မသမာသူတို့၏ မကောင်းသောအကြံနှင့် သတင်းအတုများ ပပျောက်ရေး

ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေးနှင့်   ကုသရေးဆိုင်ရာ   ဆေးဝါး နှင့်  ဆေးကိရိယာပစ္စည်းများ  တင်သွင်းခွင့်ရပ်ဆိုင်းခြင်းဟူသော ရုံးစာတစ်စောင် ဖေ့စ်ဘုတ်တွင် ပျံ့နှံ့နေခြင်းနှင့်အတူ ပြည်သူ လူထု အတွင်း၌လည်း စိုးရိမ်ထိတ်လန့်မှုနှင့် မကျေနပ်မှုများ ဖြစ်ပေါ်လာ ကြသည်။ ၎င်းစာအရ နှာခေါင်းစည်း၊  လက်အိတ်၊ PPE  ဝတ်စုံ၊ အောက်ဆီဂျင်ဘူး၊ အောက်ဆီဂျင်စက် စသည်တို့ကို   တင်သွင်းခွင့် ရပ်ဆိုင်းရန် ဟူ၍ ပါရှိရာ ကိုဗစ်-၁၉ တတိယလှိုင်း  အရှိန်မြင့်တက် လာချိန်ဖြစ်သည့်အလျောက် ပြည်သူလူထုအတွင်း စိုးရိမ်ပူပန်မှုတို့ ဖြစ်လာရခြင်းဖြစ်သည်။ သို့ရာတွင် ဖေ့စ်ဘုတ်ပေါ်မှ အဆိုပါ ရုံးစာ သည် အတုသာဖြစ်ပြီး   ပြည်သူလူထုကို   သတင်းအမှားပေးကာ ဆေးနှင့် ဆေးပစ္စည်းများ  စျေးကွက်တွင် စျေးနှုန်းမြင့်တက်လာရေးနှင့်တစ်ပြိုင်တည်းမှာပင် နိုင်ငံရေးအမြတ် ထုတ်ရန်ကိုပါ ရည်ရွယ် သည့် ယုတ်ညံ့သော လုပ်ရပ်တစ်ခုပင် ဖြစ်သည်။
မျိုးဗီဇပြောင်းဒယ်လ်တာ ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ဓာတ်ခွဲ အတည်ပြုလူနာတွေ့ရှိမှု၊ ရောဂါပြင်းထန်၍ ဆေးရုံသို့ တင်ပို့မှုနှင့် သေဆုံးမှုရာခိုင်နှုန်းတို့ ရုတ်တရက်မြင့်တက်လာချိန်တွင် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူမှုမှာလည်း ပုံမှန်ထက်  မြင့်တက်သွားခဲ့ရာ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းနှစ်ဆ၊ သုံးဆ၊ လေးဆခန့်အထိ ခုန်တက်သွားသည့် အခြေအနေများလည်း ဖြစ်ပေါ် လာသည်ကို  ယခုရက်ပိုင်းအတွင်း တွေ့ရသည်။  တစ်ဖက်တွင်လည်း အိမ်နီးချင်းနိုင်ငံများနှင့်     နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် တစ်ဖက်နိုင်ငံက ကိုဗစ်-၁၉ ကပ်ရောဂါကို အကြောင်းပြု၍ ကုန်သွယ် မှု ယာယီရပ်ဆိုင်းခဲ့သော်လည်း ဆေးနှင့် ဆေးပစ္စည်း ကုန်သွယ်မှုကိုမူ ဆက်လက်ခွင့်ပြုခဲ့ရာ ယင်းအခြေအနေအပေါ်တွင် နားလည်မှုလွဲခဲ့သည့်အခြေအနေအချို့ ဖြစ်ပေါ်ခဲ့ကြောင်းလည်း သိရှိရသည်။ 
