မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး

66

ကိုကိုချွန် (မော်လမြိုင်)

 

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများသည်   နိုင်ငံအတွင်း  မူးယစ်ဆေးဝါးသုံးစွဲမှု  မြင့်တက်လာမှုကို  ဖြေရှင်းဆောင်ရွက်နေရလျက်ရှိပါသည်။  သက်ဆိုင်ရာ နိုင်ငံအစိုးရများအနေဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်  စီးပွားရေးအပေါ်  များစွာထိခိုက်ရသည့်အပြင် ရောဂါကူးစက်သူများကို  ကုသပေးရခြင်း၊    အခြားသူ များသို့   ထပ်မံမကူးစက်ရန် ကြိုတင်ကာကွယ်ခြင်း၊   အခြားနိုင်ငံများမှ   ဗီဇပြောင်း ကိုဗစ်-၁၉ ကပ်ရောဂါများ  ကူးစက်မှုမခံရစေရန်  ပျားပန်းခပ် ကြိုးပမ်း နေရလျက်ရှိပါသည်။ မူးယစ်ဆေးဝါးပြဿနာကို    အားသွန်ခွန်စိုက်  ကြိုးပမ်းဖြေရှင်းနေရင်း   “မြွေပူရာ၊ ကင်းမှောင့်” ကိုဗစ် ကပ်ရောဂါထိန်းချုပ်နိုင်ရေးကို ဖြေရှင်းနေရပါသည်။ ထို့ကြောင့်ပင်   နိုင်ငံအများစုမှာ    မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးတွင်     ခွန်အားစိုက်ထုတ်ရမှုများ၌   စိန်ခေါ်မှုများနှင့်  ကြုံတွေ့ နေရပါသည်။ 
မူးယစ်ဆေးဝါးသုံးစွဲမှုပြဿနာကို  ဖြေရှင်းရာ တွင်   မူးယစ်ဆေးသုံးစွဲသူများကို   ကုသပေးနေရ သကဲ့သို့   မူးယစ်ဆေးသုံးစွဲသူများ   ထပ်မံတိုးပွား မလာစေရန်           ကြိုတင်ကာကွယ်ခြင်းများကို ဆောင်ရွက်နေရပါသည်။        တစ်ဖက်တွင်လည်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်       သယ်ဆောင် ရောင်းဝယ်မှုများကို တားဆီးနှိမ်နင်းနေရပါသည်။ မူးယစ်ဆေးဝါးသုံးစွဲသူအများစုမှာ   ဆယ်ကျော် သက်အရွယ်လူငယ်နှင့် လူလတ်ပိုင်းအရွယ်  အလုပ် လုပ်ကိုင်နိုင်ကြသူများဖြစ်သဖြင့်    နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုစွမ်းအားကို   များစွာယုတ်လျော့ စေလျက်ရှိပါသည်။
မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေး
မူးယစ်ဆေးဝါးသုံးစွဲသူအများစုမှာ     မူးယစ် ဆေးဝါးနှင့်ပတ်သက်သည့်        ဗဟုသုတနှင့် နောက်ဆက်တွဲကြုံတွေ့လာရမည့်     ပြဿနာ များကိုမသိရှိခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် အယူအဆ/ အသိအမှားများကို အခြေခံကာ မူးယစ် ဆေးဝါးများကို    သုံးစွဲနေလျက်  ရှိပါသည်။   နိုင်ငံ အတွင်း  သုံးစွဲသည့်နယ်မြေဒေသအလိုက်   သုံးစွဲ သည့်မူးယစ်ဆေးဝါးအမျိုးအစား၊  သုံးစွဲမှုသဘာဝ၊ သုံးစွဲသည့်ပမာဏ၊   သုံးစွဲသူများ၏    ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုး သက်ရောက်မှုများနှင့်ပတ်သက်သည့်  တိကျသော သတင်းအချက်အလက်များရရှိရန်   ခက်ခဲနေလျက် ရှိပါသည်။  နိုင်ငံအတွင်း ကြုံတွေ့နေရသည့်  မူးယစ် ဆေးဝါးပြဿနာ၏    အတိမ်အနက်ကို    သိရှိရန် ခက်ခဲနေသဖြင့်   မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေးတွင်   မူဝါဒချမှတ်သူများအတွက်   စိန်ခေါ်မှုများ ကြုံတွေ့နေရပါသည်။ 
