မတ် ၁ ရက်စတင်ကျင်းပမည့် MNL Cup ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ

 

ရန်ကုန်  ဖေဖော်ဝါရီ  ၁၅


မတ် ၁ ရက်တွင် စတင်ကျင်းပမည့် Myanmar National League Cup 2024 ပြိုင်ပွဲတွင် အုပ်စုမဲခွဲပွဲအခမ်း အနားကို ဖေဖော်ဝါရီ  ၁၅   ရက်က သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာ ရှင်းလင်းပွဲခန်းမ၌ ကျင်းပသည်။


ပြိုင်ပွဲတွင် MNL ကလပ် ၁၂ သင်း၊ MNL-2 ကလပ် ရှစ်သင်း  စုစုပေါင်း ၂၀   ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မတ် ၁ ရက်မှ ဇွန်  ၁၉  ရက်အထိ ကျင်းပမည်ဖြစ်သည်။  အုပ်စု  (က) တွင် ရန်ကုန်ယူနိုက်တက်၊ တက္ကသိုလ်၊ မဟာယူနိုက်တက်၊ GFA၊ ရွှေပြည်သာ ယူနိုက်တက်၊       အုပ်စု     (ခ)   တွင် ရှမ်းယူနိုက်တက်၊ Glory Goal ၊ ရခိုင်ယူနိုက်တက်၊ ကချင်ယူနိုက် တက်၊ Rainbow၊ အုပ်စု (ဂ) တွင် ဟံသာဝတီယူနိုက်တက်၊ Dagon Port ၊   ဒဂုံစတားယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ငွေကြယ် ပွင့်၊ အုပ်စု (ဃ)တွင် အား/ကာ သိပ္ပံ၊    သစ္စာအားမာန်၊   မြဝတီ၊ ရတနာပုံနှင့် ရက္ခပူရယူနိုက်တက် အသင်းတို့  ပါဝင်သည်။


အုပ်စုမဲခွဲ  


မြန်မာနေရှင်နယ်လိဂ်သည် အုပ်စုမဲခွဲရာတွင်   ၂၀၂၃  MNL အမှတ်ပေးပြိုင်ပွဲတွင်   ချန်ပီယံ ဖြစ်ခဲ့သည့်    ရှမ်းယူနိုက်တက်၊      ဒုတိယရသည့်    ရန်ကုန်ယူနိုက် တက်၊ တတိယရသည့် ဟံသာဝတီ ယူနိုက်တက်နှင့်  စတုတ္ထနေရာရ သည့်   အား/ကာသိပ္ပံအသင်းတို့ကို ဆီဒင်-၁  သတ်မှတ်ကာ   မဲနှိုက် ရေးဆွဲခဲ့ခြင်းဖြစ်သည်။


နှစ်ကျော့စနစ်ဖြင့် ကျင်းပမည်


အုပ်စုပွဲများကို မတ် ၁ ရက်မှ မေ ၂၁ ရက်အထိ သုဝဏ္ဏကွင်း၊ YUSC ကွင်း၊ တက္ကသိုလ်ကွင်းနှင့် ပဒုမ္မာကွင်းတို့တွင်    နှစ်ကျော့ စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အုပ်စု တစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီမှာ ဆီမီးဖိုင်နယ်  တက်ရောက်ခွင့်ရ မည်ဖြစ်သည်။ ဆီမီးဖိုင်နယ်ပွဲစဉ် များအဖြစ် အုပ်စု (က) ပထမနှင့် အုပ်စု (ဃ)  ပထမ၊   အုပ်စု (ခ) ပထမနှင့်  အုပ်စု  (ဂ)  ပထမတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။     ဆီမီး ဖိုင်နယ်ပွဲစဉ်များကို မေ ၂၅၊ ၂၆ ရက်၊ ဗိုလ်လုပွဲကို ဇွန် ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။  

ရဲရင့်လွင်
ဓာတ်ပုံ - သော်လေး