မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့လာခြင်းနှင့်အတူ ဓာတ်ခွဲအတည်ပြုလူနာသစ်များ တွေ့ရှိမှုမှာလည်း တစ်နေ့ထက် တစ်နေ့ တိုးမြင့်လာလျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ရိုက်ခတ်လာမှုအတွက် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။ ရောဂါကူးစက်မှုနှုန်း မြင့်မားသည့် မြို့နယ်များကို အိမ်တွင်သာ နေထိုင်မှုအစီအစဉ် (Stay at Home) သတ်မှတ်ပြီး ကာကွယ်ထိန်းချုပ် လျက်ရှိရာ ရောဂါကူးစက်ပြန့်ပွားမှု ပိုမိုများပြားလာသည်နှင့်အမျှ အသွားအလာ အကူးအသန်းတို့ကို ထပ်မံကန့်သတ်တားဆီးသွား ရမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ အချိန်တိုအတွင်း ကူးစက်ပျံ့နှံ့မှု မြင့်တက်လာ ခြင်းကို လျင်လျင်မြန်မြန် ထိန်းချုပ်နိုင်ရန်မှာ လူစုလူဝေး ဖြစ်ပေါ် နိုင်မည့် အခြေအနေများကို ကန့်သတ်မှုများပြုလုပ်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခြောက်ပေထက်မနည်း ခွာ၍ နေထိုင်မှုကို လိုက်နာစေ ခြင်း၊ ပါးစပ်နှာခေါင်းစည်းနှင့် မျက်နှာအကာတို့ ဝတ်ဆင်စေခြင်း၊ လက်ကို ဆပ်ပြာ၊ ရေတို့ဖြင့် စနစ်တကျ စင်ကြယ်စွာ ဆေးကြောစေ ခြင်းတို့ကို ထိထိရောက်ရောက် ကြပ်ကြပ်မတ်မတ် ပြုလုပ်ပေးရန် လိုအပ်မည်ဖြစ်သည်။ ကူးစက်မြန်ပြင်းထန်လာသည့် မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးမှ တစ်ဦးချင်းကိုယ်စီ မိမိကိုယ်ကိုယ်ကာကွယ်ရန် က အရေးကြီးဆုံးပင်ဖြစ်သည်။ အကယ်၍ မိမိသည် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးမျိုးကို ထိုးနှံပြီးဖြစ်သည်ဟုဆိုလျှင်ပင် ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း လူစုလူဝေး ရှောင်ခြင်း၊ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ဆေးခြင်းတို့ကို ဆက်လက်လိုက်နာကျင့်သုံးရန် လိုအပ်သည်။
ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျှော့ချနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေးမှာလည်း အရေးကြီးသောအချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် အိန္ဒိယနိုင်ငံမှ ထုတ်လုပ်သည့် ကိုဗစ်ရှီးလ် ကာကွယ် ဆေးကို ကျန်းမာရေးဝန်ထမ်း ၁၁၀၀၀၀ ကျော်အပါအဝင် လူဦးရေ ၁ ဒသမ ၈ သန်းကျော်ကို ထိုးနှံပေးခဲ့ပြီး နောက်ထပ် အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးရရှိမှုမှာ အိန္ဒိယနိုင်ငံတွင် ကိုဗစ်- ၁၉ ကူးစက်မှု လွန်စွာမြင့်မားလာခြင်းကြောင့် ၎င်းတို့နိုင်ငံထုတ် ကာကွယ်ဆေးများ ပြည်ပတင်ပို့မှုကို ဆိုင်းငံ့လိုက်မှုနှင့် ကြုံတွေ့နေရသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးများရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ကာကွယ်ဆေးလုံးရေ နှစ်သန်းဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ သည်။ ထို့ပြင် ရောဂါစစ်ဆေးရေးအတွက် တစ်ကြိမ်လျှင် လူဦးရေ ၁၄၀ ခန့်ကို ၁ နာရီ မိနစ် ၃၀ အတွင်း စစ်ဆေးနိုင်သည့် PCR စက် သုံးလုံးကိုလည်း ဝယ်ယူခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကာကွယ်ဆေးများ ဝယ်ယူရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည် မြန်မာနိုင်ငံ အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပေါ်လာမည့် အခြေ အနေကို ကြိုတင်မျှော်တွေး၍ ပြုဖွယ်ကိစ္စမှန်သမျှတို့ကို အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် လတ်တလောဖြစ်ပွား နေဆဲဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွား မည်ဟူ၍ ထည့်သွင်းထားရာ လတ်တလောရင်ဆိုင်နေရပြီဖြစ်သည့် မျိုးရိုးဗီဇပြောင်း ကူးစက်မြန်ပြင်းထန်သည့် ကိုဗစ်-၁၉ တတိယလှိုင်း ကို မဖြစ်မနေရင်ဆိုင်ကျော်လွှားမည်သာဖြစ်ပြီး ပြည်သူများအနေ ဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ကူညီခြင်းဖြင့် ရောဂန္တရကပ်ကို အနိုင်ယူ နိုင်မည်ဖြစ်ပါကြောင်း။ ။