
စာချစ်သူ
ဆယ်ကျော်သက်အရွယ် လူငယ်လေးနှစ်ဦး။ သူတို့နှစ်ဦးကို ပြည်သူ့ကုန်တိုက် (၁)က ရောင်းချပေးသော ၁၆ ကျပ် ပြား ၄၀ တန် ဒဗလျူဘောလုံးလေး တစ်လုံးနှင့်အတူ မကြာခဏ တွေ့ရတတ်သည်။ ဘောလုံးသာ ကန်ရမည်ဆိုလျှင်ဖြင့် မိုးရွာရွာ၊ နေပူပူ ဘယ်အချိန်ဖြစ်ဖြစ် သူတို့နှစ်ဦးက အမြဲအဆင်သင့်။ ကျောင်းပိတ်ရက်များဆို မိုးမလင်းခင်ကတည်းက ဘောလုံးလေးပိုက်ပြီး ထွက်လာကြသည်။ ပြီးတော့ ဘောလုံးကန်ဖော်ကန်ဖက် သူငယ်ချင်းများကို အိမ်ပေါက်စေ့လိုက်ခေါ်သည်။
သူတို့နှစ်ဦးထဲက တစ်ဦးကို ရပ်ကွက်ထဲက လူကြီးအချို့က “ဘောရူး”ဟု ခေါ်ကြသည်။ ထိုသို့ ခေါ်ရလောက်အောင်လည်း သူသည် ဘောလုံး ကစားရာတွင် အနိုင်မခံ အရှုံးမပေး Fighting Spirit အပြည့်ဖြင့် ပွဲစ၊ ပွဲဆုံး အားကြိုးမာန်တက်ကစား လေ့ရှိသည်။ ထိုသို့ ဘောလုံးကို အရူးအမူးကစား တတ်သောကြောင့်လည်း လက်ကျိုးလိုက်၊ ခြေထောက်မှာ ဒဏ်ရာရလိုက်ဖြင့် ဘောလုံး ကန်တိုင်း ဒဏ်ရာတစ်ခုမဟုတ်တစ်ခု ရတတ်သည်။
ကျန်တစ်ဦးကမူ ဘောလုံးအလိမ်အခေါက် ကျွမ်းကျင်သည်။ တစ်ခါတစ်ရံ အတောမသတ်နိုင် ပါက တစ်ကွင်းလုံးပတ်လိမ်တတ်သည်။ ထိုအခါ နေရာယူ Opening ဖွင့်ပေးထားသော ဘောရူးက ပေါက်ကွဲတတ်သည်။ သို့သော် သူတို့နှစ်ဦး တိုက်စစ် မြားဦးကို ဦးဆောင်တွဲကစားလျှင် အတွဲမိ၍ ပွဲက မြိုင်တတ်သည်။ နိုင်ပွဲလည်း များသည်။
သို့ရာတွင် နောက်ပိုင်းကာလများ၌ သူ့သူငယ် ချင်းသည် ယခင်ကသို့နှယ် ဘောလုံးကို သွက်သွက် လက်လက်မကစားနိုင်တော့။ ခါးလေးကုန်းကုန်း နှင့် ကွင်းထဲလမ်းလျှောက်နေသည်။ သူနှင့် တွဲဖော် ကစားဖက် ဘောရူးက ကွင်းထဲမှာ ဘယ်လိုပဲ ဟောက်ဟောက် သူကတော့ ကွင်းထဲမှာ ခေါင်းငိုက် စိုက်နှင့် ခါးထောက်မပျက် ရပ်လျက်ပင်။ ဘောရူးက ပေါက်ပေါက်ဖောက်သလို တရစပ် ဆူပူအော်ဟစ် ကြိမ်းမောင်းပြီဆိုလျှင်ဖြင့် “ငါမရတော့ဘူး။ ခဏ နားဦးမယ်ကွာ”ဟု ခွင့်တောင်း၍ ဂိုးတိုင်ဘေးတွင် သွားထိုင်နေတော့သည်။
