
ပြည်ထောင်စုသားတစ်ဦး
မြန်မာပြည်မှာ လူမှုကွန်ရက်ယဉ်ကျေးမှုတစ်ရပ် ပေါ်ပေါက်လာတာဟာ ကောင်းသလား၊ မကောင်းဘူးလားလို့ စာရေးသူကို မေးရင်တော့ ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာရယ်လို့ပဲ ဆိုရမယ်ဗျ။ ဉာဏ်ပညာနဲ့ယှဉ်ပြီး အသုံးမပြုတတ်တော့ ကောင်းကျိုးက နည်းနည်း ဆိုးကျိုးက ပိုများနေသလားလို့ပါ။
သေသေချာချာ စေ့ငုလေ့လာကြည့်ရင် မြန်မာအများစုဟာ တစ်နေ့တစ်နေ့ လူမှုကွန်ရက်ပေါ်မှာပဲ အချိန်ကုန်နေကြတာကို တွေ့မြင်ရပါလိမ့်မယ်။ လူအများစုရဲ့ စိတ်ခံစားချက်များ ဖွင့်ထုတ်ရာ ပလက်ဖောင်းတစ်ခုလည်း ဖြစ်လာတယ်။ သူတို့ကမ္ဘာ သူတို့ဘဝလို့ လည်း ထင်မှတ်လာကြတယ်။ အပေါင်းအသင်းအချင်းချင်း မကျေနပ် ရင် လူမှုကွန်ရက်ပေါ်တက်ရေးကြတယ်။ ရုံးမှာ မကျေနပ်တာတွေ့ရင် လည်း လူမှုကွန်ရက်ပေါ် တက်ရေးကြတယ်။ အချို့က ကိုယ်နဲ့သိသိ မသိသိ၊ ကိုယ့်ထက်ဂုဏ်အားဖြင့် အသက်အားဖြင့် ကြီးကြီး၊ မကြီးကြီး တွေ့ကရာ မှတ်ချက်တွေ ဝင်ရေးကြတယ်။ နောက်ပိုင်းကာလတွေမှာ သတင်းအမှားတွေ၊ သတင်းအတုတွေ၊ အမုန်းစကားတွေ၊ မကြားဝံ့ မနာသာ ဆဲဆိုတာတွေဖြစ်လာတဲ့အထိ စည်းကမ်းမဲ့လာကြတယ်။ အသိတရားတွေ၊ ကျင့်ဝတ်သိက္ခာတွေ မဲ့လာကြတယ်။
ဒလန်အဖြစ် ဝိုင်းပြီးပုံဖော်
အာဏာရပါတီရဲ့ မဲမသမာမှုတွေကြောင့် တပ်မတော်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာထိန်းပြီးနောက်ပိုင်းမှာတော့ ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက်ဟာ နိုင်ငံရေးပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့တယ်။ အကြမ်းဖက်အုပ်စုများနဲ့ ဝန်းရံထောက်ခံသူအများစု ဟု လူမှုကွန်ရက်စာမျက်နှာပေါ်ကတစ်ဆင့် သွေးထိုးလှုံ့ဆော်မှုတွေ၊ အပြစ်မဲ့ ပြည်သူတွေကို ဒလန်လို့ စွပ်စွဲမှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှု တွေကို ဆက်တိုက်ပုံဖော်ရေးသားထုတ်ပြန်လာခဲ့ကြတယ်။ အပြစ်မဲ့ ပြည်သူတစ်ဦးကို လုပ်ကြံသတ်ဖြတ်တဲ့ သတင်းဓာတ်ပုံတွေအောက်မှာ ပြည်သူအရေခြုံထားကြတဲ့ ဝန်းရံထောက်ခံသူများဟာ အားရဝမ်းသာ ထောက်ခံတဲ့ မှတ်ချက်ပေါင်းများစွာ ဝင်ရေးသားလာကြတယ်။ သူတို့ အကြမ်းဖက်လုပ်ရပ်က မှန်ကန်တဲ့လုပ်ရပ်အဖြစ် ဝါဒဖြန့်တဲ့အနေနဲ့ လုပ်ကြံ သတ်ဖြတ်ခံရသူတွေကို ဒလန်အဖြစ် ဝိုင်းပြီးပုံဖော်ခဲ့ကြတယ်။
