
ခင်မောင်
(ဟိုတယ်/ခရီး)
စုပေါင်းပြုရာ ပြည်မြန်မာဝယ်
မြန်မာနိုင်ငံသည် ပထဝီအနေအထား အရ အခြားနိုင်ငံများနှင့်မတူ လှပသည့် နိုင်ငံနယ်နိမိတ်၊ ပုံသဏ္ဌာန်၊ သဘာဝ အရင်းအမြစ်များဖြစ်သော ကုန်း၊ မြေ၊ ရေ၊ မြစ်ချောင်း၊ အင်းအိုင်၊ တောင်ကုန်း တောင်တန်းများ၊ ပင်လယ်ကမ်းရိုးတန်း များ၊ နှင်းတောင်တန်းများ စသည်တို့ ဝန်းရံလျက်ဖြင့် အိမ်နီးချင်းနိုင်ငံများ ကြားတွင် လှပစွာတည်ရှိနေပါသည်။ နိုင်ငံအတွင်း၌ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းဟူသည် ပင်မတိုင်းရင်းသားများအား အခြေခံ လျက် တိုင်းရင်းသားအမျိုးအနွယ် ၁၃၅ မျိုးတို့ဖြင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုတွင် ဒေသမခွဲ၊ လူမျိုးမခွဲ၊ ယုံကြည်ကိုးကွယ် ရာ ဘာသာမခွဲ စုပေါင်းနေထိုင်လာခဲ့ကြ သည်မှာ ရှေးနှစ်ပေါင်းများစွာကပင် ဖြစ်သည်ဟု စာသဘောအရ ဖော်ပြနိုင် ပါသည်။ လက်တွေ့အရ ဂုဏ်ယူစွာဖြင့် ဖော်ပြရလျှင် မိမိမွေးဖွားကြီးပြင်းလာ သည့် သက်တမ်းတစ်လျှောက် လက်တွေ့ ပင်ဖြစ်ပြီး ထိုမျိုးနွယ်စုများတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ယုံကြည်ကိုးကွယ်မှု ကွဲပြားစွာတည်ရှိနေသကဲ့သို့ ရိုးရာ ပွဲလမ်းသဘင်များကိုလည်း သတ်မှတ် ရက်များအလိုက် စုပေါင်းပါဝင်မှုဖြင့် ကျင်းပလျက်ရှိကြသည်။
တစ်နှစ်ပတ်လုံး ပွဲလမ်းသဘင်များ ဖြင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာ စီရင်ကျင်းပနေထိုင်ခဲ့ကြသည့်နည်းတူ မိရိုးဖလာ လယ်ယာလုပ်ငန်းခွင်များ ပြီးစီးပြီး ကောက်ပဲသီးနှံများပေါ်ချိန် မိုးအကုန် ဆောင်းအကူးကာလမှစ၍ နီးစပ်ရာမြို့ရွာများ၊ တန်ခိုးကြီးဘုရားများ တည်ရှိရာဒေသများ၊ ပင်လယ်ကမ်းစပ် အပန်းဖြေကမ်းခြေနေရာများသို့ ဆွေမျိုး မိတ်သင်္ဂဟများ စုပေါင်းကာဖြင့် ခရီး ရက်တို/ ရက်ရှည် လည်ပတ်ကြသည့် ချစ်စဖွယ် အစဉ်အလာကောင်းများဖြင့် နေထိုင်လာခဲ့ကြပါသည်။
သီတင်းကျွတ်ဘုရားပွဲတော်