နောက်ပိုင်းဘောလုံးကွင်းထဲသို့ သူအလာ ကျဲသွားသည်။ သို့သော် ဘောရူးနှင့်သူက ငယ် သူငယ်ချင်းများမို့ တွဲသွားတွဲလာမပျက်ရှိစမြဲ။ ညနေ ခင်း တစ်နေ့ သူငယ်ချင်းနှစ်ဦး လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသည်။ သူဖွာရှိုက်နေသော ဖက်ဆေးပေါ့ လိပ်က ညှော်နံတထောင်းထောင်းထနေသည်။ ဘောရူးသည် ချက်ချင်းသတိပြုမိသွားလေသည်။
“မင်းဆေးပေါ့လိပ်က ညှော်လှချည်လား”
“မညှော်ပါဘူး”
သူက စပ်ဖြဲဖြဲ ရယ်ကျဲကျဲပြောသည်။
ဘောရူးသည် အကင်းပါးသူပီပီ သာမန် ဆေးပေါ့လိပ်မဟုတ်တန်ရာဟု ရိပ်စားမိလေသည်။ ဆေးပေါ့လိပ်ကို သူဖွာရှိုက်အပြီး စားပွဲခုံပေါ် ခေတ္တ တင်ထားချိန်တွင် ဘောရူးသည် “မင်းဆေးပေါ့လိပ် က ပိုးဟပ်ချီးစော်နံတယ်၊ သွားကွာ”
သုံးလေးငါးဖွာသာ ဖွာရှိုက်ခါစ သူ့ဆေးပေါ့လိပ် လေးသည် ရေမြောင်းထဲသို့ရောက်သွားသည်။
“ဟာ . . . မင်းအတော်ယုတ်မာတဲ့ကောင်ပဲ။ ဒါကို ...ဆီက ဝယ်လာတာ၊ ရှားတယ်ကွ” သူ ဆွေ့ဆွေ့ခုန်သွားသည်။
ဘောရူးကမူ အရူးကွက်နင်းကာ “မသိဘူးလေ ကွာ”ဟုသာ ဘူးခံ၍နေသည်။ ဘောရူး၏ မျက်နှာ ကား အရယ်အပြုံးတို့ဖုံးလေသော်လည်း စိတ်ထဲမှာ တော့ စိတ်မကောင်းဖြစ်သွားသည်။ သူ့သူငယ်ချင်း သည် ဟိုစပ်စပ် ဒီစပ်စပ် အပေါင်းအသင်းစုံသူ တစ်ဦးဖြစ်၍ ဆေးခြောက်ကို စမ်းသုံးရာမှ စွဲစွဲ လမ်းလမ်း ကြိုက်နှစ်သက်သွားခဲ့လေပြီ။
စိတ်ကြွရူးသွပ်ဆေးပြားအချို့ ပေါ်လာ
၁၉၈၀ ကျော်လွန်နှစ်များအတွင်းက ဆေး ခြောက်သည် လူငယ်ထုအတွင်းဝယ် အတော်ပျံ့နှံ့ ခဲ့သည်။ သတင်းစာစက္ကူဖြတ်ပိုင်းလေးများဖြင့် ကျစ်ကျစ်ပါအောင်ထုပ်ပြီး လိပ်ထားသော ဆေး ခြောက်ထုပ်လေးများက တစ်ထုပ်မှ ငါးကျပ်။ လူငယ်အချို့က ထိုဆေးခြောက်ထုပ်လေးများထဲမှ ဆေးခြောက်များကို ဆေးပေါ့လိပ်ထဲက ဆေးရိုးများ နှင့်ပြန်လည်ရောစပ်ပြီး ပြန်လိပ်၍ သောက်တတ် ကြသည်။ နောက်ပိုင်း စိတ်ကြွရူးသွပ်ဆေးပြားအချို့ ပေါ်လာသည်။
မဟာသင်္ကြန်ကာလတစ်ရက်တွင် ဘောရူး သည် အိမ်ရှေ့တွင် ရေတိုင်ကီတစ်လုံးချရင်း ရေပက် ကစားနေသည်။ ဘောရူးမျှော်နေသော တစ်ချိန်က ဘောလုံးကစားဖက် ငယ်သူငယ်ချင်းက ရေပက်ချိန် အမီ ရောက်မလာသေး။ မမျှော်မှန်းထားသော အခြား ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးက လမ်းကြုံ ဝင်ရောက်လာသည်။
