
ဘားအံ ဩဂုတ် ၇
ဘားအံ တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားပြီး စတုတ္ထနှစ်ပြီးမြောက်၍ သက်ဆိုင် ရာဘွဲ့အသီးသီးကိုရရှိပြီးသော ကျောင်းသား ကျောင်းသူများ သည် အသုံးချပညာရပ်တစ်ခုကိုကျွမ်းကျင်စွာ တတ်မြောက် သွားပြီး လုပ်ငန်းရှင်များအဖြစ် လည်းကောင်း၊ အခြားသော လုပ်ငန်းခွင်များတွင် ကျွမ်းကျင် သူများအဖြစ် လည်းကောင်း၊ အသေးစား၊ အလတ်စား၊ အငယ် စား စီးပွားရေးလုပ်ငန်းများတွင် ဦးဆောင်သူများအဖြစ် ပါဝင် ဆောင်ရွက်နိုင်ရန် ဩဂုတ် ၇ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် MSME အထောက်အကူပြု အသုံးချပညာ ရပ်များ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး အလုပ်ရုံ ဆွေးနွေးပွဲအတွက် ငွေကျပ် ခုနစ်သိန်းကို ပါမောက္ခ ချုပ်ထံ ထောက်ပံ့ပေးအပ်ကာ ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအေး က MSME အထောက်အကူပြု အသုံးချပညာရပ်များ အလုပ်ရုံ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် သတ္တဗေဒ၊ ရုက္ခ ဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း၊ ပထဝီဝင်၊ အရှေ့တိုင်း ပညာဌာန များမှ ပါမောက္ခ၊ဌာနမှူးများက သက်ဆိုင်ရာ ဌာနများအလိုက် ဆွေးနွေးမည့် အကြောင်းအရာ များကို ရှင်းလင်းတင်ပြကြပြီး ဘားအံတက္ကသိုလ် ကျောင်းသား ကျောင်းသူများက တက္ကသိုလ်နန်း တေးသီချင်းဖြင့်သီဆို ဖျော်ဖြေ တင်ဆက်ကြရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲ တွင် ဘားအံတက္ကသိုလ် သိပ္ပံ ဘာသာရပ်ဌာန လေးခုနှင့် ဝိဇ္ဇာ ဘာသာရပ်ဌာန သုံးခုတို့မှ စတုတ္ထနှစ် ကျောင်းသား ကျောင်းသူ ၃၀၃ ဦးတို့က သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် အသုံးချပညာရပ်များကို ဩဂုတ် ၂၀ ရက်ထိ (၁၀) ရက်ကြာ စာတွေ့လက်တွေ့ လေ့လာ သင်ကြား ဆွေးနွေးသွားကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)