ယခုလိုအခါသမယ မိုးအကုန် ဆောင်းအကူး မြန်မာလဖြစ်သော သီတင်းကျွတ်ကာလတွင် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ အပန်းဖြေနားနေနိုင် သည့် ခရီးစဉ်များ ပြန်လည်ပွင့်လန်းလာ စမြဲဖြစ်ရာ ငပလီ၊ ချောင်းသာ၊ ငွေဆောင် ကဲ့သို့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း များ၊ စက်စဲ၊ မော်တင်စွန်း၊ အင်းတော်ကြီး၊ အင်းလေးကဲ့သို့ ဘုရားဖူးအပန်းဖြေ နေရာများ၊ ရွှေတိဂုံဘုရား၊ မဟာမြတ်မုနိ ဘုရား၊ ကျိုက်ထီးရိုးဘုရားများအပါဝင် ဒေသအသီးသီးရှိ တန်ခိုးကြီးဘုရားများ သို့ ဘုရားဖူး၊ အပန်းဖြေခရီး ရက်တို/ ရက်ရှည် သွားရောက်လည်ပတ်ရန် စုပေါင်းညှိနှိုင်း ရွေးချယ်စီစဉ်ကြသည် မှာလည်း မြန်မာလူမျိုးတို့၏ အလေ့အထ တစ်ခုဖြစ်ပေသည်။
မွန်တို့ဌာနီခရီးသွားမည်
ထိုသို့သော ပြည်တွင်းခရီးစဉ်များ ထဲတွင် ငယ်စဉ်ကာလမှ ယနေ့ထိတိုင် မရိုးနိုင်သည့် မွန်ပြည်နယ်ရှိ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ထား သည့် ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ တောင်တက်ခရီး ဘုရားဖူးခရီးစဉ်အား မိတ်ဆက်တင်ပြလိုစိတ်က ဖြစ်လာ၍ မှတ်မိသိရှိသမျှ တင်ပြလိုပါသည်။
မွန်ပြည်နယ်တွင် မော်လမြိုင်နှင့် သထုံခရိုင်နှစ်ခု၊ မြို့နယ်ဆယ်ခု (ထပ်မံ အတည်ပြုထားသည့် မြို့နယ်၊ မြို့နယ်ခွဲ များ ရှိနိုင်ပါသည်)နှင့် ကျေးရွာပေါင်း တစ်ထောင်ကျော်ရှိကြောင်း မှတ်သားဖူး ပါသည်။ မွန်ပြည်နယ်တွင် ဗုဒ္ဓဘာသာဝင် များသာမက အခြားသော ဘာသာဝင်များ ၏ ဓလေ့ထုံးတမ်းအရ ကိုးကွယ်ယုံကြည် မှုပြုကြသည့် အမည်ကျော်ကြား တန်ခိုး ကြီးဘုရားများစွာ ရှိသည့်အနက် ကျိုက်ထိုမြို့ ကျိုက်ထီးရိုးစေတီသည် လူသိများသော ဗုဒ္ဓဘာသာဘုရားဖူး နေရာတစ်ခုဖြစ်ပါသည်။ ရွှေအရွက်များ ဖြင့် ဖုံးအုပ်ထားသော ကျောက်ဆောင် ထိပ်တွင် ဗုဒ္ဓဆံတော်အား ဌာပနာပြု တည်ထားသော မြန်မာပြည်တွင် ဗုဒ္ဓ ဆံတော်ဌာပနာပြု တည်ထားကိုးကွယ် သည့် တန်ခိုးကြီးဆံတော်ရှင်စေတီ၊ ပုထိုးများတွင် တစ်ဆူအပါအဝင်ဖြစ်ကာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီဟု အမည် နာမဖြင့် ဂုဏ်သတင်းကျော်ကြားသည့် စေတီတော်ငယ်တစ်ဆူ တည်ရှိပါသည်။ စေတီတော် တည်ထားသည့် ကျောက် တုံး၊ ကျောက်ဆောင်အနေအထားမှာ အံ့ဩဖွယ်ရာဖြစ်ကာ ပြည်တွင်းခရီးသွား များသာမက ပြည်ပဘုရားဖူး၊ လေ့လာသူ များအကြား ဂုဏ်သတင်း ကျော်ကြား လျက်ရှိပါသည်။ စေတီတည်ထားရာ နေရာမှာလည်း သာမန်ပြည်သူများ နေထိုင်ရာ ရပ်ရွာများနှင့် အလှမ်းကွာဝေး ခြင်း၊ တောင်ကုန်းတောင်တန်းများ၊ သဘာဝတောတောင်လျှိုမြောင်၊ စိမ့်စမ်း များကို ကျော်ဖြတ်ပြီးမှ ခက်ခက်ခဲခဲ ရောက်ရှိဖူးမြော်နိုင်သည့် စွန့်စားခရီးစဉ် တစ်ခု ဖြစ်ခြင်းတို့ကြောင့် ပြည်တွင်း ပြည်ပ ခရီးသွားများအကြား စိတ်ဝင်စား မှုများစွာ ရှိခြင်းလည်းဖြစ်ပါသည်။
ပျော်ပျော်ပါးပါးတောင်တက်ခရီးသွား
ကျိုက်ထီးရိုးစေတီ သမိုင်းနှင့် ပတ်သက်သည့် လေ့လာမှတ်သားဖွယ် မှတ်တမ်းများ၊ ခရီးသွားဆောင်းပါးများ၊ ငယ်စဉ်ကပင် စွဲမက်စွာကြည့်ခဲ့ရသည့် ရုပ်ရှင်ဗီဒီယို မှတ်တမ်းများရှိပြီး ကိုယ်တိုင်လည်း ငယ်စဉ်မှ ယနေ့တိုင် အခွင့်အခါသင့်တိုင်း မိသားစုနှင့် မိတ်ဆွေ သူငယ်ချင်းများ စုဖွဲ့ကာဖြင့် ဘုရားဖူး ခရီးသွားဖြစ်ခဲ့ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ကျိုက်ထိုမြို့သို့ ရထား၊ မော်တော်ကားတို့ဖြင့် သွားရောက်ပြီး ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းစခန်း မှစတင်၍ သက်ကြီးရွယ်အိုများမှာ ပုခက် ထမ်းစင်ဖြင့်တစ်မျိုး ကလေးသူငယ်နှင့် ပစ္စည်းများအား အထမ်းသမားများငှား၍ တစ်ဖုံ၊ လူငယ်လူရွယ်များမှာ အုပ်စုဖွဲ့ ခြေကျင်ခရီးတက်ခဲ့ကြပါသည်။ လမ်းခရီး တစ်လျှောက် တောတောင်လျှိုမြောင် စိမ့်စမ်းများတွင် ဆော့ကစားကာဖြင့် ပျော်ပျော်ပါးပါး တောင်တက်ခရီးမှာ မောပန်းရကောင်းမှန်းပင်မသိ တက်ရ သည့်ခရီးမှာ အတက်နှင့်အဆင်း လူငယ် လူရွယ်တို့၏ နောက်ပြောင်ကျီစယ်မှု များက အပန်းပြေစေမှုနှင့် အမှတ်ရ စေသည့် တောင်တက်ခရီးစဉ်တစ်ခု အဖြစ်လည်း တည်ရှိနေပေသည်။
တောင်ပေါ်သို့ ခြေကျင်ခရီးဖြင့် ဆိုပါက ကင်မွန်းစခန်းမှ ရေမြောင်လေး၊ မရမ်းတောင်တက်၊ ရွှေရင်စို့၊ ရွှေရင်သာ၊ ရေတံခွန်၊ ကျားဆွဲစခန်း၊ မျှော်တော်မူ၊ ရေမြောင်ကြီး၊ မဟာမြိုင်စခန်း၊ ဘိုးပြန် တောင်၊ အောက်ဆိုင်တမော့၊ အထက် ဆိုင်တမော့၊ စခန်းကလေး၊ နဂါးပတ်၊ ပန်းတင်ကျောက်(ဟုန်းနတ်) လွမ်း/ မြစေတီ၊ ကျောက်သမ္ဗန်၊ ရွှေနန်းကျင် မှသည် ကျိုက်ထီးရိုးရင်ပြင်ဆီသို့ တောင် တက်ခရီး အကွာအဝေး ၇ မိုင် ၇ ဖာလုံ ခန့်အား ၅ နာရီခန့် နားနားနေနေ တက်ရောက်ရပြီး ခရီးစဉ်တစ်လျှောက် တွင် တစ်ထောက်နားရာ ဈေးဆိုင်ငယ် လေးများ၊ ဒေသဈေးသည်များ၏ နားပါ၊ စားပါ၊ အပန်းဖြေပါ၊ တည်းခိုစရာစီစဉ် ပေးမှာ စသည့်လှိုက်လှဲပျူငှာစွာ အသံ ဝဲဝဲ၊ ထူးခြားသည့် လေယူလေသိမ်း စကားအသုံးအနှုန်းလေးများနှင့် ခရီး ဦးကြိုပြုကြသည့် ဒေသနေပြည်သူတို့၏ ချစ်စရာဓလေ့ကလည်း အမှတ်ရစရာပင် ဖြစ်သည်။