“ငါ့ကို ရေတစ်ခွက်လောက်ပေးကွာ”
“ဘာလုပ်မလို့လဲ”
“ဒဗလျူ ကိုင်မလို့”
“ဘာဒဗလျူလဲ”
“ဆေးပြားကို ပြောတာ၊ သောက်ဦးမလား”
“ဘာလို့သောက်ရမှာလဲ။ မင်းဘာသာကြိုက်ရင် သောက်၊ ငါ ဒါတွေမကြိုက်ဘူး”
ကျောင်းနေဖက်သူငယ်ချင်းက တိုင်ကီထဲက ရေကို ဖလားဖြင့်ခပ်၍ စိတ်ကြွရူးသွပ်ဆေးပြား များကို ပါးစပ်ထဲ ရေနှင့်မျောချပြီး ထွက်သွားသည်။
ဘောလုံးကစားဖက် ငယ်သူငယ်ချင်းကတော့ မလာ သေး။ သူသည် ယခုနောက်ပိုင်း ဆေးခြောက်သာ မက အရက်ပါ သောက်စားတတ်နေပြီဖြစ်သည်။ အရက်ဆိုင်သို့များ ရောက်နေမလား။ သို့နှင့်သူတို့ ငယ်သူငယ်ချင်း နှစ်ဦးသည် တစ်စတစ်စ ဝေးကွာ လာကြသည်။ ခါတိုင်းဆုံနေကျ ဘောလုံးကွင်းမှာ သာမက ညနေစောင်းတိုင်း ဆုံစည်းရာ လမ်းထိပ် လက်ဖက်ရည်ဆိုင်မှာပင် မဆုံဖြစ်ကြတော့။
သို့သော် ငယ်စဉ်က ဘောလုံးကစားဖော် ကစားဖက် ငယ်သူငယ်ချင်းများမို့ စိတ်ချင်းကတော့ မဝေးပါ။ သံယောဇဉ်ကြိုးများက ရစ်ပတ်ချည်နှောင် ထားဆဲ။ နောက်ပိုင်း သူ ကျန်းမာရေးချို့တဲ့လာ သည်။ ဆေးရုံသို့ တက်ရောက်ကုသရသည်အထိ ဖြစ်လာသည်။ နေမကောင်းတော့ အရက်ပြတ်သွား သည်။ ဘောရူးက သူ့အိမ်သို့ မကြာခဏသွား၍ အားပေးသည်။ မကြာမီ သူနေပြန်ကောင်းစပြုလာ သည်။ အရက်နှင့်ဆေးခြောက်ကို အခြားသူတစ်ဦး အားဝယ်ခိုင်း၍ ခိုးသောက်သည်။ ဘောရူးက “မင်းနောက်တစ်ခါ ထပ်သောက်ရင် ငါဘယ်တော့မှမင်းဆီမလာတော့ဘူး”ဟူသည့် ယခင်က သတိ ပေးထားသည့်အတိုင်း သူ့ဆီမသွားတော့။
သုံးလေးလအကြာတွင် သူဆေးရုံထပ်တက် ရပြန်သည်။ ဘောရူးက “ခွေးမြီးကောက် ကျည်တောက်စွပ်”ဟု မချိတင်ကဲရေရွတ်ပြီး မသွား ဘဲ တင်းခံသည်။ တစ်နေ့တော့ အိမ်မှာသူအသည်း အသန်ဖြစ်နေသည်ဟု ကြားရသည်။ သည်တစ်ခါ တော့ ဘောရူးသည် ငယ်သံယောဇဉ်ဖြင့်မနေ အားတော့။ သူ့အိမ်သို့ အပြေးကလေးရောက်သွား သည်။
“အမယ်လေး၊ သားရဲ့ ငါတို့သေပြီးမှ မင်းသေ မယ်လို့ ထင်ထားခဲ့တာ။ အခုတော့ မင်းက ငါတို့ ထက် အရင်သေရတယ်လို့ကွာ”
