အယ်ဒီတာ့အာဘော်
===========
မတူကွဲပြားမှုများအား တန်ဖိုးထားလေးစား
==========================
လူသားများသည် ကမ္ဘာပေါ်ရှိမည်သည့်နေရာဒေသ၌မဆို မတူကွဲပြားမှုများ နှင့်အတူ ပေါင်းစုနေထိုင်ကြသည်။ ကိုယ့်အစုအဖွဲ့နှင့်ကိုယ် နေထိုင်ကြသည် ဆိုသော်လည်း အမျိုးအနွယ်မတူသူများကိုလည်း လက်ခံကြသည်။ ထိုသို့ ကွဲပြားသူများ အေးချမ်းစွာပေါင်းစုနေထိုင်နိုင်ကြသဖြင့် ငြိမ်းချမ်းသောဘဝ များကို တည်ဆောက်နိုင်ကြသည်။ ပြီးခဲ့သည့်ရက်က အမေရိကန်ပြည်ထောင်စု ရှိ ပြည်နယ်တစ်ခုတွင် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်ကြသော မြန်မာ လူမျိုးများအား ပြည်နယ်အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်ရှိကြောင်း ပြောကြားသည့် မင်္ဂလာရှိသောစကားကို ကြားရသည်။
မိသားစုများအတွင်း၌လည်း သဘောထားခံယူချက်မတူသော မိသားစု ဝင်များ စုပေါင်းနေထိုင်ကြသည်။ လူတစ်ကိုယ် စိတ်တစ်မျိုးစီဖြင့် မတူ ကွဲပြားကြသော်လည်း အမိအဖအရိပ်အောက်တွင် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် နေထိုင်ကြသောမိသားစုများမှာ စိတ်ချမ်းမြေ့စရာ သီရိဂေဟာ အဖြစ် ကျက်သရေမင်္ဂလာ ပြည့်စုံနေသည်။ ညီညွတ်မှုမရှိသော မိသားစုများမှာ နေ့စဉ်အမြဲ ပဋိပက္ခများနှင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ကြရပြီး နောက်ဆုံးတွင် မိသားစုကြီးတစ်ခုလုံး ပြိုကွဲပျက်စီးခြင်းအဖြစ်ဆိုးနှင့် ကြုံတွေ့ကြရသည်။
မြန်မာနိုင်ငံသည်လည်း ပြည်ထောင်စုနိုင်ငံဖြစ်ရာ မတူကွဲပြားသည့် လူ့အသိုက်အဝန်းများ ပေါင်းစုနေထိုင်လျက်ရှိသည်။ များသောအားဖြင့် ကွဲပြားခြားနားသော အသိုက်အဝန်းများ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လျက်ရှိ သော်လည်း အချို့လူ့အသိုက်အဝန်းနှင့်ဒေသများတွင် ကွဲပြားသည့် ပုဂ္ဂိုလ် ရေးနှင့် ဝိဝါဒရေးကို ဦးစားပေးလွန်းသောကြောင့် စိတ်မချမ်းမြေ့ဖွယ်အဖြစ် များနှင့် ကြုံနေရသည်ကို ကြားသိရမည်ဖြစ်သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် သြဂုတ် ၁၁ ရက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အုပ်ချုပ်ရေးမှူးများအားတွေ့ဆုံစဉ် မတူကွဲပြားမှုများ၏ အရေးပါမှုကို ရှင်းလင်းပြောကြားခဲ့သည်။
“မတူကွဲပြားမှုဟု ပြောခြင်းသည် လူမျိုးရေးအရသာမက ဝိဝါဒအရ မတူကွဲပြားမှုများကို ပြောကြားလိုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ သည် မတူကွဲပြားမှုအပေါ်အခြေခံပြီး ညီညွတ်မှုတည်ဆောက်ရန် မည်မျှ အရေးကြီးသည်ကို အားလုံးသဘောပေါက်မည်ဟုထင်ပါကြောင်း၊ ထိုသို့ သဘောပေါက်ရန် မိမိတို့ကမ္ဘာကြီး၏ အခြေအနေများကို လေ့လာရန်လိုအပ် ပါကြောင်း၊ အဓိကပြောချင်သည်မှာ တစ်ဦးနှင့်တစ်ဦး မတူကွဲပြားသည့် လက္ခဏာများအပေါ်တွင် အခြေခံသည့် နိုင်ငံရေးစနစ်များ ပေါ်ပေါက်နိုင်ပါ ကြောင်း၊ အဆိုပါနှစ်ခုကို မိမိတို့အနေဖြင့် ချိန်ခွင်လျှာညီမျှအောင် လုပ်ရမည် ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
