မွန်မြတ်သောစေတနာ လူ့အရင်းအမြစ် ပျိုးထောင်

ယနေ့ကာလတွင် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့ကျလာပြီဖြစ်၍ အခြေခံပညာကျောင်းများ ဖွင့်လှစ်ပြီးနောက် အဆင့်မြင့်ပညာကျောင်းများ ဖွင့်လှစ် ရန် ပြင်ဆင်ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ပညာအမွေပေးဝေရေးအတွက် အခြေခံပညာ ဆရာ ဆရာမများနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမ များ သစ်လွင်ကြိုဆိုပွဲများ၊ မွမ်းမံသင်တန်းဖွင့်လှစ်ပွဲများကို  မြင်တွေ့ရသည်မှာ နိုင်ငံအတွက် ဝမ်းမြောက်ဖွယ်၊ အားတက်ဖွယ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲဖြစ်သည်ကို အကြောင်းပြုပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သည့် CDM လှုပ်ရှားမှုများတွင် ပညာရေးဝန်ထမ်း များလည်း ပါဝင်ခဲ့သည်။  CDM ပြုလုပ်မှုကြောင့် ပညာရေးကဏ္ဍတွင် လစ်ဟာ သွားသောကွက်လပ်ကို ယခုပညာရေး သစ်လွင်ဆရာ ဆရာမများဖြင့် ပြန်လည် ဖြည့်တင်းအားသစ်လောင်းလိုက်သည်။ ဆရာ ဆရာမများသည် စေတနာ၊ ဝါသနာ၊ အနစ်နာတည်းဟူသော နာသုံးနာကို လက်ကိုင်ထားပြီး ကျောင်းသား ကျောင်းသူ လေးများအပေါ်တွင် မိဘသဖွယ်သဘောထား၍ အသိပညာ၊ အတတ်ပညာ တတ်မြောက်ရေးသာမက လိမ္မာရေးခြားရှိစေရေးကိုပါ သွန်သင်ညွှန်ပြပေးသဖြင့် အနန္တဂိုဏ်းဝင်အဖြစ် မိဘနှင့်တစ်တန်းတည်းထားသည်။


မြန်မာနိုင်ငံ၌ ဆရာ ဆရာမများအပေါ် အနန္တဂိုဏ်းဝင်အဖြစ် ရိုသေလေးစားမှု သည် မည်သည့်နိုင်ငံတွင်မှမရှိသည့် ရှေးအစဉ်အလာမပျက် ယဉ်ကျေးမှုတစ်ရပ် ပင်ဖြစ်သည်။ သို့သော် မွန်မြတ်သောစေတနာများဖြင့် အစဉ်အလာမပျက် တပည့် များအပေါ်တွင် မေတ္တာ၊ စေတနာထားသော ဆရာ ဆရာမတို့၏ဘဝနှင့် မဆီ လျော်သည့် နိုင်ငံရေးအရောင်ဆိုးခြင်း  ခံခဲ့ရသည်။ ဆရာ ဆရာမများ စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် လုပ်ကိုင်ခဲ့သော ပညာရေးလောကကို စွန့်လွှတ်ခဲ့သည်မှာ စိတ်မကောင်းစရာဖြစ်သည်။ မိမိသားသမီးကဲ့သို့ တပည့်များအား မပစ်ပယ် နိုင်သော ဆရာ ဆရာမများက ပညာသင်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင် နေကြသည်မှာ စိတ်ချမ်းမြေ့စရာ၊ ဝမ်းမြောက်စရာဖြစ်သည်။