သူ့ဖခင်ဖြစ်သူ၏ မချိတင်ကဲ ငိုသံကဆီးကြို၍ နေပါတော့သည်။ ဘောရူး၏ မျက်ဝန်းမှာလည်း မျက်ရည်စတွေနှင့်။ သူကွယ်လွန်ချိန်မှာ သူ့အသက် က ၂၉ နှစ်။
နေ့လနှစ်ရက်တို့သည် တရွေ့ရွေ့ပြောင်းလဲ ရွေ့လျားနေသည်။ မပြောင်းလဲသည့်အရာက ဘောရူးသည် အားလျှင် ဘောလုံးကွင်းထဲသို့ ရောက်စမြဲ။ အဖော်ကောင်းလျှင် ဘောလုံးကန်နေ စမြဲ။
ထိုခေတ်ထိုအခါ ထိုအချိန်က လူငယ်ထု၏ အနာဂတ်ကို နင်းခြေဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါး များကား အရက်၊ ဆေးခြောက်နှင့် ပေါ်ခါစ WY ဆေးဝါးများ။ ဘိန်းဖြူကတော့ လူကုံထံအသိုက် အဝိုင်းကြားတွင်သာ ပို၍ပျံ့နှံ့ပါသည်။
လူငယ်ထုကို ပို၍ခြိမ်းခြောက်လာ
ပစ္စက္ခကာလတွင်မူ မူးယစ်ဆေးဝါးများသည် အမျိုးအမယ်စုံလင်လှသည်။ ဘိန်းဖြူ၊ ဘိန်းမည်း၊ ဘိန်းစာရွက်၊ ဘိန်းစာမှုန့်၊ ဆေးခြောက်တို့သာမက စိတ်ကြွရူးသွပ်ဆေးပြားများကလည်း အမျိုးစုံပင်။ မူးယစ်အန္တရာယ်သည် လူငယ်ထုကို ပို၍ခြိမ်းခြောက် လာသည်။
လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အိမ်စောင့်အစိုးရတာဝန်ယူသည့် ကိုးလတာကာလ အတွင်း၌ မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုစာရင်း အရ စုစုပေါင်း မြန်မာကျပ်ငွေတန်ဖိုး ၇၉၈ ဒသမ ၄ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာတန်ဖိုးက ၄၆၉ ဒသမ ၆ သန်း ကျော်ရှိခဲ့ကြောင်း သတင်း ထုတ်ပြန်ချက်များအရ သိရသည်။
အထူးသဖြင့် စိတ်ကြွရူးသွပ်ဆေးပြားဖမ်းဆီးရမိသည့်အရေအတွက်မှာ ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလတွင် ဖမ်းဆီးရမိသည့် ၅ ဒသမ ၅ သန်းကျော် ထက် ပိုမို၍ ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ၂၃ ဒသမ ၇ သန်းကျော် ဖမ်းဆီးနိုင်ခဲ့၍ ယခင်နှစ်နှင့် ယခုနှစ် ကွာခြားချက်က ၁၈ ဒသမ ၁ သန်းကျော် အထိရှိခဲ့သည်။ လူငယ်များကြား မူးယစ်ဆေးဝါး ပျံ့နှံ့မှုက ပို၍မြင့်မားလာသည့်သဘောဖြစ်သည်။