မူးယစ်ဆေးဝါးပြဿနာကို     ဖြေရှင်းရာတွင် သာမန်လူအများစု လက်ခံထားကြသည်မှာ   မူးယစ် ဆေးဝါးထုတ်လုပ်ရောင်းချမှုများကို   ဖမ်းဆီးခြင်း၊ တစ်နည်းအားဖြင့်    တားဆီးနှိမ်နင်းရေး  လုပ်ငန်း များကို    ဆောင်ရွက်ခြင်းဖြင့်     မူးယစ်ဆေးဝါး ပြဿနာကို         ဖြေရှင်းဆောင်ရွက်နိုင်သည်ဟု ထင်မှတ်မှားကြပါသည်။    ဖမ်းဆီးနှိမ်နင်းရေး လုပ်ငန်းများသည်    မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှု၊     အလွယ်တကူရရှိနိုင်မှု များကို  အတိုင်းအတာတစ်ခုအထိ  တားဆီးနှိမ်နင်း နိုင်သော်လည်း    ပြောင်းပြန်အကျိုးသက်ရောက်မှု အနေဖြင့်    မူးယစ်ဆေးဝါး  ဈေးကွက်ပြောင်းလဲ လာခြင်း၊    ဈေးနှုန်းများ    မြင့်တက်လာခြင်း၊   မူးယစ်ဆေးဝါးအသစ်များ          ပေါ်ပေါက်လာခြင်း၊ နောက်ဆက်တွဲကျန်းမာရေးဆိုင်ရာ  ပြဿနာများ ကြုံတွေ့လာရခြင်း၊  မှုခင်းများထူပြောလာခြင်းနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်  ဂိုဏ်းများ၏     ပါဝင် ပတ်သက်မှုများ  မြင့်တက်လာခြင်းကို ဖြစ်ပေါ်စေ ပါသည်။ 
မူးယစ်ဆေးဝါးပြဿနာကို    ဖြေရှင်းရာတွင် တားဆီးနှိမ်နင်းရေးလုပ်ငန်းများသည်    အစိတ် အပိုင်းတစ်ခုအနေဖြင့်  ပါဝင်ရပြီး     နိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုများကို   ကြိုတင်ကာကွယ် တားဆီးခြင်း၊  ပြည်သူများအသိပညာဗဟုသုတများ တိုးပွားလာစေရန်  နိုင်ငံတော်အဆင့်လှုပ်ရှားမှုနှင့် ပညာပေးမှုများ  ဆောင်ရွက်ခြင်း၊   ပြည်သူများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများကို        ကုသပေးခြင်းနှင့်     ပြန်လည် ထူထောင်ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများကို လူမှုဘဝအတွင်းသို့    ပြန်လည်ဝင်ရောက်စေခြင်း တို့ကို ဆောင်ရွက်သွားရပါမည်။ 
ဟန်ချက်ညီညီ ဆောင်ရွက်သွားရန် လိုအပ်
မူးယစ်ဆေးဝါးပြဿနာကို   ဖြေရှင်းရာတွင် ထုတ်လုပ်မှုကိုတားဆီးခြင်း၊  သုံးစွဲမှုကို လျှော့ချခြင်း နှင့် နောက်ဆက်တွဲပြဿနာများ  ဖြေရှင်းပေးခြင်း တို့ကို ဟန်ချက်ညီညီဆောင်ရွက်သွားရန်  လိုအပ် ပါသည်။    တားဆီးနှိမ်နင်းရေး    ဆောင်ရွက်မှုများ သည်   ဆိုခဲ့သည့်အတိုင်း   ထုတ်လုပ်မှုနှင့်   အလွယ် တကူရရှိနိုင်မှုကို      အနှောင့်အယှက်သာပေးနိုင်သည့်အတွက် ပြဿနာကိုဖြေရှင်းရာတွင် ကျယ်ပြန့် သော အမြင်ဖြင့် ကဏ္ဍစုံမှ ဟန်ချက်ညီရန် လိုအပ်ပါ သည်။ 