အံ့ဖွယ်ထူးခြား ဆံတော်ရှင်ဘုရား
ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၁၁၀၀ အမြင့်ရှိသော တောင်၏ အစွန်းကျကျနေရာ ကျဉ်းကျဉ်းလေးတွင် သာမန်ကြည့်လျှင် ပြုတ်ကျလုဆဲဆဲ ပုံစံဖြင့် ရွှေရောင်တောက်ပနေသော ကျောက်တုံးကြီးပေါ်တွင် ဗုဒ္ဓဘုရားရှင်၏ ဓာတ်တော်မွေတော်များ ဌာပနာထား သော ဉာဏ်တော် ၇.၃ မီတာ (၂၄ပေ) အမြင့်ရှိ ကျိုက်ထီးရိုးစေတီတော်အား ပတ်လည်ထုထည် ပေ ၅၀ ခန့်ရှိ ကျောက် ဆောင်ကြီး၏ အစွန်းကျကျနေရာတွင် မေးတင်လျက် ဖူးတွေ့ရမည်ဖြစ်ပါသည်။ ကမ္ဘာမြေကြီး၏ ဆွဲအားရှိသည်ကို ထည့်သွင်းမစဉ်းစားဘဲ ဆွဲငင်အားကို ဆန့်ကျင်သကဲ့သို့ ရုတ်တရက်သာသာ တွန်းလိုက်ရုံနှင့် ပြုတ်ကျသွားမည့် ပုံပေါ်နေသည့် နှိုင်းတုရာသဏ္ဌာန်အနေ ဖြင့် ရသေ့၏ ဦးခေါင်းပုံကျောက်တုံးကြီးအပေါ်တွင် တည်ထားသည့် ကျိုက်ထီးရိုး စေတီအား ဖူးတွေ့ရလျှင်ဖြင့် တစ်နေ ကုန် ပင်ပင်ပန်းပန်းတက်ခဲ့ရသည့် ခရီး ၏ အမောများပြေပျောက်ကာ စိတ်အေး ချမ်းကြည်လင်မှုကို ဘုရားဖူးလာသူ လူကြီးလူငယ်တို့ အပြည့်အဝ ခံစားကြ ရပါသည်။
အပ်ချည်ကြိုးဖြင့် ချည်ထားသော ဝါးနှီးဖျားလေးတစ်ခုကို ကျောက်တုံး အောက် လျှိုကြည့်ပါက အပေါ်ကျောက် တုံးနှင့် အောက်ကျောက်တောင်မှာ တစ်ခုနှင့်တစ်ခု မထိကြောင်းနှင့် ကျောက်တုံးကြီးပေါ် တည်ထားသော စေတီအား မွန်ဘာသာဖြင့် ကျိုက်-အိ-သီးရိုးဟုခေါ်တွင်ကြောင်း၊ ရသေ့ဦးခေါင်း သယ်ဆောင်ထားသော စေတီဟု အဓိပ္ပာယ်ရကြောင်း၊ အချိန်ကြာလာပြီး နောက်ပိုင်းတွင် ကျိုက်ထီးရိုးစေတီ၊ ကျိုက်ထီးရိုးတောင်ဟု ခေါ်ဝေါ်သတ်မှတ် လာကြကြောင်း၊ စေတီနှင့် ပတ်သက် သည့် ပုံပြင်၊ ဒဏ္ဍာရီ၊ နတ်၊ ဝိညာဉ် စသည့် နှုတ်ပြောသမိုင်းအကြောင်းအရာများကို လည်း တစ်ဆင့်စကား ကြားသိမှတ်သား ရဖူးပါသည်။
ခေတ်နှင့်ယှဉ်ကာ တိုးတက်လာသည် လုံခြုံစိတ်ချ တည်းခိုမည်