တစ်နေ့က အသိမိတ်ဆွေတစ်ဦး၏ သားလေး တစ်ယောက် အပေါင်းအသင်းမှားပြီး စိတ်ကြွရူးသွပ် ဆေးပြားများကို စမ်းသုံးကြည့်ရာမှ လပိုင်းခန့် အကြာတွင် လူက မျက်ကွင်းများ ညိုမည်းရုံမက ယခင်က ပြည့်ပြည့်ဖြိုးဖြိုး မျက်နှာလေးမှာလည်းအရိုးငေါငေါဖြစ်လာ၍ ကိုယ့်အသိတရားနှင့်ကိုယ် ကြိတ်ပုန်းဆေးဖြတ်ခဲ့ရာ အသက်အန္တရာယ်ထိခိုက် သည်အထိ ဒုက္ခတွေ့ခဲ့သည်။ မိဘများက အချိန်မီ သိရှိပြီး ဆရာဝန်နှင့် စနစ်တကျ ဆေးဖြတ်ကုသ ပါမှ သက်သာရာရတော့သည်။
မူးယစ်ဆေးဝါးအန္တရာယ်က ကြောက်မက်ဖွယ် ကောင်းလေစွ။ မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံတော်အစိုးရသာမက မြန်မာ့လူမှုအသိုင်းအဝိုင်း ကပါ တားဆီးကာကွယ်ကြရပေမည်။ မူးယစ် ဆေးဝါးအန္တရာယ်ကို တားဆီးကာကွယ်ရမည့် အကောင်းဆုံးဆေးဝါးကား အားကစားလှုပ်ရှား မှုသာ ဖြစ်ပေသည်။
ကျွန်တော်တို့ငယ်စဉ်ကမူ ကံကောင်းခဲ့ပါ သည်။ ဘာသာရေးနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ များကို လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ပါသော လူမှု အသိုက်အဝန်းနှင့် အားကစားကို ဝါသနာပါပြီး လေ့လာလိုက်စားနိုင်ရန် မြေတောင်မြှောက်ပေး ခဲ့သော လူမှုအသိုင်းအဝိုင်းတို့နှင့်ကံကြုံ၍ ဆုံစည်း ခဲ့ရပေသည်။
မှတ်မိသေးသည်။ ကျွန်တော်တို့ ခြောက်နှစ်၊ ခုနစ်နှစ် မူလတန်းကျောင်းသားအရွယ်တွင် ရပ်ကွက် ထဲက လူကြီးတစ်ဦးသည် ရပ်ကွက်ထဲရှိ ကလေး ငယ်များကို ကျောင်းပိတ်ရက်များတွင် စုစည်း၍ ဘောလုံးပြိုင်ပွဲလေးများ ကျင်းပပေးတတ်သည်။ တစ်သင်းလျှင် အသင်းဝင် ခြောက်ဦး၊ ခုနစ်ဦးကျစီ ဖြင့် စုဖွဲ့၍ အသင်းဝင်ကြေးတစ်ယောက် တစ်မတ်၊ ငါးမူးကောက်ခံကာ ငွေစက္ကူများကိုကပ်၍ ဒိုင်းဆု အဖြစ် ချီးမြှင့်ပေးသည်။ အနိုင်ရဗိုလ်စွဲသည့် အသင်း သည် အဆိုပါ ငွေသားဒိုင်းဆုကတ်ပြားကလေးကို ကိုင်မြှောက်၍ ကွင်းတစ်ပတ်အောင်ပွဲခံ ပတ်ပြေး ကြရသည်။
ကျွန်တော်တို့ကလေးငယ်များအတွက် အဓိက ဘောလုံးပြိုင်ပွဲကတော့ ထိုခေတ် ရပ်ကွက်ပါတီ ကောင်စီလူကြီးများက နှစ်စဉ်မပျက် ကျင်းပပေး ပါသော ၄ ပေ ၉ လက်မအောက် ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဖြစ်လေသည်။
