မူးယစ်အန္တရာယ်ကင်းစင်ရေး ဘက်စုံကြိုတင်ကာကွယ်ပေး

(၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ  မူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် တိုင်းဒေသ ကြီး၊ ပြည်နယ် ခြောက်ခုမှ မြို့နယ် ၂၄ မြို့နယ်တို့တွင် ကျင်းပခဲ့ ရာ တန်ဖိုးပမာဏ ကြီးမားများပြားလှစွာသော ဖမ်းဆီးရမိ မူးယစ် ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို  ဖျက်ဆီးခဲ့သည်။  ဘိန်း၊ ဘိန်းဖြူ၊ စိတ်ကြွရူးသွပ်ဆေးပြား၊ အိုက်စ်၊ ဘိန်းစာမှုန့်၊ ဆေး ခြောက်၊ ကက်တမင်းနှင့် ဘိန်းညိုမှုန့် အပါအဝင် မူးယစ်ဆေးဝါး နှင့် ဓာတုပစ္စည်း ၇၇ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁၁၆၃ ဘီလီယံကျော်၊ (အမေရိကန်ဒေါ်လာ ၃၄၉ ဒသမ ၄၄၃ သန်း) ကို ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဓာတု ပစ္စည်းများမှာ တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိခဲ့သည့် ပမာဏ ဖြစ်သည်။
မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာ့လူသားတစ်ရပ်လုံး၏ ပြဿနာဖြစ်သကဲ့သို့ မြန်မာနိုင်ငံအဖို့လည်း နှစ်ပေါင်းကြာရှည် ရင်ဆိုင်နေရသည့်   စိန်ခေါ်မှုကြီးတစ်ခုဖြစ်သည်။  မြန်မာနိုင်ငံ သည် ကမ္ဘာ့ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် အဓိကနိုင်ငံများတွင် တစ်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပြီး ဓာတုပစ္စည်းများကို အခြေခံ ထုတ်လုပ်သည့် မူးယစ်ဆေးဝါး (Synthetic Drug) များ ထုတ်လုပ် သည့် နိုင်ငံလည်းဖြစ်နေသည်။ ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုလုပ်ငန်းများမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများ  ထိန်းချုပ်လှုပ်ရှားလျက်ရှိသည့်  နယ်မြေများတွင် တည်ရှိနေပြီး   မူးယစ်ဆေးဝါးထုတ်လုပ်မှု၊   သယ်ဆောင်မှုနှင့် ရောင်းဝယ်မှုများတွင် အဆိုပါအဖွဲ့အစည်းများ တစ်နည်းနည်း ဖြင့် ပါဝင်ပတ်သက်လျက်ရှိသည်။ အကျိုးအမြတ် လွန်စွာများပြား သည့်အလျောက် တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့အစည်း အများစု၏ အဓိကဝင်ငွေရရှိရာ လမ်းကြောင်းလည်းဖြစ်နေသည်။ 
မြန်မာနိုင်ငံတည်ရှိရာ ပထဝီဝင်အနေအထားအရ မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုရသည့် ဓာတုပစ္စည်းများကို အိမ်နီးချင်း အာရှနိုင်ငံကြီး နှစ်နိုင်ငံတွင် ထုတ်လုပ်လျက်ရှိခြင်း၊ အရှေ့နှင့် အရှေ့တောင်အာရှရှိ ကြီးမားသော နိုင်ငံတကာ မူးယစ် ဆေးဝါးဈေးကွက်နှင့် နီးကပ်စွာတည်ရှိနေခြင်း၊ အစိုးရကို ဆယ်စု နှစ်ပေါင်းများစွာ လက်နက်ကိုင်ပုန်ကန်တိုက်ခိုက်နေသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ နယ်စပ်တစ်လျှောက် တည်ရှိနေခြင်း စသည့်အကြောင်းများကြောင့် မူးယစ်ဆေးဝါး လုပ်ငန်းများအတွက် ရေကန်အသင့်၊ ကြာအသင့်သဖွယ်ဖြစ်နေ ပြီး နိုင်ငံတကာ မူးယစ်ဂိုဏ်းများနှင့်ပါ ဆက်နွှယ်လုပ်ကိုင်နေကြ ခြင်းဖြစ်သည်။ မိမိတို့နိုင်ငံအဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ် ဆောင်၊    ရောင်းဝယ်မှုများ၏နောက်တွင်    ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ပါ  တစ်ဆက်တစ်စပ် တည်း ပါဝင်နေပြီး နိုင်ငံနှင့် ပြည်သူလူထု၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုပါ ထိခိုက်စေလျက် ရှိသည်။
ယခုနှစ်  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု   တိုက်ဖျက်ရေးနေ့၏    ဆောင်ပုဒ်မှာ “The Evidence is Clear : Invest in Prevention” “မူးယစ် အန္တရာယ်ကင်းစင်ရေး၊  ဘက်စုံကြိုတင်ကာကွယ်ပေး” ဟူ၍ ဖြစ်သည်။ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးသည်  လက်နက်ကိုင်ပဋိပက္ခများ  ချုပ်ငြိမ်းရေးနှင့်  နိုင်ငံ တစ်ဝန်း အေးချမ်းသာယာရေးတို့နှင့်ပါ ဆက်နွှယ်လျက်ရှိရာ  မူးယစ်ဆေးဝါးများထုတ်လုပ်မှု၊ မူးယစ်ဆေးနှင့် ဓာတုပစ္စည်း များ သယ်ဆောင်မှု၊  သိုလှောင်မှု၊  ရောင်းဝယ်ဖောက်ကားမှုတို့ ကို ဖော်ထုတ်နှိမ်နင်းတိုက်ဖျက်ရာတွင် တိုင်းရင်းသားပြည်သူ လူထု၏  ပူးပေါင်းပါဝင်မှုစွမ်းအားဖြင့်  အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရပါမည့်အကြောင်း။    ။