမဲ့  အားငယ်စိတ်တို့ အပေါ် နားလည်ကိုယ်ချင်းစာမိ၏။ ထို့အပြင် ပြန်လည် ဆုံတွေ့ခွင့်ရ မိခင်တစ်ဦး၏ "ကျွန်မသားလေးကို သေပြီလို့အောက်မေ့ ထားတာပါ။ ကိုဗစ်အတွင်းမှာ ရှစ်လအဖမ်းခံထားရတယ်။ ကျွန်မမှာ စိတ်တွေမအေးရဘူး။ ညတွေဆို အိပ်လို့လည်းမပျော်ဘူး။ စစ်သင်္ဘောနဲ့ ခေါ်တယ်ဆိုတော့ ကျွန်မ Line ပေါ်မှာတွေ့တော့ အကုန် Save ပြီးတော့ အကုန်ဖတ်ကြည့်တယ်။ သတင်းမှာလည်းတွေ့တယ်။ ထမင်းစားနေတာ တွေ့တယ်။ ရင်ထဲမှာဘယ်လို ဖြစ်သွားမှန်းမသိဘူး။ အတော်လည်း ဝမ်းသာတယ်”ဟု ပီတိစကားသံများသည် ၎င်းတို့နှင့်ထပ်တူ ဝမ်းနည်း ဝမ်းသာ  တစ်ပြိုင်နက်ခံစားရမိ၏။  ပြန်လည်ခေါ်ယူလာနိုင်ခဲ့သည့် နယ်မြေဒေသအစုံအလင်မှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ အမိမြေသို့ပြန်လည်ရောက်ရှိချိန်တွင်    ရင်ဖွင့်ပြောကြားချက်များ၊ မျက်ရည်များကြားမှ ပွင့်အန်ထွက်လာသည့်စကားသံများကို မြဝတီ ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသခဲ့ရာ ခံစားတတ်သူတိုင်း ဝမ်းသာပီတိ ဂွမ်းဆီထိမျှ တွေ့ကြုံခဲ့ရပါသည်။ ထိုခံစားချက်မျိုးသည် ကာယကံရှင်နှင့် ၎င်းတို့၏ဆွေမျိုးအသိုင်းအဝိုင်းအဖို့ ပြောဖွယ်ရာမရှိတော့ပြီ။ ၎င်းတို့၏ ဆန္ဒကို နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်အကြီးအကဲနှင့်  တပ်မတော် က ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ မိသားစုတစ်ခုမှသည် မိသားစုများစွာ ဥမကွဲသိုက်မပျက်နေထိုင်နိုင်ရေး   စီစဉ်ပေးလိုက်၏။  အတိုင်းမသိ ဝမ်းသာကြည်နူးရမှုတို့ပင်ဖြစ်ပါသည်။ ရုပ်သံထုတ်လွှင့်ချက်များအရ နေရပ် ပြန်သူများအမိမြေပေါ်သို့  ခြေချလိုက်သည်နှင့်  တစ်ပြိုင်နက် တည်း နိုင်ငံတော်အလံကို နမ်းခြင်း၊ မြေကြီးကိုနမ်းခြင်း၊ လက်အုပ်ချီ ကန်တော့ခြင်း စသည့်မြင်ကွင်းများမှာ ကာယကံရှင်တို့၏အားငယ်စိတ်မှ သည် အမိမြေဟူသည့် ခွန်အားတစ်ရပ်ကိုရရှိခံစားခဲ့ရပြီး နိုင်ငံတော် အစိုးရအနေဖြင့်လည်း ပြည်ပရောက်နိုင်ငံသားများကို ပစ်ပယ်မထား ကြောင်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပေသည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်ရှိ၏။ ဘိုးဘေးဘီဘင် အစဉ်အဆက်ကပင် အေးအတူပူအမျှနေထိုင်ခဲ့ကြ၏။ တိုင်းရင်းသားအချင်းချင်း ဆွေမျိုးသားချင်းကဲ့သို့ ချစ်ကြည်ရင်းနှီးစွာနေထိုင်ခဲ့ကြ၏။ နေရာဒေသ၊ လူမျိုး၊ ဘာသာ  ကွဲပြားသော်လည်း