အကြမ်းဖက်သမားများဟာ လူအများအသုံးပြုရာ ဖေ့စ်ဘွတ်ပေါ် မှာ မဟုတ်မမှန်တဲ့ သတင်းတွေ၊ ကြေညာချက်တွေ၊ သွေးထိုးလှုံ့ဆော်မှု တွေ၊ အမုန်းစကားတွေ၊ တစ်ဖက်သတ်ဝါဒဖြန့်ချိမှုတွေကို ပုံအော အသုံးပြုလာတဲ့အတွက်ကြောင့် ရိုးသားတဲ့ ပြည်သူအများစုဟာ စိုးရိမ်ထိတ်လန့် ဖြစ်လာခဲ့ကြရတယ်။
ကမ္ဘာကို ဝါဒဖြန့်ချိ
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကိုလည်း အကြမ်းဖက်အုပ်စုက အသံတိတ်သပိတ် (Silent Strike Day)အဖြစ်သတ်မှတ်ပြီး ဖေ့စ်ဘွတ် အပါအဝင် လူမှုကွန်ရက်ပေါ်မှတစ်ဆင့် သွေးထိုးလှုံ့ဆော်ခဲ့မှုများ ကြောင့် ပြည်သူအချို့ဟာ စိုးရိမ်တကြီးနဲ့ ဈေးဆိုင်တွေ ပိတ်ခဲ့ကြ၊ အရေးအကြောင်းကိစ္စမရှိရင် အိမ်ထဲက အိမ်အပြင်ကို မထွက်ဝံ့ကြနဲ့ ဖြစ်ခဲ့ကြတယ်။ အကြမ်းဖက်အုပ်စုနဲ့ ဝန်းရံသူများရဲ့ရည်ရွယ်ချက်က ပြည်သူတွေဟာ သူတို့ကိုထောက်ခံတယ်၊ လက်ရှိအစိုးရကို မထောက် ခံကြဘူးဆိုတဲ့ လိုရာကောက်ချက်ဆွဲပြီး ကမ္ဘာကို ဝါဒဖြန့်ချိကြဖို့ပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်အရ အသံတိတ်သပိတ်ကို ထောက်ခံသူအချို့ ရှိကောင်းရှိနိုင်ပေမယ့် အများစုကတော့ အကြောက်တရားများကြောင့် ပါ။ အသံတိတ်သပိတ်အဖြစ် သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ ၁၀ ရက် မတိုင်ခင် လဆန်းပိုင်းကတည်းက (၇၃)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နဲ့ချိန်ကိုက်ပြီး အကြမ်းဖက်အုပ်စုဟာ လူမှု ကွန်ရက်ကနေ အကြိမ်ကြိမ်အခါတော်ပေးခဲ့ကြပါတယ်။
အကြောက်တရားကြောင့် အပြင်ကိုမထွက်ဝံ့
တစ်ဖက်ကလည်း ဒီဇင်ဘာလ ၁၀ ရက်နေ့ အပြင်ထွက်တဲ့လူတွေ ကို ဒလန်လို့ သတ်မှတ်မယ်လို့ တင်ကူးခြိမ်းခြောက်ထားကြတယ်။ ရှေ့မှာလည်း အပြစ်မဲ့ပြည်သူအချို့ကို ဒလန်လို့စွပ်စွဲပြီး လက်ရဲဇက်ရဲ သတ်ဖြတ်ခဲ့ကြတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တွေ့မြင်ကြားသိခဲ့ကြ တဲ့ ပြည်သူအချို့ဟု အကြောက်တရားကြောင့် အကြောင်းမရှိဘဲ အပြင်ကို မထွက်ဝံ့ဖြစ်ကြရတယ်။ အခြားတစ်ဖက်မှာလည်း သူ့လူ ကိုယ့်ဘက်သားအဖြစ် “တို့တက္ကစီသမားတွေ၊ ဘတ်စ်ကားလိုင်းတွေ ကလည်း အသံတိတ်သပိတ်ဆင်နွှဲကြမယ်” ဆိုပြီး လမ်းပန်းဆက်သွယ် မှု ပြတ်တောက်အောင်လုပ်ခဲ့ကြတယ်။
