Type

ဆောင်းပါး
----------
ဆူးငှက်
၁၉၆၂ ခုနှစ် နောက်ပိုင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုပွဲကာလနီးပြီဆိုလျှင် မန္တလေးမြို့ ပြလမ်း များပေါ်မှာ လမ်းမီးတွေအသစ်ဆင်သည်။ အားနည်း သောမီးကို အားကောင်းသောမီးနှင့် လဲလှယ်သည်။ လမ်းမီးကျွမ်းလျှင် အသစ်တပ်ဆင်သည်။ ထိုစဉ်က ဈေးချိုတော်ကိုဗဟိုပြု၍ ၈၄ လမ်း(ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး)၊ ၈၃ လမ်း၊ ၈၂ လမ်း၊ ၈၁ လမ်း၊ လမ်း ၈ဝ၊ ၂၆ ဘီအာဇာနည်လမ်း၊ ၃၅ အေလမ်း စသည်များမှာ မာကျူရီလျှပ်စစ်မီးရောင်တွေ ထိန်ထိန်လင်းစေသည်။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှာ ဓာတ်တိုင် တိုင်းစေ့ ခေတ်မီလမ်းမီးများ စနစ်တကျတပ်ဆင်ခဲ့၏။
ဟီးနိုးကားမစီးဖူးသော မန္တလေးသားတွေ
တချို့သော ပြည်ထောင်စုနေ့များတွင် ပွဲမစတင်မီ ကတည်းက ဘတ်စ်ကားမှတ်တိုင်အသစ်များစိုက်ထူပြီး ရန်ကုန်မြို့မှ ဟီးနိုးကားသစ်ကြီးများပေးပို့ကာ ဘုရား ကြီး၊ ဈေးချို၊ အနောက်ကျုံးလမ်း၊ မန်းရာပြည့်ကွင်း၊ အရှေ့ကျုံးလမ်း၊ မြူနီစီပယ်ရုံး၊ ဘူတာကြီး၊ ဘုရားကြီး...ကို အဆက်မပြတ်ပြေးဆွဲပေးခဲ့သေး၏။ ပြည်ထောင်စုပွဲ အပြီးအထိ တစ်လလောက်ကြာမှာပေါ့။ ဒရိုင်ဘာကလည်း ယူနီဖောင်းအသစ်နှင့်၊ တစ်နှစ်တင်က အမျိုးသမီးစပယ် ယာများက ယူနီဖောင်းကိုယ်စီနှင့်မို့ ဟီးနိုးကားမစီးဖူး သော မန္တလေးသားတွေ ကြိတ်ကြိတ်တိုးအားပေးကြ သည်။ တစ်နေ့လုံးတစ်ညလုံး ပြေးဆွဲပေးကာ ညရောက် လျှင် ဟီးနိုးကားပေါ် မီးထိန်ထိန်လင်းနေ၏။
ပြည်ထောင်စုအလံတွေ ရဲရဲနီလို့
ထိုသို့သော ပြည်ထောင်စုနေ့များတွင် မြို့လုံးကျွတ် အိမ်တိုင်းစေ့မှာ ပြည်ထောင်စုအလံတွေ ရဲရဲနီလို့...။ အိမ် အတော်များများက မီးရောင်စုံထွန်းညှိလို့...။ ဈေးချို၊ နာရီစင်၊ ဟံသာဝတီသတင်းစာတိုက်၊ မြူနီစီပယ်ရုံး၊ ကြေးနန်းရုံး၊ စာတိုက်ကြီးနှင့် ရုပ်ရှင်ရုံတိုင်းစေ့မီးပဒေသာ မီးလုံးရောင်စုံများထွန်းညှိလို့...။ မန်းရာပြည့်ကွင်းမှာ ကျုံးနံဘေးမှာ... မီးလုံး၊ မီးပွင့်၊ မီးချောင်း၊ မီးမောင်း ဖိတ် ဖိတ် လက်လို့...။ တစ်မြို့လုံးကလမ်းတွေမှာလည်း လမ်းမီး ထိန်ထိန်လင်းလို့...