မတူကွဲပြားမှု၏ အလှတရား

Type
ထွန်းထွန်း (ခရေရိပ်) Diversity is beauty ဆိုတဲ့ စကားစုကို ကျွန်တော် ရင်းနှီးလာခဲ့တာ မှတ်မှတ်ရရဆိုရရင် ၂၀၁၁ ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ လွယ်လွယ်ကူကူ မှတ်သားလိုက်တာကတော့ မတူကွဲပြားမှုတွေဟာ အလှတရားပဲဖြစ်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ ဘဝပေးအခြေအနေတွေအပေါ် မူတည်ပြီး အသိအမြင်တွေ၊ ခံယူချက်တွေက မတူညီနိုင်ပါဘူး။ ဒီလိုပါပဲ နိုင်ငံတစ်ခုနဲ့တစ်ခုလည်း ရေမြေ တောတောင်၊ ပထဝီအနေအထားတွေ၊ တည်နေရာ တွေ၊ မဟာဗျူဟာအနေအထားအရ အရေးပါမှုတွေ မတူညီနိုင်ပါဘူး။ နောက်ခံအကြောင်းတရားတွေ အရလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေကလည်း အမျိုးမျိုးကွဲပြားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကို မလွှဲသာ မရှောင်သာ အခြေအနေတွေကြောင့် ဖေဖော်ဝါရီလဆန်းက စတင်ပြီး တပ်မတော်က နိုင်ငံတော်ရဲ့ တာဝန် အရပ်ရပ်ကို ထိန်းသိမ်းရယူခဲ့ရပါတယ်။ ထိုကာလ နောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ ဆန္ဒပြမှုတွေ၊ ဆူပူ အုံကြွမှုတွေ ပေါ်ပေါက်လာပါတယ်။ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် နိုင်ငံ့ဝန်ထမ်းအချို့အာဏာ ဖီဆန် ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာကြပါတယ်။ ရုပ်သေးရုပ်လို လိုရာကြိုးဆွဲကခိုင်း ပိုစတာတွေကိုင်ကာ ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေကို လက်သီးလက်မောင်းတန်း ပြီး အော်ဟစ်နေကြတဲ့ လူငယ်တွေကိုလည်း ရန်ကုန်အပါအဝင် မြို့ကြီးများရဲ့ လမ်းမတွေပေါ် မှာ မြင်တွေ့နေရပါတယ်။ ဒါပေမယ့် သူတို့ကို လမ်းလွဲအောင် အသိမှား၊ အမှတ်မှားတွေရိုက်သွင်း ပြီး ရုပ်သေးရုပ်လို လိုရာကြိုးဆွဲ ကခိုင်းလို့ရအောင် ဖန်တီးနေသူတွေလည်း ရှိနေပါတယ်။ ဝန်ထမ်းတွေ အားလုံး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီဆိုရင် အစိုးရရဲ့ ယန္တရားတစ်ခုလုံး ရပ်ဆိုင်း သွားပြီး နွေဦးတော်လှန်ရေးဟာ အောင်မြင်ပြီလို့ ယူဆနေကြပါတယ်။ ဆန္ဒပြလို့ အောင်မြင်တယ် ဆိုတာ အခွင့်အရေးတစ်ခုအတွက်၊ လူတစ်စု၊ အဖွဲ့အစည်းတစ်ခုအတွက် ဖြစ်နိုင်ပေမယ့် နိုင်ငံ တစ်ခုအနေနဲ့ကတော့ ဒီလောက်မလွယ်ကူပါဘူး။ တူနီးရှားနိုင်ငံမှာ ၂၀၁၁ ခုနှစ်က သစ်သီး ရောင်းသူတစ်ဦးက စီးပွားရေးကျပ်တည်းတဲ့ဒဏ် ကို မခံနိုင်တဲ့အတွက် ဆန္ဒပြတဲ့အနေနဲ့ ကိုယ့်ကိုယ် ကိုယ် မီးရှို့ပြီး အဆုံးစီရင်ရာမှ တူနီးရှားနိုင်ငံရဲ့ နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှု စတင်ခဲ့ပါ တယ်။ အလုပ်လက်မဲ့မှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ အဂတိလိုက်စားမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်မရှိမှု၊ ဆင်းရဲနွမ်းပါးမှု စတဲ့ အကြောင်းရင်းတွေကြောင့် ဆန္ဒပြမှုတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။ စံပယ်တော်လှန်ရေး (Jasmine Revolution) လို့လည်း အမည်တွင်ခဲ့ပြီး နှစ်ပေါင်းများစွာ စိုးမိုး အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်သမ္မတဘင်အလီကို ရက်ပေါင်း ၂၈ ရက်နဲ့ ဖြုတ်ချနိုင်ခဲ့ပါတယ်။ ထိုအာရပ်တော်လှန်ရေးက အိမ်နီးချင်းနိုင်ငံ အီဂျစ်၊ ယီမင်၊ လစ်ဗျားနဲ့ ဆီးရီးယားနိုင်ငံတွေကိုလည်း ပျံ့နှံ့သွားခဲ့ပြီး အာရပ်ကမ္ဘာတစ်လွှား ကူးစက်ခဲ့တဲ့ လူထုအုံကြွမှု တော်လှန်ရေးတစ်ခုဖြစ်ပါတယ်။ အာရပ်နွေဦး လှိုင်းဂယက်ကြောင့် တူနီးရှားနဲ့ အီဂျစ်နိုင်ငံတို့မှာ အာဏာရှင်စနစ်ကို တွန်းလှန် နိုင်ခဲ့တယ်ဆိုပေမယ့် အများစု လိုလားတောင့်တ နေတဲ့ အဆင့်မီတဲ့ ဒီမိုကရေစီနိုင်ငံ တစ်နိုင်ငံအဖြစ် ထူထောင်နိုင်ခြင်း မရှိခဲ့ပါဘူး။ တူနီးရှားနိုင်ငံရဲ့ နွေဦးတော်လှန်ရေး လူထု လှုပ်ရှားမှုတွေမှာကဲ့သို့ ဆန္ဒပြမှုတွေ၊ သပိတ်မှောက် မှုတွေ၊ စီတန်းလှည့်လည်မှုတွေ လူမှုကွန်ရက်ကို အသုံးချပြီး ဆက်သွယ်စည်းရုံးလှုံ့ဆော်တာကို လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံက G-Z တွေအဖို့တော့ အားတက်စရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အာဖရိကမြောက်ဘက်အကျဆုံး နိုင်ငံ ငယ်တစ်ခုဖြစ်တဲ့ တူနီးရှားနဲ့ အာရှရဲ့ မဟာဗျူဟာ မြောက်အချက်အချာကျတဲ့နေရာမှာ တည်ရှိနေတဲ့ မြန်မာနိုင်ငံကတော့ နောက်ခံအကြောင်းတရား တွေရော၊ အခြေအနေချင်းရော ကွာခြားလှပါတယ်။ နိုင်ငံရေးယဉ်ကျေးမှု မညီညွတ်တဲ့ လူ့ဘောင်အဖွဲ့အစည်းက မငြိမ်း ချမ်းနိုင်သလို ငြိမ်းချမ်းမှုမရှိရင်လည်း ဖွံ့ဖြိုး တိုးတက်မှုဆိုတာ လက်တွေ့မဖြစ်ပေါ်နိုင်ပါဘူး။ ရန်သူကို မိတ်ဆွေတွေဖြစ်အောင်၊ ဆန့်ကျင်ဘက် သဘောထားအမြင်တွေကို ညီညွတ်အောင် ဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံရေး ယဉ်ကျေးမှု ဖြစ်ပါတယ်။ မတူညီနိုင်တာတွေကို အလှတရားအဖြစ် နားလည်လက်ခံပေးရမှာ ဖြစ်ပါတယ်။ မတူကွဲပြားမှု တွေကို တန်ဖိုးထားပြီး ရန်သူဆိုရင်လည်း မိတ်ဆွေ အဖြစ် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်စဉ် အရ လူတိုင်းမှာ လွတ်လပ်စွာပြောဆိုခွင့်၊ လုပ်ကိုင် ခွင့်၊ နေထိုင်ခွင့်ရှိကြပါတယ်။ မိမိနဲ့အယူအဆ၊ သဘောထားမတူသူတွေကို လည်း ကွဲလွဲခွင့်ပေးရမှာဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရမှာ မတူကွဲပြားမှုတွေကို အင်အားအဖြစ် စုစည်းပြီး ငြိမ်းငြိမ်းချမ်းချမ်း ညီညီညွတ်ညွတ်နဲ့ အောင်မြင်မှုရအောင် စုပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ မတူညီတဲ့ သဘောထားအမြင်တွေကို အတိုး အလျော့ အပေးအယူ ဆွေးနွေးညှိနှိုင်းတဲ့ နည်းနဲ့သာ အဖြေရှာရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရာမှာ ဒီမိုကရေစီနဲ့ ပတ်သက်ရင်ဖြစ်စေ၊ ဖက်ဒရယ်နဲ့ ပတ်သက်ရင် ဖြစ်စေ ဘယ်လိုပင် အယူအဆအမျိုးမျိုးတွေ ကွဲပြား နေပါစေ မိမိတို့နိုင်ငံနဲ့ သဟဇာတဖြစ်တဲ့ စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီမိုကရေစီ ဆိုတဲ့အတိုင်း အများဆန္ဒအတိုင်း ဆောင်ရွက်ရမှာ ဖြစ်သလို လူနည်းစုရဲ့ ဆန္ဒကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်။ မိမိဆန္ဒနဲ့ မကိုက်ညီတိုင်း