ယခုနောက်ပိုင်းတွင် ကင်မွန်းစခန်းမှ ဘုရားစေတီနှင့် အနီးဆုံးစခန်း ရောက်သည်အထိ တောင်တက်ကားဖြင့် မတ်စောက်မြင့်မား ဝေ့ဝိုက်နေသော တောင်တက်လမ်းခရီးကို သည်းထိတ် ရင်ဖိုခံစားရင်း တက်၍ရနေပြီဖြစ်သကဲ့သို့ ကင်မွန်းစခန်းမှ ရသေ့တောင်သို့ မော်တော်ယာဉ်ဖြင့်တက်၍ ရသေ့တောင် မှ တောင်ပေါ်သို့ ကေဘယ်လ်ကားဖြင့် လွယ်ကူစွာ တက်ရောက်နိုင်ပြီလည်း ဖြစ်ပါသည်။ ယခင်က ဘုရားရင်ပြင်တွင် ဘုရားဖူးကာ စားသောက်ဆိုင်တန်းရှိနားနေဆောင်များတွင် အိပ်ခန်းရယူ ညအိပ်နားနေရပြီး အလွန်အေးမြသည့် ရေကိုဝယ်ယူ၍ ကိုယ်လက်သန့်စင်မှု ပြုခဲ့ရသော်လည်း ယခုအခါ ဘုရားဖူး ဧည့်သည်များအတွက် ခေတ်မီပြည့်စုံ သော ဟိုတယ်များ၊ တည်းခိုခန်းများ၊ စားသောက်ဆိုင်များဖြင့် ပြည့်စုံစွာ တည်ရှိနေပြီဖြစ်ပါသည်။
ကျီးကန်းပါးစပ်၊ ဆောင်နိုင်ကြီး ရေတံခွန်များသို့လည်း သွားရောက် လည်ပတ်နိုင်ပါသည်။ ကျိုက်ထီးရိုး စေတီတော်သည် ဗုဒ္ဓဘာသာဝင်များ အကြား လူသိများသည့် ဘုရားဖူးခရီးစဉ် တစ်ခုဖြစ်ပြီး နှစ်စဉ်ပြည်တွင်း ဘုရားဖူး ပြည်သူ ထောင်ပေါင်းများစွာ လာရောက် ဝတ်ပြုရာ ဆံတော်ရှင်စေတီတစ်ဆူ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ အိမ်နီးချင်း နိုင်ငံဖြစ်သော ထိုင်းနိုင်ငံသားများမှ အလွန်တရာ ကြည်ညိုလေးစားကာ နှစ်စဉ်လာရောက် ဖူးမြော်ကြသည်ဖြစ်ရာ
နယ်စပ်ဒေသမှ ကျိုက်ထီးရိုးဘုရား လမ်းခရီးတစ်လျှောက်ရှိ ဒေသနေ ပြည်သူများမှာ ခရီးသွားလုပ်ငန်းမှ အကျိုးကျေးဇူးများကို ရရှိခံစားနေကြ ရပါသည်။
မွန်ပြည်နယ်တွင် ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာနမှ လုပ်ငန်း လိုင်စင်ရယူ၍ လုပ်ငန်းဆောင်ရွက် နေသည့် ဟိုတယ် ၄၅ လုံးနှင့် တည်းခို ရိပ်သာ ၂၆ လုံးတို့ရှိပြီး ၎င်းအနက် ကျိုက်ထီးရိုးတောင်ပေါ်တွင် ကျိုက်ထို ဟိုတယ်၊ ရိုးရိုးလေးဟိုတယ်၊ Mountain Top Hotel, Golden Rock Hotel (ရသေ့ တောင်) တို့ရှိပြီး အေးချမ်းစွာတည်းခို နေထိုင် ဘုရားဖူးနိုင်သကဲ့သို့ မြန်မာတို့ ဓလေ့အတိုင်း တောင်ပေါ်ရှိ ဘုန်းကြီး ကျောင်းများ၊ အိပ်ဆောင်များတွင် တည်းခိုနားနေနိုင်ပြီး ဘုရားဖူးများသည့် ကာလများတွင် ဘုရားရင်ပြင်တော် တိမ်လွှာမြူနှင်း ဖွေးဖွေးအောက်တွင် အိပ်စက်အနားယူကြရသည်များလည်း ရှိပါသည်။ တောင်ခြေကင်မွန်းစခန်းတွင် ဟိုတယ် ရှစ်လုံးနှင့် တည်းခိုခန်း နှစ်ခုတို့ တည်ရှိပြီး ကျိုက်ထိုမြို့ပေါ်တွင် ဟိုတယ် သုံးလုံး တည်းခိုရိပ်သာ နှစ်လုံးတို့မှ ဘုရားဖူးလာ ပြည်တွင်း/ ပြည်ပ ခရီး သွားများအား အဆင့်မီဝန်ဆောင်မှုများပေးလျက်ရှိပါသည်။