ကြိုတင်ကာကွယ်မှုများကို    ပြုလုပ်
ကြိုတင်ကာကွယ်ခြင်းသည်   ကုသခြင်းထက် ပိုမိုထိရောက်သဖြင့်  နိုင်ငံနှင့်အဝန်း မူးယစ်ဆေးဝါး သုံးစွဲမှု      ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြှင့်တင်သွားရန် လိုအပ်ပါသည်။ မူးယစ်ဆေးဝါး ပြဿနာကြုံတွေ့ခံစားရမှုမှ ကြိုတင်ကာကွယ်ပြီး ပြည်သူများ    ကျန်းမာပျော်ရွှင်စွာနှင့်    ဘေးကင်း လုံခြုံစွာနေထိုင်နိုင်ရေးအတွက်     သက်ဆိုင်ရာ အစိုးရတိုင်းသည် ကြိုးပမ်းဆောင်ရွက်နေလျက်ရှိပါ သည်။ သုံးစွဲမှုကြိုတင်ကာကွယ်ရေးအား  မည်သည့် လူအုပ်စုများ၊    မည့်သည့်အချိန်၊   မည်သည့်နေရာ တွင်   မည်သို့ပြုလုပ်ရမည်မှာ   အထူးဂရုပြုရမည့် အချက်ဖြစ်ပါသည်။ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်မည့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို   ဆောင်ရွက် ရန်အတွက်  အရင်းအမြစ်ကန့်သတ်ချက်များလည်း ရှိနေသည်ဖြစ်ရာ   နေရာဒေသနှင့်လူအုပ်စုများကို ရွေးချယ်ပြီး    ကြိုတင်ကာကွယ်မှုများကို    ပြုလုပ် သွားရမည်    ဖြစ်ပါသည်။        မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းမှ    ဆောင်ရွက်ပေးရမည်မှာလည်း အဓိက  စဉ်းစားသင့်သည့်အချက် ဖြစ်ပါသည်။ 
ဦးနှောက်ဖွံ့ဖြိုးမှုကို  ထိခိုက်
မူးယစ်ဆေးဝါးသုံးစွဲခြင်းသည်    ဦးနှောက် အစိတ်အပိုင်းများစွာ၏  လုပ်ငန်းဆောင်တာများကို ပုံမှန်မဖြစ်အောင် ပြုလုပ်စေပြီး  တဖြည်းဖြည်းချင်း ဦးနှောက်ကို    ထိခိုက်စေပါသည်။   အထူးသဖြင့် ဆယ်ကျော်သက်ရွယ် လူငယ်များတွင်     မူးယစ် ဆေးဝါးသုံးစွဲခြင်းသည် ဦးနှောက်ဖွံ့ဖြိုးမှုကို  ထိခိုက် စေပါသည်။      မူးယစ်ဆေးဝါး   စတင်သုံးစွဲသည့် အသက်အရွယ်ငယ်လေလေ    ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်မှုများလေလေ ဖြစ်ပါသည်။   အချို့မူးယစ် ဆေးဝါးများသည် သုံးစွဲမှုအား ဖြတ်တောက်လိုက် သော်လည်း     ဉာဏ်ရည်ပိုင်းဆိုင်ရာ   (IQ)  တွင် ပြန်လည်တိုးတက်လာခြင်းမရှိသည်ကို   တွေ့ရပါ သည်။   ဥပမာအားဖြင့်   ဆေးခြောက်သုံးစွဲမှုကြောင့် ဦးနှောက်ထိခိုက်မှုသည် မည်မျှကြာမည်၊  အမြဲတမ်း ထိခိုက်သွားမည်၊   ပြန်ကောင်းနိုင်ခြင်း   ရှိ/မရှိကို သုတေသနပြုဆဲဖြစ်ပါသည်။ အချို့သူများ ထင်မှတ် ထားသကဲ့သို့  ဆေးခြောက်သုံးစွဲခြင်းသည်  အခြား ရောဂါများကို   ကာကွယ်ပေးသည်၊   ဆေးဖက်ဝင် သည်ဟူသော   တိကျသည့်  အထောက်အထားများ လည်း    ယနေ့တိုင်   လိုအပ်နေဆဲ  ဖြစ်ပါသည်။ ဆေးခြောက်အား    ဆေးဝါးအဖြစ်   အသုံးပြုနေ သော်လည်း    ကောင်းကျိုးနှင့် ဆိုးကျိုးများကို သုတေသန ပြုနေဆဲအဆင့်သာ ရှိပါသည်။ 