ပြိုင်ပွဲဝင်အသင်းဝတ်စုံကို မှတ်မိပါသေးသည်။ ယခုလို ဈေးကွက်အတွင်း ပေါပေါများများတွေ့ရ သော မန်ယူတို့၊ အာဆင်နယ်အသင်းတို့ လိုဂိုတံဆိပ် ပါ အားကစားဝတ်စုံ များမဟုတ်ပါ။ ကိုယ့်မှာရှိသည့် စွပ်ကျယ်လက်ပြတ်လေးများကို ခဲတံ၊ ဘောလ်ပင် တို့ဖြင့် ကျောနံပါတ်များ ကနဦး ရေးသားရသည်။ ပြီးလျှင် ကန်စွန်းရွက်များကိုထောင်းပြီး ကျောနံပါတ် များကို အရောင်တင်ဆေးခြယ်မွှမ်းရပါ၏။ ကန်စွန်း ရွက်အရည် ဆေးအရောင်များသည် တစ်ပွဲကန်ပြီး လျှင် ပျက်လွယ်ပျောက်လွယ်ပါ၏။ သို့ရာတွင် ကျွန်တော်တို့ နှလုံးသားထဲတွင် ယခုတိုင်မပျောက် ပျက်သည့်အရာကား ဘောလုံးအားကစားကို ချစ်မြတ်နိုးသည့် အားကစားစိတ်ဓာတ်။ ထို အားကစားစိတ်ဓာတ်ကပင်လျှင် ကျွန်တော်တို့ကို မူးယစ်ဆေးဝါးအန္တရာယ်က တားဆီးကာကွယ်ပေး ခဲ့ပါ၏။
ပစ္စက္ခမှာတော့ ရပ်ကွက်ဘောလုံးကွင်းများတွင် ကျွန်တော်တို့လို ဘောရူးလေး တချို့တလေမှအပ များသောအားဖြင့် လူသူကင်းမဲ့ခြောက်သွေ့လို့နေပါသည်။ ၄ ပေ ၉ လက်မအောက် ရပ်ကွက်ပေါင်းစုံဘောလုံးပြိုင်ပွဲလေးများဆိုလျှင် လုံးဝနီးနီး မတွေ့ မမြင်ရတော့။ ထို့အတူ ကျွန်တော်တို့ငယ်စဉ်ကကဲ့ သို့ ရပ်ကွက်ကွင်း ဘောလုံးပြိုင်ပွဲလေးများကို အခါ အားလျော်စွာ ကမကထကျင်းပပြုလုပ်ပေးကြမည့် ရပ်မိရပ်ဖလူကြီးများလည်း မရှိကြတော့။
မြန်မာ့လူဘောင်သည် ဆယ်စုနှစ်နှင့်ချီ၍ ရပ်ရွာ အခြေပြုအားကစားကို ဥပေက္ခာပြုလျစ်လျူရှုခဲ့ပါ ၏။ မြန်မာ့လူဘောင်သည် ဒီမိုကရေစီ၊ ဒီမိုကရေစီ ဟူသည့် “ဒီမိုကရေစီအရေး”မှတစ်ပါး အခြားဘာမျှ အလေးမထားတော့။ ကလေးသူငယ်များအတွက် ကစားခုန်စား အားကစားလှုပ်ရှားမှုများကား နည်းပါးလာသည်။ သို့နှင့်အမျှ မူးယစ်ဆေးဝါး အန္တရာယ်က မြန်မာလူငယ်ထုကို ပို၍မြူဆွယ် လက်ယပ်ခေါ်နေသည်။
သို့ဖြစ်ရကား ပစ္စက္ခကာလတွင် မြန်မာကလေး သူငယ် လူငယ်လူရွယ်များ လွတ်လပ်ပေါ့ပါးစွာ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့ ခြင်းများ ခတ်ကစားနေကြသည့် မြင်ကွင်းများကို ကျွန်တော်မြင်တွေ့လိုပါ၏။ ။
- Log in to post comments