ယခုအခါ အခြေခံပညာကျောင်းများဖွင့်လှစ်ပြီး အဆင့်မြင့်ပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ စာသင်ကျောင်းများဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်နေသည့်ကာလနှင့် လက်ရှိသင်ကြားနေသည့်ကာလတွင် မိမိပါတီ အာဏာရရှိရေးကိုရှေးရှု၍ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ နိုင်ငံရေးအစွန်းရောက် NLD ပါတီဝင်များနှင့် ၎င်းတို့ကို ထောက်ခံသူများ၊ ၎င်းတို့နှင့်အပေါင်းပါများဖြစ်သည့် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသော CRPH ၊ NUG နှင့် PDF တို့က ပညာရေးဝန်ထမ်းများအား CDM လှုပ်ရှားမှုတွင် ပါဝင်လာစေရန် ပြုလုပ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများအပြင် ကလေးငယ်များ ပညာ သင်ကြားရေး အခက်အခဲဖြစ်စေရန်၊ စိုးရိမ်ထိတ်လန့်ကြောက်လန့်ခြင်းဖြစ်စေရန် စာသင်ကျောင်းများကို ဗုံးထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကို အကြံ ပက်စက်စွာပြုလုပ်ကြသည်။ 


ထို့အပြင် ဆရာ ဆရာမများက ကလေးများအား စာသင်ကြားခြင်းမပြုနိုင်ရန် ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသောကြောင့် ဆရာ ဆရာမများ ထိခိုက်ဒဏ်ရာရမှုအချို့ရှိသည်သာမက အချို့ ဆရာ ဆရာမများ အသက်သေဆုံးရသည်အထိ ဖြစ်ခဲ့ရသည်ကို စိတ်မချမ်းမြေ့ဖွယ်ကြားသိရသည်။ ထိုသို့ အနန္တဂိုဏ်းဝင် ဆရာ ဆရာမအချို့ ထိခိုက်နစ်နာ၊ သေဆုံးခဲ့ရမှုအတွက် အေးချမ်းစွာနေထိုင်ကြသော အများပြည်သူတို့နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ထိခိုက်ခံစားခဲ့ရသော မိသားစုများနှင့်ထပ်တူ အထူးပင် ဝမ်းနည်းကြေကွဲ ဖြစ်ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကလေးငယ်များအား  ပညာသင်ကြား ပေးနေကြသော အနန္တဂိုဏ်းဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ လေးများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစွမ်းကုန်ကာကွယ်စောင့်ရှောက် ပေးနိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိသည်။


မကောင်းမှု၊ မတရားမှုတို့ပြုလုပ်မှုနှင့်ပတ်သက်၍ ရှက်ခြင်း၊ ကြောက်ခြင်း ဟူသော ဟီရိ၊ သြတ္တပ္ပတရားတို့သည် ရိုးသားစွာနေထိုင်ကြသော ပြည်သူများက အလေးထားလိုက်နာကျင့်သုံးကြသည်။  ရိုးသားပြီး  စေတနာဖြူစင်ကြသော အနန္တဂိုဏ်းဝင်ဆရာများသည် အခက်အခဲ၊ အကျပ်အတည်း၊ အနှောင့်အယှက် မျိုးစုံကြားမှ မွန်မြတ်သည့် ဆရာဂုဏ်ပုဒ်နှင့်အညီ ကောင်းမြတ်သောစိတ်ထားကို ထိန်းသိမ်းကြသည်။ နိုင်ငံအနာဂတ်အတွက် ပညာတတ်လူချွန်လူကောင်းလေးများ ဖြစ်လာအောင် ပညာသင်ကြားရေးတာဝန်များကို  မစွန့်ပယ်မလစ်ဟင်းစေဘဲ အားကြိုးမာန်တက် ထမ်းဆောင်လျက်ရှိသော ဆရာ ဆရာမများအား အသိအမှတ် ပြုကြရမည်ဖြစ်သည်။


သို့ဖြစ်ရာ မွန်မြတ်သောစေတနာဖြင့်    လူသားအရင်းအမြစ်များကို ပြုစု  ပျိုးထောင်မွေးထုတ်ပေးနေသော အနန္တဂိုဏ်းဝင် ဆရာ ဆရာမများအား နိုင်ငံအတွင်းရှိ အေးချမ်းစွာနေထိုင်ကြသော ပြည်သူများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း။    ။