ကိုယ်နဲ့မတူ ကိုယ့် ရန်သူလို သဘောထားပြီး ခွဲခြားဆက်ဆံတာမျိုး၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်တာမျိုး၊ လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ထားတာမျိုးတွေက ကျေးပိုင်ကျွန်ပိုင်ခေတ် က လူတန်းစားခွဲခြားတဲ့ အတွေးအခေါ်တွေသာဖြစ်ပြီး ဒီမိုကရေစီနဲ့ ကိုက်ညီမှုမရှိတာကို တွေ့ရပါတယ်။ ပုဂ္ဂိုလ်ရေးအရ အလွန်အမင်းကိုးကွယ်မှုသည် လည်း လူ့အဖွဲ့အစည်းအတွင်း ကွဲပြားမှုကို ဖြစ်ပေါ် စေပြီး အမျိုးသားစည်းလုံးညီညွတ်မှုကို ထိခိုက်စေ နိုင်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုနဲ့ ခွဲခြားဆက်ဆံမှုတွေ ကို မိမိတို့ လူ့အဖွဲ့အစည်းအတွင်း မကျင့်သုံးနိုင် အောင် စဉ်းစားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ပေါင်းစည်းခြင်းနဲ့ သဟဇာတဖြစ်မှု ဖက်ဒရယ်စနစ်နဲ့ ပတ်သက်ပြီး မိမိတို့ လိုရာ ကို အဓိပ္ပာယ်အမျိုးမျိုး၊ စံနှုန်းအမျိုးမျိုး ဖွင့်ဆိုပြီး ပြောဆိုနေကြသော်လည်း အနှစ်သာရအနေနဲ့ ပေါင်းစည်းခြင်းနဲ့ သဟဇာတဖြစ်မှုပဲ ဖြစ်ပါတယ် လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေးမှာထည့်သွင်းပြောကြားခဲ့တာကို အမှတ်ရမိပါတယ်။ ယနေ့ ပြည်သူတို့အလိုအပ်ဆုံးကား ညီညွတ် ရေး၊ ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ချစ်ခြင်း၊ မုန်းခြင်း မတူကွဲပြားမှုတွေနဲ့ ဘယ်လိုပင်ပေါင်းစည်းနေပေ မယ့် တူညီတဲ့ ဘုံမျှော်မှန်းချက်က ငြိမ်းချမ်းခြင်းပင် ဖြစ်ပါတယ်။ ဆရာကြီး ဒဂုန်တာရာရဲ့ ၁၉၈၁ ခုနှစ် အောက်တိုဘာလထုတ် ရှုမဝမဂ္ဂဇင်းတွင် ရေးဖွဲ့ခဲ့ တဲ့ အချစ်နှင့် အမုန်း ကဗျာမှာတော့ “ပျိုးသော သစ်ပင် ရှင်သန်သောအခါ၊ မြေမှာပေါက်လာ ဖူးညှာသီးဆင့်၊ အပွင့်ခိုင်တွဲ ကြဲသောမျိုးကို ခူးရမြဲ။ အမုန်းပင်ကို စိုက်လိုမူကား၊ ဝန်တိုငြူစူ မကြည်ဖြူစတမ်း၊ ဆိုးသွမ်းရက်စက် ညှဉ်းပန်းလေရာ၊ လိမ်ညာဖုံးဝှက် လုယက်သတ်ဖြတ်၊ သူ့အားရွံ့ရှာ မေတ္တာကင်းပ၊ မဲ့ကြရွဲ့ကြ ကဲ့ရဲ့ကြ ရန်သူကဝိုင်း၊ တစ္ဆေသင်္ချိုင်း တောရိုင်း ကန္တာရ ခြောက်သွေ့လှသည် သူ့သာ အထီးကျန်။ အချစ်ပင်ပျိုး စိုက်ပျိုးသူကား၊ သနားကြင်နာ ညှာတာသည်းခံ၊ စံလျှင်ဝေမျှ ခံစရာရှိက၊ ရှေ့မှသူရပ် မားမားမတ်သည်၊ အများပြည်သူ လူတကာက၊ မြတ်နိုးခံရ မေတ္တာခံရ၊ ရန်သူမရှိ လိုလားသူသာ၊ ဝန်းရံကာလျက် နှစ်သက်ခင်မင်၊ လွတ်လပ်ပျော်ရွှင် စည်ပင်ဝပြော၊ လှပလန်းဆန်း ငြိမ်းချမ်းသာယာ အေးမြမြဲ။ အမုန်းပင်မျိုး သည်အမျိုးလျှင်၊ အချစ်ပင်မပေါက် မုန်းညှောက်ညွန့်ကြ၊ သူ့ဘဝ၏ ဓမ္မတရား၊ သင်ကြားခဲ့သည် သင်ဘယ်သစ်ပင် စိုက်မည်နည်း ” ။ ။ ဆရာကြီးက ငြိမ်းချမ်းခြင်းဆိုတဲ့ ပန်းတို့ ပွင့်ချိန်ကို မျှော်မှန်းတွေးခေါ်ကာ ရေးဖွဲ့ခဲ့တာ ဖြစ် ပါတယ်။ ချစ်ခြင်းမေတ္တာတရားကို ကိုယ်စားပြုကာ စိုက်ပျိုးမယ်ဆိုရင် ကမ္ဘာကြီးသည် အေးချမ်း သာယာလွတ်လပ်စွာနဲ့ တည်ရှိနေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုသစ်ပင်မျိုးကို စိုက်ပျိုးမလဲ ဆိုတာတော့ ကိုယ်တိုင်သာ ရွေးချယ်ကြရမှာပဲ ဖြစ်ပါတယ်။ ။