နေရာဒေသတိုင်းတွင် ကွဲပြားခြားနားမှုများ ရှိနေမည်ဖြစ်သလို ထိုကွဲပြားသော လူ့အသိုက်အဝန်းများက ၎င်းတို့၏ကိုယ်ပိုင်ဝိသေသ လက္ခဏာများကို ထိန်းသိမ်းကြ၊ လေးစားကြ၊ တန်ဖိုးထားကြသည်မှာ သဘာဝ ကျပါသည်။ မိမိတို့လူမျိုးနှင့် ကိုယ်ပိုင်ဝိသေသလက္ခဏာများကို ထိန်းသိမ်း တန်ဖိုးထားကြသလို အခြားလူမျိုးတို့နှင့် ဝိသေသလက္ခဏာများကိုလည်း အသိအမှတ်ပြုလေးစားကြရမည် ဖြစ်သည်။ ယင်းကို သာမန်အားဖြင့်ဆိုပါ က ကိုယ်ချင်းစာတရား ထားနိုင်ခြင်းဟုဆိုရမည်ဖြစ်သည်။ ကိုယ်ချင်းစာ တရားသည် လူသားအချင်းချင်း စာနာထောက်ထားခြင်းလည်းဖြစ်သည်။ ကိုယ်ချင်းစာစိတ်မထားနိုင်သည်နှင့် ငါနှင့်မတူ ငါ့ရန်သူ ဖြစ်လာနိုင်သည်။
မြန်မာနိုင်ငံသည် မတူကွဲပြားမှုများကိုအခြေခံပြီး တစ်နိုင်ငံလုံး ညီညွတ်မှုကို တည်ဆောက်နိုင်သောကြောင့် လွတ်လပ်ရေးရရှိခဲ့သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှစ၍ မတူကွဲပြားမှုများအား မစုစည်းနိုင် သောကြောင့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်မီးများ ယနေ့ထက်တိုင် တောက် လောင်လျက်ရှိသည်။ ထို့ကြောင့် မတူကွဲပြားမှုများကို စုစည်းနိုင်မည့် နိုင်ငံရေး စနစ်ကိုတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းသည် စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပန်းတိုင်သို့ ဦးတည်သည့် နိုင်ငံရေးစနစ်ဖြစ်သည်။ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု ထူထောင် နိုင်ရန်အတွက် မတူကွဲပြားမှုများအပေါ်အခြေခံသည့် ညီညွတ်မှုကို တည်ဆောက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံအရွယ်အစားနှင့် တိုင်းရင်းသားလူမျိုး တစ်ရာ ကျော်ရှိသည့် အနေအထားမှာ ကမ္ဘာပေါ်တွင် ထူးထူးခြားခြား ဖြစ်တည်နေ သည်။ မတူကွဲပြားမှုများကို အင်အားဖြစ်အောင်၊ အင်အားအဖြစ်သာမက ညီညွတ်ရေးအတွက် တွန်းအားဖြစ်အောင်၊ တစ်ယောက်တွင် မရှိသည့်အား များကို နောက်တစ်ယောက်က ဖြည့်ဆည်းပေးမည်ဆိုသည့် ယုံကြည်မှုများ ဖြစ်ပေါ်လာအောင် ကြိုးစားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က လမ်းညွှန်ထားသည်။
သို့ဖြစ်ရာ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးတို့သည် မငြိမ်းချမ်း သော၊ မဖွံ့ဖြိုးသောဘဝမှ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးနေသော နိုင်ငံများ၏ ဖြစ်စဉ်များကို လွှမ်းခြုံကြည့်ရှုပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးအောင် မတူကွဲပြားမှုများအား သဘောထားကြီးစွာဖြင့် အတူလက်တွဲပြီး ညီညွတ်ရေးအင်အား တွန်းအားဖြစ်အောင် ကြိုးပမ်း အားထုတ်ရမည်ဖြစ်ပါကြောင်း။ ။