မူးယစ်ဆေးဝါး စတင်သုံးစွဲရသည့်အကြောင်းအရင်းနှင့်   မူးယစ်ဆေးဝါးသုံးစွဲရန်   အားပေးနေ သော နောက်ခံအခြေအနေများကို  ပိုမိုသိရှိနားလည် ရန် လိုအပ်နေဆဲဖြစ်ပါသည်။  ကြိုတင်ကာကွယ် ရေး ဆောင်ရွက်မည့်သူများအနေဖြင့် မူးယစ်ဆေးဝါး အာနိသင်၊    စတင်သုံးစွဲရာမှ   ဆေးစွဲခြင်းဖြစ်စဉ် များကို   နားလည်ထားရန်လိုအပ်ပါသည်။ သို့မှသာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများသည်  မူးယစ် ဆေးဝါးပြဿနာကို       ဖြေရှင်းရေးတွင်         မည်မျှ အရေးကြီးမည်ကိုသိရှိပြီး     စေတနာ့ဝန်ထမ်းများ အနေဖြင့်   မိမိလုပ်ငန်းများအပေါ်    တက်ကြွစွာ ပါဝင်လာမည်ဖြစ်ပါသည်။
နည်းပညာများပံ့ပိုးပေးသွားရန် လိုအပ်
နိုင်ငံအတွင်း လူမှုအဖွဲ့အစည်းများနှင့်  ပရဟိတ အဖွဲ့များသည် ပြည်သူလူထုနှင့်  အနီးကပ်  ထိတွေ့ နေရသည်ဖြစ်ရာ    ထိုအဖွဲ့များ    အားကောင်းလာ သည်နှင့်အမျှ    မူးယစ်ဆေးဝါးသုံးစွဲမှု   ကြိုတင် ကာကွယ်ရေးလုပ်ငန်းများလည်း  ပိုမိုထိရောက်လာ မည်ဖြစ်ပါသည်။   ထိုအဖွဲ့များကို   ထိရောက်မှန်ကန် သော    နည်းလမ်းများဖြင့်      ဆောင်ရွက်နိုင်ရေး နည်းပညာများပံ့ပိုးပေးသွားရန်  လိုအပ်နေပါသည်။ မိမိတို့၏  သာမန်အသိဖြင့်  ကောင်းမည် ထိရောက် မည်ဟု   ထင်မြင်ယူဆကာ  လုပ်ဆောင်မှုများသည် သုံးစွဲမှု ကြိုတင်ကာကွယ်ရေးတွင်  ထိရောက်မှုမရှိဘဲ 

ပြောင်းပြန်အကျိုးသက်ရောက်မှုများကို ပေါ်ပေါက် စေနိုင်ပါသည်။ ထို့ကြောင့်အထောက်အထားခိုင်ခိုင် လုံလုံဖြင့်  သုတေသနပြုထားသော  လုပ်ငန်းများ အပေါ်အခြေခံပြီး   လုပ်ဆောင်သွားရန်  လိုအပ်ပါ သည်။       ထို့ပြင်   သုံးစွဲမှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ          ဆောင်ရွက်ပေးမည့်သူများကို ကျွမ်းကျင်ပညာရှင်များက   စနစ်တကျ   သင်ကြား လေ့ကျင့်ပေးပြီးမှသာ        ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်စေသင့်ပါသည်။
မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ခြင်းသည်  ဆယ်ကျော်သက်ရွယ်လူငယ်များကို အဓိက ရည်ရွယ်ပြီး    မူးယစ်ဆေးဝါးကို   စတင်မသုံးစွဲရန်၊ စတင်သုံးစွဲသည့်  အသက်အရွယ်ကို  တတ်နိုင်သမျှ နောက်ကျစေရန်၊   မူးယစ်ဆေးဝါး  စတင်သုံးစွဲသူ များဖြစ်ပါက ဆေးစွဲသည့်အခြေအနေသို့ ရောက်ရှိ သွားခြင်း မရှိစေရန် ကာကွယ်ခြင်းပင်ဖြစ်ပါသည်။
နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်စေသင့်
ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင် သည့်အခါ   မိသားစုအခြေပြု၊ ကျောင်းအခြေပြု၊ လုပ်ငန်းခွင်အခြေပြု ၊ ရပ်ရွာအခြေပြုနှင့်  မီဒီယာ အခြေပြု     ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို   ဆောင်ရွက်သွားရပါမည်။    ကလေး၊      လူငယ်များ အနေဖြင့် မွေးဖွားသည့်အချိန်မှ အသက်အရွယ်ကြီး  ရင့်သည်အထိ  မိသားစုနှင့် အတူတကွနေထိုင်ကြ သည်ဖြစ်ရာ    မြန်မာနိုင်ငံတွင်   မိသားစုအခြေပြု ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို          စနစ်တကျ     တွန်းအားပေး ဆောင်ရွက်သင့်ပါသည်။ ဘာသာ တရား   ကိုင်းရှိုင်းပြီး   မိသားစုအသိုက်အဝန်းဖြင့်     နေထိုင်တတ်သော    မြန်မာနိုင်ငံသည်    မိသားစု အခြေပြု      ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး  အတိုင်းအတာဖြင့်    ဆောင်ရွက်သင့် ပါသည်။    မိဘများက  မိမိတို့၏သားသမီးများကို မူးယစ်ဆေးဝါးသုံးစွဲမှုမှ    ကာကွယ်ပေးနိုင်ရန် များစွာထိရောက်သည့်   မိသားစုအခြေပြု မူးယစ် ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကို  နည်းစနစ်မှန်ကန်စွာ ဆောင်ရွက်စေသင့်ပါသည်။
ပူးပေါင်းပါဝင်ခြင်းတို့ကို  မြှင့်တင်သွားရမည်  
မိဘများနှင့်မိသားစုပြီးလျှင်  ကျောင်းပတ်ဝန်း ကျင်သည်  ကလေးများအချိန်အများဆုံး  နေထိုင်
ရသည့်နေရာဖြစ်ရာ ကျောင်းစာများကို  သင်ကြား နေရင်း မူးယစ်ဆေးဝါးသုံးစွဲမှုကို ကြိုတင်ကာကွယ် ရေးအတွက်     ကျောင်းတွင်းဆောင်ရွက်ရမည့် မူဝါဒနှင့်ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးခြင်းနှင့် ကလေးများအား  စွမ်းရည်မြှင့်တင်ပေးရေးလုပ်ငန်း များကိုပါ လေ့ကျင့်သင်ကြားပေးသွားရန် လိုအပ် ပါသည်။  ကျောင်းနှင့်ပတ်ဝန်းကျင်တွင် မိမိကိုယ်ကို ယုံကြည်လေးစားတတ်စေရန်၊  မိမိကိုယ်ကို တန်ဖိုး ထားမှု၊  ကိုယ်ပိုင်အရည်အသွေးနှင့် လူမှုဆက်ဆံ ရေးကောင်းမွန်လာစေရန်  လေ့ကျင့်ပေးရပါမည်။ စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များလည်း နိုင်ငံအနှံ့  တည်ထောင်ထားလျက်ရှိရာ   ထိုအဖွဲ့များ ကို နည်းစနစ်မှန်ကန်စွာ   သင်ကြားထားပေးခြင်း အားဖြင့်   လုပ်ငန်းခွင်အခြေပြု၊   ရပ်ရွာအခြေပြု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ   ဆောင်ရွက် ရာတွင် များစွာအထောက်အကူပြုထိရောက်စေမည် ဖြစ်ပါသည်။        မီဒီယာအခြေပြု  ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ             ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ      အစိုးရဌာနများ      အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု၊  အစိုးရနှင့် ပုဂ္ဂလိက/ စေတနာ့ဝန်ထမ်းများ    ပူးပေါင်းပါဝင်ခြင်းတို့ကို  မြှင့်တင်သွားရမည်     ဖြစ်ပါသည်။ 
