နားလည်စာနာမှုဖြင့် ကူညီကယ်တင်

လူကုန်ကူးမှုများ   ကမ္ဘာတစ်ဝန်းလုံးတွင်   တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေသည်။ ရှေးအခါက ကျွန်ရောင်းကျွန်ဝယ်ကျွန်စနစ် သည်  ယနေ့ခေတ်တွင်  လူကုန်ကူးမှုဖြစ်လာသည်။   လူကိုလူက ခေါင်းပုံဖြတ် အမြတ်ထုတ်၍ အကျိုးအမြတ်ရယူကြသည့် ဖြစ်စဉ် တွင်    သားကောင်အဖြစ်   ခံစားကြရသူအများစုတို့မှာ    ဘဝ ရပ်တည်မှု  အခက်အခဲများကို  ပြေလည်စေရန်  အလုပ်အကိုင် ရှာဖွေကြသူများဖြစ်ပြီး တစ်ရွာမပြောင်း သူကောင်းမဖြစ်ဟူသော  ယုံကြည်မှုဖြင့် ရေခြားမြေခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရာမှ လူမှောင်ခိုသားရဲတို့၏ ခံတွင်းထဲသို့ သက်ဆင်းကြရခြင်းဖြစ်သည်။
ယနေ့ခေတ်တွင် ဆက်သွယ်ရေးစနစ်များ ခေတ်မီတိုးတက် လာပြီး တောရောမြို့ပါ လူမှုကွန်ရက်ကို  အသုံးပြုမှုများပြားလျက် ရှိရာ  လူကုန်ကူးသူတို့ကလည်း   ၎င်းတို့၏သားကောင်များကို အွန်လိုင်းမှတစ်ဆင့်   ရှာဖွေလာကြသည်။   ၎င်းတို့၏  ချော့လုံး၊ မြှောက်လုံး၊ မက်လုံး၊ ဆွယ်လုံးများကို  ယုံကြည်ကာ မိမိတို့၏ ဘဝကိုမြှင့်တင်လိုကြသူ၊  ရေသစ်မြေသစ်တွင်   ဘဝသစ်ထူထောင် လိုကြသူ၊ ဆင်းရဲတွင်းမှ  လွတ်ကင်းလိုကြသူ အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ အမျိုးသားများ၊ ကလေးများ စသည်တို့မှာ လူကုန်ကူးလောဘသားတို့၏ ထောင်ချောက်ထဲသို့  ဝင်ရောက်ကြ ပြီး ခေတ်သစ်ကျွန်ဘဝသို့  ရောက်ရှိသွားကြရသည်။  လူအ‌ရောင်း အဝယ်ပြုသူများတွင် လွန်စွာယုံကြည်ရသည့်  ခင်မင်ရင်းနှီးသူများ၊   ဆွေမျိုးအရင်းများ၊  မိသားစုဝင်များနှင့်  အမိအဖတို့ပင်  ပါဝင် ပတ်သက်နေကြကြောင်း မှုခင်းမှတ်တမ်းများတွင် တွေ့ရှိရသည်။ အမျိုးသမီးငယ်များကို   မက်လုံးပေး    မြူဆွယ်စည်းရုံးကြသူ အများစုမှာ      အမျိုးသမီးများပင်ဖြစ်ပြီး     ၎င်းတို့ကိုယ်တိုင် လူကုန်ကူးခံရဖူးသူများလည်း ပါဝင်ကြောင်း၊ အချို့မိန်းကလေး များကို လူကုန်ကူးအဖွဲ့ဝင် အမျိုးသားက ပိုးပန်းရယူလက်ထပ် ပြီး တစ်ဖက်နိုင်ငံသို့ ခေါ်ဆောင်ရောင်းချမှုများလည်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို  ၂၀၀၅  ခုနှစ်က  ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ရာ  သက်တမ်း  ၁၆  နှစ်ရှိပြီ ဖြစ်သလို  လူကုန်ကူးမှုဆိုင်ရာ   အသိပညာပေးမှုများကိုလည်း  တရားဥပဒေ စိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သော   အဖွဲ့အစည်းများ  စသည်တို့က  စဉ်ဆက် မပြတ်ပြုလုပ်လျက်    ရှိသည့်တိုင်အောင်   လူကုန်ကူးမှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်ဖြစ်သည်။     မြန်မာလူမျိုးတို့၏ အလေ့အလာအားနည်းမှု၊  ယုံလွယ်မှုနှင့်  လူမှုရေး၊  စီးပွားရေး အခက်အခဲ၊ အကျပ်အတည်းများ စသည်တို့က လူကုန်ကူးသူများ ကို အခွင့်အရေးရနေစေခြင်းဖြစ်သည်။ ယခုအခါ ကိုဗစ်-၁၉ကမ္ဘာ့ ကပ်ရောဂါ နိုင်ငံအသီးသီးတွင် ကူးစက်ပျံ့နှံ့နေခြင်း၏ အကျိုး ဆက်အဖြစ် စီးပွားရေး အကျပ်အတည်း၊ အခက်အခဲများ ဖြစ်ပေါ် လာခြင်းက လူကုန်ကူးမှုများ မြင့်တက်လာနိုင်သည့် အခြေအနေ ပင်ဖြစ်သည်။  အထူးသဖြင့်  အိမ်နီးချင်းနိုင်ငံများနှင့်  နယ်စပ် ကူးသန်းသွားလာမှုများ ပြန်လည်များပြားလာသည့်ကာလတွင်  လူကုန်ကူးမှုများ  ပိုမိုပြုလုပ်လာကြဖွယ်ရှိရာ ရပ်ရွာများအတွင်း ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရေး လာရောက်စည်းရုံးမှုများ ကို လူစိမ်းဖြစ်စေ၊ ရင်းနှီးသူဖြစ်စေ သတိပြုကြဖို့ပင်ဖြစ်သည်။
ပြည်ပတွင်  ရွှေ့ပြောင်းအလုပ်သမားအဖြစ်  သွားရောက် လုပ်ကိုင်လိုပါက  တရားဝင်မှတ်ပုံတင်ထားသည့် အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီနှင့်ဆက်သွယ်၍သာ တရားဝင်လမ်းကြောင်းမှ သွားရောက်ကြရန်သာဖြစ်သည်။ အောက်လမ်းခေါ်  တရားမဝင် လမ်းကြောင်းမှ  သွားရောက်ခြင်းဖြင့်  လူကုန်ကူးသားကောင် ဘဝကျရောက်ရန်နှင့် ရေခြားမြေခြားသူစိမ်းတို့၏ အလယ်တွင်  အကြီးအကျယ်ဘေးဒုက္ခကျရောက်ရန် လွန်စွာသေချာသလောက် ပင်ဖြစ်သည်။ လူကုန်ကူးမှုများကို ကြိုတင်ကာကွယ်တားဆီးခြင်း၊ လူကုန်ကူးခံရသူများကို ကယ်တင်ခြင်း၊ အကူအညီပေးခြင်းတို့ ပြုလုပ်ရာ၌    လူကုန်ကူးခံရသူများအား  နားလည်စာနာစွာ ဆောင်ရွက်ပေးခြင်းဖြင့် ၎င်းတို့ခံစားခဲ့ကြရသည့် ဘေးဒုက္ခများမှ လျော့ပါးသက်သာခွင့် ရနိုင်ကြပါစေကြောင်း။         ။