
ယနေ့ စက်တင်ဘာ ၁၆ ရက် (စနေ့နေ့) မှာ ပရီမီယာလိဂ် ပွဲစဉ် (၅) မှ ပွဲစဉ် ခုနစ်ပွဲ ယှဉ်ပြိုင် ကစားသွားမှာ ဖြစ်ပါတယ်။ ခြေစွမ်းထက်မြက်တဲ့ လီဗာပူးက မာကျောကျစ်လျစ်မှုရှိတဲ့ ဝုဖ်၊ နိုင်ပွဲရရှိရေး အပြင်းအထန် ကြိုးစားလာမယ့် မန်ယူက တိုက်စစ်ပိုင်း ထက်မြက်တဲ့ ဘရိုက်တန်၊ ဦးဆောင်သူ မန်စီးတီး က ကစားရခက်ခဲတဲ့ ဝက်စ်ဟမ်း နဲ့ ဆုံတွေ့နေတာကြောင့် စိတ်ဝင် စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
ညနေ ၆ နာရီမှာ ဝုဖ်အသင်း က ရလဒ်ကောင်းပိုင်ဆိုင်ထားတဲ့ လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါ တယ်။ လီဗာပူးအသင်းက ဝုဖ် အသင်းထက် ဘက်စုံထောင့်စုံ မှာ သာလွန်မှုရှိတယ်ဆိုပေမယ့် သာမန်ထက်ကစားအား ကျဆင်း ခဲ့ရင် မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ သွားနိုင်တယ်။ ဝုဖ်က ပြီးခဲ့တဲ့ ပွဲစဉ်မှာ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် ခြေစွမ်းကောင်းမွန်မှုရှိတယ်။ ဒါ့အပြင် ဝုဖ်အသင်းမှာ ပြိုင်ဘက်ခံစစ်ကို အခက်တွေ့အောင် ကစားထားနိုင်တဲ့ ကွန်ဟာ၊ နီတို၊ လာမီနာတို့ရှိတာကြောင့် လီဗာပူးအသင်းအနေနဲ့ သတိကြီးကြီးထား ရမယ့် အခြေအနေမှာရှိပါတယ်။
မန်ယူနဲ့ ဘရိုက်တန်အသင်းပွဲစဉ်ကို ည ၈ နာရီခွဲမှာ အိုးထရက်ဖို့ဒ် ကွင်း၌ ယှဉ်ပြိုင်ကစားသွားမှာပါ။ မန်ယူက ပြီးခဲ့တဲ့ပွဲမှာ အာဆင်နယ်ကို ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် ယခုပွဲစဉ်မှာ ဘရိုက်တန်ကို မဖြစ်မနေ နိုင်ပွဲရရှိအောင် ခြေကုန်ထုတ်လာမှာပါ။ သို့သော်ငြား တိုက်စစ် အကောင်းဆုံးပုံစံမှာရှိတဲ့ ဘရိုက်တန်ကို ခက်ခက်ခဲခဲရင်ဆိုင်ရဖွယ်ရှိ တယ်။ ပြီးခဲ့တဲ့ပွဲမှာ ဘရိုက်တန်က နယူးကာဆယ်အသင်းကိုတောင် ဂိုးပြတ်နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်တာကြောင့် မန်ယူအသင်း အနေနဲ့ ထူးခြားတဲ့ စွမ်းဆောင်မှုမပြသနိုင်ခဲ့ရင် သို့မဟုတ် တိုက်စစ် အဆုံးသတ်ပိုင်းအားနည်းခဲ့ရင် ရှုံးပွဲထပ်မံကြုံတွေ့သွားနိုင်ပါတယ်။
ဝက်စ်ဟမ်းနဲ့ မန်စီးတီးအသင်းတို့ပွဲစဉ်ကို ည ၈ နာရီခွဲမှာ ယှဉ်ပြိုင်ကစားသွားမှာပါ။ ခြေစွမ်းထက်မြက်တဲ့ အသင်းအချင်းချင်း တွေ့ဆုံမှုဖြစ်တာကြောင့် အကြိတ်အနယ်ရှိလာမှာ သေချာပါတယ်။ ဝက်စ်ဟမ်းအသင်းအနေနဲ့ ခြေစွမ်းထက်မြက်မှုရှိသော်လည်း ဟာလန်း၊ ဖိုဒင်၊ အယ်ဗာရက်ဇ်တို့လို ထိပ်တန်းတိုက်စစ်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ မန်စီးတီးကို အနိုင်ရဖို့ခက်ခဲပါမယ်။
ည ၁၁ နာရီမှာတော့ နယူးကာဆယ်နဲ့ ဘရန့်ဖို့ဒ်အသင်းပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ နှစ်သင်းကြား ခြေစွမ်း ကွာဟမှု ကြီးကြီးမားမားမရှိပေမယ့် နယူးကာဆယ်က အဆုံးသတ် သေချာရင် နိုင်ဖွယ်ရာရှိပါတယ်။
အောင်ဇော်