
နေပြည်တော် ဇွန် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း မီးလောင်မှု စစ်ဆေးရန် လာရောက်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ရန်ပြင်ဆင်နေသည့် အကြမ်းဖက်သူ အမျိုးသား ခြောက်ဦး တူမီးသေနတ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့် တွင် မုံရွာမြို့ လယ်ဇင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းကို အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီး၊ ရေသယ် ယာဉ်တစ်စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှု ကြောင့် ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင် အဟောင်းတွင် ကာရံထားသော ထရံသုံးချပ် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။ ထို့နောက် အဆိုပါ မီးလောင်မှုဖြစ်ပွားရာ လယ်ဇင်ကျေးရွာသို့ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် လုံခြုံရေးကိစ္စများ ဆောင်ရွက်ရန် ထပ်မံထွက်ခွာလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီခန့်တွင် အဆိုပါကျေးရွာအဝင်အရောက်၌ ကျေးရွာအဝင်လမ်းဘေးတွင် အကြမ်းဖက်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းတိုက်ခိုက် ရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ ကျေးရွာအဝင်လမ်းဘေး တောစပ်အနီးမှ မုံရွာမြို့နယ် ရွာထောင်ကျေးရွာနေ ကျော်နန္ဒ (၁၈)နှစ် (ဘ) ဦးစိန်အောင်နှင့်အတူ အောင်အောင်၊ ကျော်မျိုးထွေး၊ ဆန်းမင်းထက်၊ ဘချစ်(ခ)ချစ်ထွန်း နိုင်၊ ဇေယျာလင်းတို့ကို တူမီးသေနတ် တစ်လက်၊ ယမ်းမှုန့်များ ထည့်ထားသော ဆေးထိုးပိုက် ၁၀၃ ချောင်း၊ အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြု သည့်ပစ္စည်းများ၊ ဦးဝင်းလွင်ထွန်းအမည်ပါ ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပေးထားသော မဲရုံအဖွဲ့ဝင် လည်ဆွဲကတ်ပြားတစ်ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေရာတွင် ပါဝင်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သူ ကျော်နန္ဒပါ ခြောက်ဦး တို့ကို စစ်ဆေးလျက်ရှိကြောင်းနှင့် ပူးပေါင်းပါဝင် ပတ်သက်သူများကိုလည်း ဖော်ထုတ်ကာ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ သတင်းစဉ်