မိဘများသည်     မိမိကလေးများအား     အရွယ် ရောက်လာသည့်အခါ  မူးယစ်ဆေးမသုံးစွဲရန်၊ သုံးစွဲ မိပါကလည်း   စွဲလမ်းသည့်အဆင့်  မရောက်အောင် ဆောင်ရွက်နိုင်သူများ    ဖြစ်ကြပါသည်။        မိဘ (အုပ်ထိန်းသူများအပါ) ကို     ဦးတည်ပြီး ကြိုတင် ကာကွယ်ရေးနည်းလမ်းများကို   သိရှိနားလည် အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကလေးသူငယ်များ မူးယစ်ဆေးသုံးစွဲမှုကို  ကြိုတင်ကာကွယ်ပေးနိုင်ပါ သည်။ ကလေးများအား   အသက်အရွယ်   အပိုင်း အခြားအလိုက် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အသိဉာဏ်ပိုင်း၊ လူမှုရေးပိုင်းတို့   ကောင်းမွန်စွာဖွံ့ဖြိုးပြီး   ကြီးပြင်း လာစေရန် မိဘများနှင့်   ကလေးများကို   စနစ်တကျ    ပြုစုပျိုးထောင်ပေးသည့်  အရည်အချင်းများရှိလာ စေရန်   လုပ်ဆောင်ပေးခြင်းပင်    ဖြစ်ပါသည်။    အသက်အရွယ်အလိုက်  ကောင်းစွာမဖွံ့ဖြိုးခဲ့ပါက ကြီးပြင်း လာသည့်အခါ မကောင်းသောအပြုအမူများ  ပြုလုပ် ရန်  အခြေအနေများကို  မကျော်လွှားနိုင်ဘဲ မူးယစ်ဆေးဝါးသုံးစွဲခြင်း  အပါအဝင်   မကောင်းသော အကျိုးဆက်များကို      ဖြစ်ပေါ်လာစေပါသည်။ ကောင်းမွန်စွာ      ဖွံ့ဖြိုးကြီးပြင်းလာသော   ကလေး များသည်    မူးယစ်ဆေးဝါးအပါအဝင်    အခြား မကောင်းသော    အကျိုးဆက်များကို    မပြုမူရန် ကာကွယ် ပြီးသားဖြစ်နေပါသည်။  မိမိကိုယ်တိုင် သာမက မိမိ မိသားစုနှင့် လူ့ပတ်ဝန်းကျင်ကို အကျိုး ရှိစေမည် ဖြစ်ပါသည်။ ထို့ကြောင့် ကလေးငယ်များ ကို ငယ်စဉ်ကပင် ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ  ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်ပါသည်။  မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးသောအခါ သတိပြုရမည့်အချက်များမှာ     မူးယစ်ဆေးဝါး တစ်မျိုးတည်းကိုသာ    ဦးတည်ထားရပါမည်။ ဦးတည်သောသူနှင့် ရင်းနှီးနေသော  အခေါ်အဝေါ် ကိုသာ အသုံးပြုရပါမည်။  ဦးတည်လူထု၏ အသက်၊ စဉ်းစားနိုင်စွမ်းပေါ်မူတည်ပြီး    နားလည်သဘော ပေါက်မည့်ပုံစံ၊ မှတ်မိလွယ်သည့်ပုံစံ  ပြောရန်လိုပါ သည်။  မူးယစ်ဆေးဝါးမကောင်းကြောင်း ပြောပြီး ကြောက်ရွံ့အောင်         ခြိမ်းခြောက်ခြင်းသည် ထိရောက်မှုမရှိသည်ကို   တွေ့ရသည်။    ခဏတာ စိတ်ပျော်ရွှင်မှုကို    ဖြစ်ပေါ်စေသော   အချက်နှင့် နောက်ဆက်တွဲဖြစ်ပေါ်လာမည့်   ဆိုးကျိုးများကို ပြောပြီး   စဉ်းစားချင့်ချိန်တတ်ရန်   လုပ်ဆောင် ပေးရပါမည်။ 
 မိမိ ဦးတည်သူများကို  ရွေးချယ်ဆောင်ရွက်