။ ဓာတ်စက်ရုံကြီးထဲက ရေနွေးငွေ့ အင်ဂျင်ကြီးကလည်း မီးခိုးခြောင်းခြောင်းထမျှ အစွမ်းပြပြီး လောပိတလျှပ်စစ်အားကို အကူအညီပေးလို့...။ တစ်မြို့ လုံးလည်း သိမ့်သိမ့်လှုပ်မျှ၊ ပွဲတော်ဆီဦးတည်လို့....။ ထိုအချိန်မျိုးဆိုလျှင် ကျုံးနံဘေးပတ်ပတ်လည်မှာမီးရောင်စုံတွေထိန်ထိန်လင်းမျှ ထွန်းညှိထားသည်။ မြို့ရိုး၏အထက် သူရဲခိုကလနားများအတိုင်း လျှပ်စစ် မီးလုံးတွေဆင်ထားသည်။ မြို့ရိုးပေါ်ရှိ ပြာသာဒ်ကြီးများ မှာလည်း မီးလုံးရောင်စုံတွေ သီးပွင့်နေ၏။
လျှပ်စစ်တန်ခိုးဖြင့်
ကျုံးနံဘေးသစ်ပင်တွေမှာပင် ဝါစိမ်းနီပြာ ခရမ်း လျှပ်စစ်မီးပွင့် အရွယ်အစားအမျိုးမျိုး အဆုပ်ဆုပ် ပွင့်ဖူးနေသည်။ ကျုံးရေထဲမှာ ရေပန်းရောင်စုံ..။ မင်္ဂလာ တံတား၊ အာဠဝီတံတားမှအစ... မေတ္တာပေါင်းကူးတံတား အထိ တံတားရုပ်လုံးအားလုံး လျှပ်စစ်တန်ခိုးဖြင့် ကျုံးရေ ပြင်မှာ နှစ်ကိုယ်ခွဲပြနေသည်။ ကျုံးမြောက်ဘက် ရာပြည့် ကွင်းထဲမှာလည်း ဆိုင်ခန်းတွေ၊ ပြခန်းတွေ၊ တီးဝိုင်းတွေ၊ အငြိမ့်တွေ၊ ပဒေသာကပွဲတွေဖြင့် ပခုံးချင်းတိုက်မျှ နေရာယူထားကြသည်။ လူသံ၊ သီချင်းသံ၊ ဈေးဝယ်ခေါ်သံ၊ ကုန်ပစ္စည်းကြော်ငြာသံများက သိမ့်သိမ့်လှုပ်နေ၏။ အမြဲတမ်းဦးမော့နေသော ဈေးချိုနာရီစင်ကြီးကလည်း ထိုနေ့တွေမှာ လျှပ်စစ်ဝတ်ရုံသစ်ကြီး ဆင်မြန်းထားသည်။ အာဇာနည်လမ်းတစ်လျှောက် ရိုးကုမ္ပဏီအတက်မှသည် ကြေးနန်းရုံးပေါက်အထိ ခြေကျင်ခရီးသွားများ၊ စက်ဘီး များ၊ မြင်းလှည်းများက လမ်းလုံးပြည့်မျှ အရှေ့သို့ချည်း ဦးတည်နေကြ၏။
မန္တလေးသို့ပြည်ထောင်စုအလံတော် အလှည့်ကျနားမည့်နှစ်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့များတွင် လည်း အကယ်၍ မန္တလေးသို့ပြည်ထောင်စုအလံတော် အလှည့်ကျ နားမည့်နှစ်ရောက်လျှင် မန္တလေးတောင်ခြေ ရာပြည့်ကွင်းကြီး၌ ပြည်ထောင်စုပွဲတော်ကြီးကို ခမ်းခမ်းနားနား ကျင်းပသည်။ ရန်ကုန်မြို့(သို့မဟုတ်) ယခင်နှစ်က ပြည်ထောင်စုအလံတော်ရပ်နားခဲ့သော ပြည်နယ်နှင့်တိုင်း မြို့တော်ကြီးများမှ ပြည်ထောင်စု အလံတော်ကို မန္တလေးသို့ လက်ဆင့်ကမ်းသယ်ဆောင်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းမတည့်မီ ရာပြည့်ကွင်း ကြီးအလယ်မှ စင်မြင့်သို့ ဆိုက်မြိုက်ရောက်ရှိလာသည်။ ကျုံးနံဘေးမှာ လူတွေ ပြွတ်သိပ်ကျပ်၊ ဘင်ခရာသံတွေက သဲ့သဲ့...။ ဖြည်းဖြည်းချင်း နီးလာ...။ ညီညာလှပ အားမာန်တက်ကြွဖွယ် စစ်တက္ကသိုလ်ဘင်ခရာအဖွဲ့က လမ်းတစ်လျှောက် အလှပြတီးမှုတ်နေသည်။ ရာပြည့် ကွင်းကြီးထဲမှာ မီးသတ်ယာဉ်များဖြင့် ပက်ဖျန်းပေး နေသော်လည်း ပရိသတ် များလှ၍ ဖုန်လုံးကြီးထနေသည်။