မွန်ပြည်နယ်ရှိ ဟိုတယ်၊ တည်းခိုခန်း များတွင် ဝန်ဆောင်မှုများပေးလျက် ရှိသည့် ဝန်ထမ်း ၁၀၅၂ ဦးသည် လက်ရှိ ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ၁၀၀ ရာခိုင်နှုန်း ထိုးနှံပြီးစီးပြီးဖြစ်ကြောင်းနှင့် Health and Safety Protocol (HSP) နှင့် ကိုက်ညီသည့် ဟိုတယ်အများစုအား Certificate (Regional) အဆင့် စစ်ဆေး ခွင့်ပြုထုတ်ပေးပြီးဖြစ်ရာ ဟိုတယ်များ တွင် တည်းခိုနေထိုင်ကာ လာရောက် လည်ပတ်ဘုရားဖူးမည့် ဧည့်သည်များ အား ကျန်းမာရေးအရ အထိုက် အလျောက်လုံခြုံစွာဖြင့် ဝန်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်ထားရှိပြီးဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။
စိတ်ချမ်းမြေ့ဖွယ် ခရီးထွက်ကြမယ်
မိုးရာသီကုန်ဆုံးကာ သွားလာမှု အဆင်ပြေသည့် ဆောင်းတွင်းကာလ ခရီးသွားရာသီသို့ ရောက်ပြီဖြစ်၍ မွန်ပြည်နယ် ကျိုက်ထိုမြို့ရှိ ကျိုက်ထီး ရိုးဘုရားအပါအဝင် ကျိုက်ထိုမြို့ပေါ်ရှိ ကျိုက်ပေါလော မှဲ့ရှင်ဘုရားနှင့် တန်ခိုး ကြီးစေတီပုထိုးများအား လှည့်လည် ဖူးမြော်နိုင်သကဲ့သို့ ကျိုက်ထိုမြို့မှ ကျော်လွန်၍ သထုံ၊ ဘီးလင်း၊ ကျိုက် မရော၊ မော်လမြိုင်၊ မုဒုံမှသည် ကျိုက္ခမီ စက်စဲသို့လည်း လည်ပတ်ကာ တန်ခိုး ကြီးဘုရားများ ဖူးမြော်နိုင်သကဲ့သို့ ဒေသထွက် သစ်သီးဝလံများ (ဒူးရင်း၊ မင်းကွတ်) စသည်တို့အား လတ်လတ် ဆတ်ဆတ် စားသုံးနိုင်ခြင်း၊ လတ်ဆတ် သည့် ပင်လယ်စာအစားအစာများ၊ အုန်းရေများ သောက်သုံးကာဖြင့် ဒေသ ဗဟုသုတရရှိ၍ စိတ်အေးချမ်းသာယာ သည့် မွန်ပြည်နယ် ခရီးစဉ်အပါအဝင် မြန်မာပြည်အနှံ့ ပြည်တွင်းခရီးစဉ် များအား လွတ်လပ်ပျော်ရွှင်စွာ စိတ်ကြိုက်ရွေးချယ် ပျော်ပျော်ပါးပါး လည်ပတ်ကာဖြင့် တစ်နှစ်တာကာလ စိတ်ပင်ပန်း နွမ်းနယ်မှုများအား ပြေပျောက်စေနိုင်ပါရန် တိုက်တွန်း အကြံပြုရေးသားတင်ပြအပ်ပါသည်။
- Log in to post comments