မူးယစ်ဆေးဝါးသုံးစွဲမှု  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို   ဆောင်ရွက်ရာတွင်   မိမိ ဦးတည် သူများကို  ရွေးချယ်ဆောင်ရွက်ရပါသည်။ နိုင်ငံအနှံ့ ဆောင်ရွက်ရမည်ဖြစ်သော်လည်း    လူမှုအသိုက် အဝန်းအားလုံးကို   ဆောင်ရွက်ရန်    မဖြစ်နိုင်ပါ။ ထိုသို့ရွေးချယ်ရာတွင်   ဆေးမသုံးစွဲသူများ၊   ဆေး သုံးစွဲရန်  အခြေအနေ/ အန္တရာယ်ပိုများနေသူများ၊ ဆေးကို စတင်သုံးစွဲနေသူများဟူ၍  ရွေးချယ်ရပါ သည်။ ဦးတည်ပစ်မှတ်များ၏  အခြေအနေပေါ် မူတည်ပြီး လူအုပ်စုအား  ရည်ရွယ်လုပ်ဆောင်ပေး ခြင်း၊   ဆေးသုံးစွဲရန်    အခြေအနေပိုများနေသော သူများကို   ရည်ရွယ်လုပ်ဆောင်ခြင်း၊   ဆေးစတင် သုံးစွဲနေပြီး ဆေးစွဲသည့်အဆင့်အထိ  မရောက်သေး သူများကို ဆေးမစွဲရန်  ရည်ရွယ်လုပ်ဆောင်ခြင်း များကို   ဆောင်ရွက်ရပါသည်။  မိသားစုအခြေပြု ကြိုတင်ကာကွယ်ရေးတွင်   မိသားစုအားလုံးကို ရည်ရွယ်လုပ်ဆောင်ခြင်း၊   အန္တရာယ်ပိုများသောမိသားစုများကို     ရည်ရွယ်လုပ်ဆောင်ခြင်းနှင့် ဆေးသုံးစွဲနေသော    မိသားစုကို   ရည်ရွယ်လုပ် ဆောင်ခြင်းများကို ဆောင်ရွက်ရပါသည်။
စနစ်တကျ စောင့်ရှောက်ပြုစုပေးခြင်း
ကိုယ်ဝန်ဆောင်ချိန်မှစတင်ပြီး   မိခင်ထံ   သွား ရောက်    စောင့်ရှောက်ပေးခြင်းမှ     ကလေးများ ကြီးပြင်းလာသည်အထိ   စနစ်တကျ စောင့်ရှောက် ပြုစုပေးခြင်းသည်      မူးယစ်ဆေးဝါးသုံးစွဲမှုကို ကြိုတင်ကာကွယ်ပေးသကဲ့သို့    မိမိကိုယ်တိုင် သာမက မိသားစုနှင့် ပတ်ဝန်းကျင်ကို မကောင်းကျိုး ဖြစ်စေသော၊ အန္တရာယ်ဖြစ်စေသော အပြုအမူများ မပြုလုပ်ရန်    ကာကွယ်ပေးပြီး   ဖြစ်နေပါသည်။ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများသည်   ရေရှည် ဆောင်ရွက်ရပြီး   ကုန်ကျစရိတ်များရှိသော်လည်း မူးယစ်ဆေးဝါးပြဿနာ  ဖြေရှင်းရာတွင်   ထိရောက် မှုများစွာရှိကြောင်း    တွေ့ရှိရပါသည်။    လက်ရှိ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံ၏  အခြေအနေများ ကြောင့်ပင်   ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရေရှည် ရည်မှန်းချက်များ ချမှတ်ကာ  လုပ်ဆောင် သွားရမည်မှာ မလွဲဧကန်ဖြစ်ပါသည်။   
နောက်ဆက်တွဲပြဿနာများ
မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာ သော   နောက်ဆက်တွဲပြဿနာများကို   ဖြေရှင်း ပေးရခြင်းကပင်   နိုင်ငံတော်အတွက် ငွေကြေးနှင့် အရင်းအနှီးမြောက်မြားစွာ   စိုက်ထုတ်သုံးစွဲနေရ ပါသည်။    တားဆီးနှိမ်နင်းရေး၊    တရားစီရင်ရေး၊ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကို ဖြေရှင်းနေရမှုသည်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ရာတွင် အသုံးပြုရမည့် အရင်းအမြစ် မြောက်မြားစွာကို ဆုံးရှုံးနေလျက်ရှိပါသည်။ မူးယစ် ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တွင် စွမ်းအားပြည့်ဆောင်ရွက်ခြင်းဖြင့် နောက်ဆက် တွဲကုန်ကျမှုများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတကာနှင့် အိမ်နီးချင်းနိုင်ငံအချို့၏ သုတေသန ပြုချက်များအရ    ကြိုတင်ကာကွယ်ရေးလုပ်ငန်း များတွင်    ၁ ဆ ရင်းနှီးမြှုပ်နှံမှုသည် နောက်ဆက်တွဲ ပြဿနာ  ဖြေရှင်းရမှုကြောင့် ကုန်ကျစရိတ်ထက် ၇ ဆမှ ၁၄ ဆ အထိသက်သာကြောင်း သိရှိရပါသည်။ 
မူးယစ်ဆေးဝါးပြဿနာ၏  သက်ရောက်မှုများကို တစ်နည်းမဟုတ်တစ်နည်း      လူတိုင်းကြုံတွေ့ ခံစားနေရသော်လည်း  ပြဿနာဖြေရှင်းရေးလုပ်ငန်း များတွင်    ပူးပေါင်းပါဝင်မှု    မရှိသည်မှာလည်း ဝမ်းနည်းဖွယ်ရာ    ကိစ္စရပ်တစ်ခု    ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် မြန်မာလူမျိုးများသည် အလှူအတန်း ရက်ရောမှုတွင်   ပထမအဆင့်   ရပ်တည်နေသော် လည်း     မူးယစ်ဆေးဝါးပြဿနာ    ဖြေရှင်းရေး ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများ၊ အသင်း အဖွဲ့များအပေါ်   လှူဒါန်းမှုများမှာ  မရှိသလောက် ရှားပါးနေလျက်ရှိပါသည်။   နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးသုံးစွဲမှု     ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင်  တွန်းအားပေးရင်းနှီးမြှုပ်နှံခြင်း၊ လူမှုရေးအသင်းအဖွဲ့များ၊         ပရဟိတအဖွဲ့များ အားကောင်းလာစေရေး တွန်းအားပေးဆောင်ရွက် သွားသင့်ပါသည်။ 
ရရှိလာမည့် အကျိုးဆက်များ 
မူးယစ်ဆေးဝါးများ အလွယ်တကူ လက်လှမ်းမီ မရရှိစေရေး   တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေသကဲ့သို့    သုံးစွဲမှုကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို  နည်းလမ်းမှန်ကန် စွာဖြင့်   ပိုမိုတိုးမြှင့်ဆောင်ရွက်ရန်   လိုအပ်ပါသည်။ တင်ပြခဲ့သည့်အတိုင်း      မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းများသည်     မူးယစ် ဆေးဝါးသုံးစွဲမှုနှင့်  နောက်ဆက်တွဲပြဿနာကိုသာ ဖြေရှင်းပေးနိုင်သည်မဟုတ်ဘဲ    မကောင်းကျိုးကို ဖြစ်စေသော၊     အန္တရာယ်ရှိသော  အပြုအမူများ ဆောင်ရွက်မှုများကိုပါ တားဆီးပေးနိုင်သဖြင့် ရရှိ လာမည့်အကျိုးဆက်များမှာ အထူးပင်များပြားလှ ပါသည်။    အကျိုးသက်ရောက်မှု   များပြားသော၊ ထိရောက်မှုရှိသော၊    လူသားကောင်းကျိုးကို အထောက်အကူပေးသော      ကြိုတင်ကာကွယ် ရေးလုပ်ငန်းများကို    ပြည်သူများ၊     အရပ်ဘက်  လူမှုအဖွဲ့အစည်းများ၊      စေတနာ့ဝန်ထမ်းများ သည် မကြောက်မရွံ့   နောက်မတွန့်ဘဲ  နိုင်ငံတော် အစိုးရနှင့်အတူ   ပူးပေါင်းဆောင်ရွက်ရမည့်အချိန် သို့  ဆိုက်ရောက်နေပြီဖြစ်ကြောင်း    တင်ပြလိုက် ရပါသည်။           ။