
မုဒုံ ဒီဇင်ဘာ ၁၉
မွန်ပြည်နယ် မုဒုံမြို့နယ် ဝက်တဲကျေးရွာ ရွာအဝင်လမ်းတွင် ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီခန့်က မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ် နှစ်လုံး မီးလောင်မှုဖြစ်ပွားသည်။
အဆိုပါကျေးရွာရှိ အိမ်ရှင်ဒေါ်ပိန် နေအိမ်၏ မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် အနီးရှိ ပျဉ်ကာသို့ မီးကူးစက်လောင်ခဲ့ပြီး မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး အနီးရှိ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးတို့ မီးလောင်မှုဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မုဒုံမြို့နယ်မီးသတ်ဦးစီးမှူး စောစိုးစိုးမြင့် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့် ပရဟိတအသင်းများပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် နှစ်စီး၊ ရေသယ်ယာဉ် သုံးစီးတို့ဖြင့် ဝိုင်းဝန်းမီးငြှိမ်း သတ်ခဲ့ရာ နံနက် ၁၀ နာရီ မိနစ် ၄၀ တွင် မီးလုံးဝငြိမ်းသွားခဲ့ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူမရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)