သမိုင်းကြေးမုံထင်ဟပ်သည့် ကွင်းကြီး
ညရောက်လျှင် မန္တလေးတောင်ပေါ်မှာလည်း မီးစောင်းတန်းအသွယ်သွယ်...။ ရာပြည့်ကွင်းကြီးထဲ မှာလည်း မီးရောင်စုံထိန်ထိန်ညီးကာ မိုးယံဖောက်ထွက် နေ၏။ တကယ်တော့ မန္တလေးတောင်ခြေက ထိုကွင်းကြီး မှာ ၁၃၂၁ ခုနှစ် မန္တလေးနှစ်တစ်ရာပြည့်ပွဲကြီး ခမ်းခမ်း နားနားကျင်းပခဲ့သည်မို့ 'ရာပြည့်' ကွင်းဟု အမည်တွင်ခဲ့ သည်။ ရာပြည့်ကွင်းကြီးမှာ ထိုကဲ့သို့ မြို့လူထုနှင့် သက်ဆိုင်သည့် ရာပြည့်ပွဲ၊ ပြည်ထောင်စုပွဲ၊ အခြားလူထု အစည်းအဝေးပွဲကြီးတွေကျင်းပခဲ့သည်။ ထို့ပြင် မြို့၏ အထင် ကရ ဆရာတော်ကြီးများ၏ ဘုန်းကြီးပျံပွဲကြီးများ လည်း ရာပြည့်ကွင်းကြီးမှာပဲ အစဉ်အဆက်ကျင်းပခဲ့၏။ မန္တလေး၏ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဆိုင်ရာ သမိုင်းကြေးမုံထင်ဟပ်သည့် ကွင်းကြီးတစ်ကွင်း ဖြစ်သည်။ ယခု ရတနာပုံတိရစ္ဆာန်ဥယျာဉ် နေရာကွင်းကြီး ပေါ့။ ထိုကဲ့သို့သော ရာပြည့်ကွင်းကြီးမှာ ပြည်ထောင်စုနေ့ ကဲ့သို့ အခမ်းအနားကြီးများကျင်းပသောအခါ မြောက် ဘက် ကျုံးအတွင်း၌ လှေပြိုင်ပွဲများ၊ မြောက်ဘက် ကျုံးနှင့် မြို့ရိုးကြားမြေကွက်လပ်၌ လှည်းပြိုင်ပွဲများ ကျင်းပခဲ့ သည်။
သည်မြင်ကွင်းတွေက ဘာမှမကြာလိုက်....။ ပွဲပြီး တာနှင့် အိပ်မက်ပမာလွင့်ပျံထွက်ပြေးသွား...။ ကွင်းခေါင် ခေါင်မှာ နှင်းမှုန်များပဲ ကျန်ရစ်ပေါ့...။
လူထုသဘောဆောင်သည့်
အခမ်းအနားကြီးများ
နိုင်ငံနှင့်သက်ဆိုင်သော လူထုသဘောဆောင်သည့် အထိမ်းအမှတ်အခမ်းအနားများကို လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲခြင်းဖြင့် နိုင်ငံ၏သမိုင်းကို သိရှိသဘောပေါက် စေခြင်းက လူထုပညာရေးပဲဖြစ်ပါ၏။ နိုင်ငံတော်၏ လမ်းစဉ်ကလည်း လူထုကိုကောင်းကျိုးပြုမှ လူထု သဘောဆောင်သည့် အခမ်းအနားကြီးများဖြစ်မည်။ လူထုပညာရေးက လူထုအစိုးရဖြစ်မှုနှင့် တိုက်ရိုက်အချိုး ကျသည့်သဘော... ။ ။
- Log in to post comments