မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး ကဏ္ဍအလိုက် အလေးထား ပူးပေါင်းဆောင်ရွက်

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး  လုပ်ငန်းများကို  စီမံချက် ရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှုများ  နှစ်စဉ်တိုးမြှင့်လာ သည်ကို တွေ့ရမည်ဖြစ်ပြီး  အထူးစစ်ဆင်ရေးများကို ယနေ့ အထိ (၃၇) ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို    တပ်မတော်၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့က အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့ရာ အောင်မြင်မှုများ ရရှိခဲ့ကြောင်း မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်  တားဆီးကာကွယ် ရေး  ဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၂) ကို ဒီဇင်ဘာ ၁၄ ရက် နေ့ကကျင်းပရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ က အမှာစကားပြောကြား ရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

 


ယခု ၂၀၂၂ ခုနှစ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု နှင့် တန်ဖိုးငွေပမာဏတို့မှာ လွန်စွာကြီးမားများပြားလှသည်။ ဗဟိုအဖွဲ့ဥက္ကဋ္ဌက မူးယစ်ဆေးဝါးပြဿနာသည်  တားဆီး နှိမ်နင်းရေးကဏ္ဍတစ်ခုတည်း အောင်မြင်ရုံမျှဖြင့် မူးယစ် ဆေးဝါး ပပျောက်သွားမည်ဟုယူဆ၍ မရကြောင်း၊ မူးယစ် တားဆီးကာကွယ်ရေး   ဗဟိုအဖွဲ့အောက်ရှိ   လုပ်ငန်းအဖွဲ့  ၁၁ ဖွဲ့လုံးနှင့်  သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်   ပြည်နယ် မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့များအနေဖြင့်  သက်ဆိုင်ရာ ကဏ္ဍအလိုက် ဟန်ချက်ညီညီ အလေးထားပူးပေါင်းဆောင်ရွက် မှသာ အောင်မြင်မည်ဖြစ်ကြောင်းဖြင့်လည်း ပြောကြားခဲ့သည်။

 


မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာလုံးဆိုင်ရာပြဿနာ ဖြစ်ပြီး မူးယစ်ဆေးဝါးမှုခင်းများမှာ နိုင်ငံတကာရာဇဝတ်ဂိုဏ်း များ ပါဝင်ပတ်သက်နေကြသည့် နိုင်ငံဖြတ်ကျော်မှုခင်းများ ဖြစ်ကြသည်။ ယခုအခါ မူးယစ်ဆေးဝါးပြဿနာတွင် အဓိက ဖြစ်သည့်   မက်သ်အဖက်တမင်း    ထုတ်လုပ်ဖြန့်ချိမှုနှင့် ပတ်သက်၍   မြန်မာနိုင်ငံ၏အမည်မှာ  ထိပ်ဆုံးမှပါလေ့ ရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဘန်ကောက် ပို့စ်သတင်းတစ်ပုဒ်တွင်  ထိုင်းမြောက်ပိုင်းနယ်စပ်ဒေသမှ နေ့စဉ် မက်သ်အဖက်တမင်း သန်း ၂၈၀ တင်ပို့နေကြောင်း၊ စက်ရုံများမှာ  မြန်မာနိုင်ငံဘက်ခြမ်းတွင် တည်ရှိပြီး စက်ရုံ ခုနစ်ရုံရှိကြောင်း  ထိုင်းတရားရေးဝန်ကြီး၏  ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။

 


မက်သ်အဖက်တမင်းအပါအဝင်    ဓာတုပစ္စည်းများကို အခြေခံထုတ်လုပ်သည့် မူးယစ်ဆေးဝါးများအတွက်  လိုအပ် သော ဓာတုပစ္စည်းများကို မြန်မာနိုင်ငံတွင် ထုတ်လုပ်နိုင်ခြင်း မရှိဘဲ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့က  ထုတ်လုပ်ကြခြင်းဖြစ် သည်။ မူးယစ်ဆေးဝါးထုတ်လုပ်ရာနေရာများ၊ မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းများ စသည်တို့မှာ တရားဥပဒေနှင့် အလှမ်းဝေးရာ နေရာ၊ လက်နက်ကိုင်အဖွဲ့အစည်းများ လှုပ်ရှားရာဒေသများ တွင် တည်ရှိနေပြီး တရားမဝင်လမ်းကြောင်းများမှ သယ်ယူ ကြသည့်   ထိန်းချုပ်ဓာတုပစ္စည်းများဖြင့်   မူးယစ်ဆေးများ ထုတ်လုပ်နေကြခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေး အပြောင်းအလဲကြောင့် မတည်မငြိမ်မှုများအပေါ် အခွင့်ကောင်း ယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်မှုများ ပုံစံ ပြောင်းခဲ့ပြီး    ပမာဏအားဖြင့်လည်း     ကြီးထွားခဲ့ကြောင်း သတင်းများတွင် တွေ့ရသည်။

 


မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ ကျော်စောသည့် နေရာဒေသများမှာ      နိုင်ငံအရှေ့မြောက်ပိုင်း   နယ်စပ်မျဉ်း အနီးကပ်လျက်ရှိပြီး       မူးယစ်ဆေးဝါးသယ်ဆောင်ရာ လမ်းကြောင်း အချို့မှာ ပြည်တွင်းကို   ဖြတ်သန်းသွားကြောင်းနှင့်  အချို့မှာ    နိုင်ငံအနောက်ပိုင်းသို့လည်းကောင်း၊   အချို့မှာ တောင်ပိုင်းနှင့်    ပင်လယ်ရေကြောင်းသို့     လည်းကောင်း  သယ်ဆောင်ခြင်းဖြစ်ကြောင်းနှင့်  လက်နက်ကိုင်အဖွဲ့အစည်း အချို့ ပါဝင်ပတ်သက်မှုရှိကြောင်း  မီဒီယာများတွင်   ဖော်ပြ ခဲ့ကြသည်။ 

 


မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများစွာတို့၏ ပြဿနာ ဖြစ်သော မူးယစ်ဆေးဝါးကို တားဆီးနှိမ်နင်းရာတွင် မိမိတို့ နိုင်ငံအဖို့ အမျိုးသားရေးဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်သည့် အလျောက် ကဏ္ဍအလိုက် အလေးထား၍ ဆောင်ရွက်နိုင်ကြ ပါစေကြောင်း။       ။