မြန်မာဆိုသည့် သွေးချင်းစိတ်ဖြင့် တစ်စိတ်တစ်ဝမ်းတည်းရှိနေကြ၏။ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုများဖြင့် စုပေါင်းဖွဲ့စည်း ထားသော ပြည်ထောင်စု တပ်မတော်ကြီးမှတပ်မတော်သားများ သည်လည်း မိဘဆွေမျိုးသားချင်းနှင့်ခွဲခွာကာ နိုင်ငံတော်အတွက် တာဝန်ကျရာဒေသအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင် နေရသူများဖြစ်၏။ မိသားစုနှင့်ဝေးကွာနေသူများအဖို့  နေအိမ် လွမ်းစိတ်ရှိတတ်ကြသည်မှာ အမှန်ပင်ဖြစ်၏။ ထို့အတူ အကြောင်း အမျိုးမျိုးကြောင့် ရေခြား၊ မြေခြား ပြည်ပရောက်နေသည့်  တိုင်းရင်း သား  ညီအစ်ကိုမောင်နှမများသည် တပ်မတော်သားများကဲ့သို့ အမိမြေနှင့်ဆွေမျိုးသားချင်းတို့အပေါ် သတိတရလွမ်းဆွတ်နေသည်မှာ မလွဲဧကန်ပင်ဖြစ်၏။ တပ်မတော်သားတို့က ၎င်းတို့နှင့်ထပ်တူ မျှဝေခံစားနားလည်နိုင်ပေ၏။ ထို့အတွက်လည်း  စေတနာထား လုပ်ဆောင်နေခြင်းသည် ပကတိအရှိတရားပင်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုသော် လူ့ဘဝဟူသည် အခိုက်အတန့်၊ အကန့် အသတ်နှင့်သာ  ပိုင်ဆိုင်ခွင့်ရသော  တစ်ခဏဘဝသာဖြစ်ပေရာ အားနည်းသူကို ရိုင်းပင်းကူညီရပေမည်။ လူသားတိုင်းသည် လောဘ၊ ဒေါသ၊ မာန၊ အဝိဇ္ဇာ၊ မောဟ စသောအမိုက်မှောင်တို့ကို ထိန်းချုပ် နိုင်ကြလျှင် စိတ်ကောင်းစိတ်မြတ်များသာဖြစ်တည်လာပေမည်။ လူတစ်ဦး၏ စိတ်ထားကောင်းမွန်ခြင်းဖြင့် လူသားအားလုံးအပေါ် မေတ္တာရနံ့တို့လွှမ်းခြုံမည်သာဖြစ်ပေမည်။ လူသားတိုင်း တစ်ဦး အပေါ်တစ်ဦး ဗြဟ္မစိုရ်တရားလက်ကိုင်ထားကာ ပြုမူဆက်ဆံ ဆောင်ရွက်နေပါလျှင် အဘယ်မျှစိတ်အေးချမ်းမြေ့ဖွယ်ရှိပေမည် နည်း။ ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏  နေရပ်ပြန် မြန်မာနိုင်ငံသားများအပေါ်  ဆောင်ရွက်ချက်များသည်     သစ်တစ်ပင် ကောင်းက    ငှက်တစ်သောင်းနားခိုနိုင်သည်      ဆိုသည့်အတိုင်း  “ကာယကံရှင်နှင့် ကာယကံရှင်အသိုက်အဝန်းအတွက် အေးမြသော အရိပ်ဖြင့်  ရှင်သန်ရပ်တည်ခွင့်ပေးခဲ့သော  သစ်ပင်ကြီးနှင့်သာ တူချေ၏” ဟု ဆိုရမည်ဖြစ်သကဲ့သို့   ကောင်းမွန်မြင့်မြတ်သည့်    လုပ်ဆောင်ချက်အဖြစ် ကမ္ပည်းတင်ရစ်နေမည်မှာ အမှန်ပင်ဖြစ်သည်။ ထို့အတူ သစ်ပင်အရိပ်ခိုလှုံသူ နိုင်ငံသားအားလုံးမှ ကိုယ်ချင်းစာတရား လက်ကိုင်ထား၍ အချင်းချင်းဖေးမကူညီဆောင်ရွက်ပေးခြင်းဖြင့် သစ်ပင်ကြီးနှင့်တူသော နိုင်ငံတော်သည်လည်း ထာဝရတည်တံ့နေပေ မည်သာဖြစ်ပါကြောင်း ယုံကြည်မိပါတော့သည်။    ။