၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော အရှေ့တောင်အာရှနိုင်ငံ များအသင်း (အာဆီယံ) သည် ယခုအခါ (၅၄) နှစ်မြောက် နှစ်ပတ်လည်အခါသမယ သို့ရောက်ရှိလာပြီဖြစ်သည်။ ရာစုနှစ်တစ်ဝက်ကျော် ကြာမြင့်လာပြီဖြစ်သော အာဆီယံ အသင်းကြီးတွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံတို့သည် “မတူကွဲပြား သောစည်းလုံးညီညွတ်မှု”ဟူသည့် အာဆီယံ၏ဝိသေသလက္ခဏာကို ထိန်းသိမ်းရန် အတွက် အဖွဲ့ဝင်နိုင်ငံအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်လျက်ရှိသည်။
အာဆီယံနှစ်ပတ်လည်အခါသမယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ များသို့ သဝဏ်လွှာပေးပို့ခဲ့ရာ “လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုများကို မိမိတို့အနေဖြင့် အာရုံစိုက်ဆောင်ရွက်နေသကဲ့သို့ ဒေသတွင်းပေါင်းစည်းရေးလုပ်ငန်း များကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဒေသတွင်းပေါင်းစည်း ရေးလုပ်ငန်းများသည် အာဆီယံအသိုက်အဝန်းတည်ဆောက်မှု အောင်မြင်ရေးအပြင် နိုင်ငံတကာအသိုက်အဝန်းတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်သည့်အနာဂတ်ကို ဖန်တီးပေးနိုင်ရေးအတွက် အဓိကအရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်” ဟု ပြောကြားခဲ့သည်။
ယခုအခါတွင် အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးသည် ကိုဗစ်-၁၉ ကပ်ရောဂါ စိန်ခေါ်မှုကို ရင်ဆိုင်နေကြရသည်။ အာဆီယံနိုင်ငံများအနေဖြင့် ဒေသတွင်း ရောဂါပိုးပြန့်ပွားမှုတိုက်ဖျက်ရေးနှင့် ကိုဗစ်-၁၉ ကြောင့် ဘက်ပေါင်းစုံမှ ဖြစ်ပေါ်လာသောဆိုးကျိုးများကို အမြန်ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ တာဝန်ယူမှုရှိသော အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၂၁ ခုနှစ် အာဆီယံဥက္ကဋ္ဌက ချမှတ်ထားသည့် “သာယာဝပြောသော အာဆီယံသို့ အပြန်အလှန်ဖေးမကူညီမှုဖြင့် အတူတကွ ပြင်ဆင်ဆောင်ရွက်ကြပါစို့” ဟူသောဆောင်ပုဒ်နှင့်အညီ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက် လျက်ရှိသည်။
မြန်မာနိုင်ငံသည် အာဆီယံ ကိုဗစ်-၁၉ တုံ့ပြန်ရေးရန်ပုံငွေသို့ အမေရိကန် ဒေါ်လာတစ်သိန်း ထည့်ဝင်လှူဒါန်းထားသည်။ အာဆီယံအနေဖြင့် အာဆီယံနိုင်ငံ များအကြား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများ အားလုံးပြီးမြောက်ပါက အကျိုးကျေးဇူး များကို အာဆီယံပြည်သူများလက်ထဲသို့ အမြန်ဆုံးပေးအပ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးနှင့် ဒေသတွင်း ပေါင်းစည်းရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် အာဆီယံနှင့်အတူ လက်တွဲ ဆောင်ရွက်သွားရန် ခိုင်မာစွာ သန္နိဋ္ဌာန်ချမှတ်ထားသည်။ ယခုအချိန်အခါတွင် ပြည်သူများအားလုံး ကိုဗစ် -၁၉ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်ဖြစ်၍ အာဆီယံ အသိုက်အဝန်းအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖေးမကူညီဆောင်ရွက်ပေး ရမည့်အချိန်အခါဖြစ်ပါသည်။
အာဆီယံဆက်ဆံရေးနှင့်ပတ်သက်၍ ဧပြီလ ၂၄ ရက်နေ့ အာဆီယံအစည်း အဝေး၌ ဗိုလ်ချုပ်မှူးကြီးက မြန်မာနိုင်ငံ၏အခြေအနေများအား ရှင်းလင်းပြောကြား ခဲ့ပြီး အာဆီယံသဘောတူညီချက် (၅) ရပ်ကို ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံမူဘောင်အတွင်းမှသာ ဆောင်ရွက်မည်ဟု ပြောကြားခဲ့ပြီး နိုင်ငံ၏တည်ငြိမ် အေးချမ်းမှုအပေါ်တွင်မူတည်၍ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။ အာဆီယံအထူးကိုယ်စားလှယ်ခန့်ထားရန်အတွက် အင်ဒိုနီးရှားနိုင်ငံနှင့် မလေးရှား နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်းများနှင့် ထိုင်းနိုင်ငံဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်းတို့အား အဆိုပြုခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြား ရေးဝန်ကြီးအား အဆိုပြုခဲ့သော်လည်း အာဆီယံဥက္ကဋ္ဌ ဘရူနိုင်းဘုရင်မှ ၎င်းတို့ နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအား အာဆီယံကိုယ်စားလှယ်အဖြစ် ကမ်းလှမ်းလာ သည့်အတွက် သဘောတူညီမှုပေးခဲ့သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံမူဘောင်အတွင်းမှသာ ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေး လမ်းကြောင်းပေါ် တွင် မှန်မှန်ကန်ကန်ဆောင်ရွက်သွားမည်ဖြစ်သည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်အပေါ်တွင် အခြေခံပြီး လွတ်လပ်၍တက်ကြွသော နိုင်ငံ ခြားရေးမူဝါဒ၊ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးမူဝါဒများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံ အချင်းချင်းအကြား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အဘက် ဘက်တို့တွင် အခြေအနေကောင်းများ ရရှိထားပြီဖြစ်ပြီး ထိုအခြေအနေများသို့ လွယ်လွယ်ကူကူရောက်ရှိလာသည်မဟုတ်ပေ။ ဖြတ်သန်းလာခဲ့သော ခရီးလမ်း တစ်လျှောက် ဘဏ္ဍာရေးအကျပ်အတည်း၊ ကိုဗစ်ရောဂါအခက်အခဲများကို ရင်ဆိုင် ဖြတ်ကျော်လာခဲ့ရသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအများရင်ဆိုင်ကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ဒေသတွင်းနိုင်ငံများ အကြား ဆက်ဆံရေးကို အစဉ်အလာမပျက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး မြန်မာ နိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံတို့အကြား မတူကွဲပြားသော စည်းလုံး ညီညွတ်မှုဟူသည့် ဝိသေသလက္ခဏာကို ဆက်လက်ဆောင်ကြဉ်းသွားမည်ဖြစ်ပါ ကြောင်း။ ။