အဖြစ်မှန်အနေဖြင့်မူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ဆေးနှင့် ဆေးပစ္စည်းများ၊ ဆက်စပ်သည့် စက်ပစ္စည်းများ တင်သွင်းခြင်းကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် စီးပွား/ ကူးသန်းဝန်ကြီးဌာနနှင့် အခြားဆက်စပ်ဝန်ကြီးဌာနများ ပူးပေါင်း၍    အချိန်နှင့်တစ်ပြေးညီ   ခွင့်ပြုပေးလျက်ရှိသည်။ ထို့အပြင် ကိုဗစ်-၁၉ လူနာများကို   ကုသရာတွင် လိုအပ်သည့် Oxygen Concentrator များ တင်သွင်းရာတွင်လည်း FDA ထောက်ခံချက်နှင့် သွင်းကုန်လိုင်စင် လျှောက်ထားရန် မလိုအပ်တော့သလို အကောက်ခွန် ၃ ရာခိုင်နှုန်း ကိုလည်း လက်ငင်းပေးရန် မလိုတော့ဘဲ  ကြိုတင်ထုတ်ယူနိုင်ရန် ဖြေလျှော့ခွင့် ပြုပေးထားခဲ့ ပြီးဖြစ်ရာ ဆေးနှင့်ဆေးကိရိယာပစ္စည်းများ တင်သွင်းခွင့် ရပ်ဆိုင်းသည့် ရုံးစာအတုအပေါ် ယုံကြည်မှုနှင့် စိုးရိမ် ထိတ်လန့်မှုတို့မှာ စင်စစ်အားဖြင့် လူမှုကွန်ရက်ပေါ်တွင် တွေ့သမျှ အပေါ်ချင့်ချိန်စိစစ်မှု အားနည်းခြင်းကို ပြဆိုနေခြင်းပင် ဖြစ်သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်နေချိန်တွင် ပြည်သူလူထုအတွင်း စိုးရိမ်မှုများ မြင့်မားလျက်ရှိရာ ယင်းအခြေ အနေကို အခွင့်ကောင်းယူကာ ကောလာဟလများ၊ သတင်းတု သတင်းယောင်များ၊ သတင်းအမှားများ ထုတ်လွှင့်ပြီး မီးလောင်ရာလေပင့်ပြုလုပ်မှုများအပေါ် သက်ဆိုင်ရာတို့က အချိန်နှင့်တစ်ပြေးညီ လျင်လျင်မြန်မြန် ဖြေရှင်းမှု ၊ သတင်းအမှန်များကို ကျယ်ကျယ်ပြန့် ပြန့်  ထုတ်ပြန်မှုများ ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းရိုက်ခတ်မှုသည် မျိုးဗီဇ ပြောင်း ဗိုင်းရပ်စ်မျိုးကွဲများ ပေါ်ပေါက်လာခြင်းနှင့်အတူ ကမ္ဘာ့နိုင်ငံ အသီးသီး၌ပါ      ကူးစက်ပျံ့နှံ့မှုများ    မြင့်တက်လျက်ရှိသည်။ ရောဂါတားဆီးကာကွယ်ရေးနှင့် ကုသရေးတို့တွင် တစ်ဦးကောင်း တစ်ယောက်ကောင်း၊   တစ်ကိုယ်ကောင်းဆောင်ရွက်၍    မရဘဲ အများအကျိုးအတွက်   အများက   ဝိုင်းဝန်းဆောင်ရွက်ကြကာ ကိုယ့်အကျိုးလည်း   တစ်ပါတည်း    ပြည့်စုံကြရခြင်းဖြစ်သည်။ ကပ်ရောဂါ ကာလဖြစ်သည့်အတွက် ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်ပြီး နေ့ရောညပါ  ကုသမှုများကို    ကြိုးပမ်းဆောင်ရွက်ကြရသလို အခြေအနေအရပ်ရပ်အပေါ်   နေ့စဉ်    သတင်းထုတ်ပြန်မှုများကို သက်ဆိုင်ရာတို့က ဆောင်ရွက်ပေးနိုင်သည်နှင့်အမျှ မသမာသူတို့၏ မကောင်းသောရည်ရွယ်ချက်နှင့် လုပ်ကြံထုတ်လွှင့်သည့် သတင်း အတု၊     သတင်းအမှားများ     ပါးလျားပျောက်ကွယ်သွားမည်သာ ဖြစ်ပါကြောင်း။     ။