အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ ဒုတိယ ရက်သတ္တပတ်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မိမိတို့နိုင်ငံမှ ကျောင်းသား ကျောင်းသူများမှာလည်း ကျောင်းများပိတ်ရပြီး စာသင်ပျက်ခဲ့ရ သည်။ ၂၀၂၀ ပြည့်နှစ်တွင် စာသင်နှစ်တစ်နှစ် ဆုံးရှုံးခဲ့ရပြီး ကျောင်းသူ ကျောင်းသားတို့ အသက်တစ်နှစ် ကြီးပြင်းခဲ့ရသည်။ ၂၀၂၁ ခုနှစ် စာသင်နှစ်တွင်မူ စာသင်နှစ်အစ တစ်လကျော်ခန့် သာ သင်ကြားခဲ့ရပြီး ကပ်ရောဂါလှိုင်းမြင့်တက်လာမှုကြောင့် ကျောင်းများ တစ်ဖန်ပြန်၍ပိတ်ခဲ့ရပြန်သည်။ ယခု ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ငါးရာခိုင်နှုန်းအောက်သို့ လျော့ကျလာမှုနှင့်အတူ အသက် ၁၂ နှစ်အထက် ကလေးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီး နိုဝင်ဘာ ၁ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု စိတ်မချရသေးသည့် မြို့နယ် ၄၀ ကျော်မှလွဲ၍ ကျန်မြို့နယ်များတွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သည့်အခါတွင်မူ အကြမ်းဖက်အဖွဲ့အစည်းများ၏ ကျောင်းမတက် ရေး၊ ကျောင်းမအပ်နှံရေးလှုံ့ဆော်မှုများ၊ ခြိမ်းခြောက်မှုများနှင့် သတ်ဖြတ်တိုက်ခိုက်မှုများပါ ပေါ်ပေါက်လာသည်။
မည်သည့်အမှောင့်ပယောဂမှမရှိ၊ ခြိမ်းခြောက်မှုများလည်း ကင်းရှင်းမည်ဆိုပါက ကျောင်းသား ကျောင်းသူကလေးများ ကျောင်းတက်လိုကြသည်မှာ အမှန်တရားပင် ဖြစ်သည်။ ကျောင်း သား ကျောင်းသူတို့ ပညာသင်ကြားခြင်းက ၎င်းတို့၏ အနာဂတ် အတွက်ဖြစ်သလို နိုင်ငံ၏ အနာဂတ်အတွက်လည်း ဖြစ်သည်။ ယနေ့ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူတို့မှာ လာမည့် ၁၀ နှစ်၊ ၁၅ နှစ်ကာလတွင် နိုင်ငံတာဝန်တစ်ရပ်ရပ်ကို ကျရာနေရာမှ ထမ်းဆောင်ကြရမည့်သူများ ဖြစ်သည်။ မြန်မာ နိုင်ငံ၏ ပညာရေးအခြေအနေမှာ အားနည်းနိမ့်ကျနေသည့် အခြေ အနေ။ ကျောင်းနေအရွယ် နိုင်ငံသားအများစု၏ ပညာရေးအဆင့် အတန်းမှာ အလယ်တန်းမျှသာ။ ကျောင်းလုံးဝမတက်ဖူးသူ ၃ ဒသမ ၇ သန်းကျော်ကျော် ရှိနေသော အခြေအနေသည် နိုင်ငံ၏ အနာဂတ်အတွက် မကောင်းလှဟု ဆိုရမည်။ နိုင်ငံသားတို့၏ ပညာရေးနိမ့်ကျမှုက စီးပွားရေးအခြေအနေနှင့် ဆက်စပ်နေသည်။ ပညာသင်ကြားဖို့ထက် မိသားစုဝမ်းရေးအတွက် စာသင်ခန်းကို ကျောခိုင်းထားကြရခြင်းဖြစ်သည်။
နိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်း နေထိုင်သည့် ကျေးလက် ဒေသမှ လူငယ်အများစုမှာ ကျွမ်းကျင်မှုနည်းပါးသော ရွှေ့ပြောင်း အလုပ်သမားများအဖြစ် အိမ်နီးချင်းနိုင်ငံများဆီသို့ နည်းလမ်း မျိုးစုံဖြင့် ထွက်ခွာသွားကြသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေအချိုးအစား ကောင်းမွန်ခြင်းကြောင့် လူဦးရေဆုလာဘ်ဟုပင် တင်စားခဲ့သည်။ သို့ရာတွင် ထိုလူဦးရေဆုလာဘ်ဟူသည် အရေအတွက်သက်သက် သာမဟုတ်ဘဲ တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်လာ စေရန် အသိပညာ၊ အတတ်ပညာတို့ဖြင့် မြှင့်တင်ပေးဖို့လိုအပ်ပြီး နေရာကျအောင် သုံးစွဲတတ်ဖို့လည်း လိုအပ်သည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆယ်စုနှစ် သုံးခုစာ မျှ အမှားအယွင်းမရှိ၊ တည်တည်ငြိမ်ငြိမ်တည်ဆောက်သွားနိုင် ကြရမည်ဖြစ်သည်။ တဝဲဝဲလည်နေသည့် အာဏာနိုင်ငံရေးဝဲဩဃ အတွင်း ကျောင်းသူ ကျောင်းသားများကို ဆွဲသွင်းကာ နိုင်ငံ၏ အနာဂတ်ကို မဖျက်ဆီးကြရန်လည်း ပစ္စုပ္ပန်မျိုးဆက်တို့၌ တာဝန် ရှိသည်။ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများက ခြေတစ်လှမ်းပြီးတစ်လှမ်း ရှေ့သို့လှမ်း၍ တရွေ့ရွေ့ရှေ့သို့ရောက် သွားချိန်တွင် ပညာရည်နိမ့်ကျနေသည့် နိုင်ငံသားများနှင့် အဆင့် မြင့်သည့်နိုင်ငံကို ထူထောင်နိုင်မည်မဟုတ်ဘဲ အလုပ်ကြမ်းသမား တင်ပို့သည့်နိုင်ငံအဖြစ် ရပ်တည်နေရသည့်ဘဝသို့ ကျရောက် မနေစေရန်မှာ လူငယ်မျိုးဆက်သစ်တို့ကို မဖြစ်မနေပညာသင်ကြား စေရန်သည်သာ အဓိကဖြစ်ပါကြောင်း။ ။