တကယ်တမ်းဆိုရရင် ဘာအလုပ်ကိုပဲလုပ်ဆောင်လုပ်ဆောင် သဘာဝကျဖို့လိုအပ်ပါတယ်။ လက်ရှိအချိန်မှာ ပြည်သူအများစုဟာ ကိုဗစ်ကပ်ရောဂါဆိုးကြီးရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ၊ စီးပွားရေး အဆင်မပြေမှုတွေ စတဲ့အခက်အခဲများကြားထဲမှာ ရုန်းကန်နေရဆဲ ကာလဖြစ်ပါတယ်။ ငွေကြေးချမ်းသာကြွယ်ဝသူ အများစုကတော့ တစ်လကိုးသီတင်း အပြင်မထွက်ရလို့လည်း ဘာမျှမဖြစ်ပါဘူး။ စီးတီးမတ်တွေ၊ ဂျန်းရှင်းတွေမှာ သွားကြည့်လိုက်ပါ။ စားကုန် သောက် ကုန်ကအစ ကုန်ပစ္စည်းအမယ်မယ်ကို တတ်နိုင်တဲ့သူတွေက တစ်ခါ ဝယ်သိန်းနဲ့ချီပြီး ဝယ်ယူစုဆောင်းလေ့ရှိပါတယ်။
မရှိဆင်းရဲသားအများစုကတော့ တစ်နေ့လုပ်မှ တစ်နေ့စားကြရတဲ့ ဘဝပါ။ အသံတိတ်သပိတ်လုပ်ဖို့ ဖေ့စ်ဘွတ်ပေါ်ကနေ ကြိုတင်သွေးထိုး လှုံ့ဆော်မှုတွေ စတင်ကတည်းက လက်လုပ်လက်စား ဈေးသည် အချို့ဟာ ညည်းကြရှာပါတယ်။ ဈေးဗန်းလေးခင်းပြီး ငါးပိရည်ကျိုနဲ့ ငရုတ်သီးမှုန့်ရောင်းတဲ့ အဒေါ်ကြီးက “မနက်ဖြန်လည်း ဆိုင်ပိတ်ရဦး မယ်” လို့ ညည်းရှာပါတယ်။ သူ့ခမျာ မျက်နှာမကောင်းရှာပေမယ့် ဒီထက်လည်း ပိုမပြောရဲရှာပါဘူး။ လက်လုပ်လက်စားလူအများစုဟာ ဒီအတိုင်းပါပဲ။ ဆိုက်ကားသမားလည်း ဆိုက်ကားသမားအလျောက်၊ ကားသမားလည်း ကားသမားအလျောက်ပါ။ အရဲစွန့် ထွက်ပြန်ရင် လည်း သူလျှို၊ ဒလန်လို့စွပ်စွဲပြီး အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခံရမှာကို သူတို့ စိုးရိမ်ထိတ်လန့်ကြပါတယ်။
ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက်နည်းပညာဟာ ယခင်က လူအများစုရဲ့စိတ်ပိုင်းဆိုင်ရာကို လွှမ်းမိုးထားရာကနေ ယခုဆိုရင် တော့ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ်ပေးလာတဲ့ ပလက်ဖောင်းတစ်ခုဖြစ်လို့လာပါပြီ။ ပြီးခဲ့တဲ့ မြန်မာပလာဇာ ဖြစ်စဉ် မှာလည်း ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက်စာမျက်နှာပေါ်က တစ်ဆင့် သွေးထိုးလှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ် ရင်းနှီးမြှုပ်နှံမှုဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေခဲ့ရပါပြီ။
မြန်မာနိုင်ငံသားအများစုဟာ ဒီမိုကရေစီစနစ်ကို အူလိုက် သည်းလိုက်ချစ်မြတ်နိုးကြပေမယ့် ဒီမိုကရေစီရဲ့ သဘောသဘာဝ လုပ်ထုံးလုပ်နည်းများနဲ့ ယခုအထိ မယဉ်ပါးကြသေးပါဘူး။ ဖေ့စ်ဘွတ် ပေါ်ကနေ တက္ကစီသမားတစ်ဦးက “တို့တက္ကစီတွေလည်း မြန်မာ ပလာဇာကို မလိုက်ဘူး”လို့ ဆိုလိုက်တာနဲ့ ကျန်တက္ကစီယာဉ်မောင်း အများစုဟာ ထိုတက္ကစီသမားသည် တက္ကစီယာဉ်မောင်းအားလုံးကိုကိုယ်စားပြုနေသယောင် ထင်မှတ်နေကြပါတယ်။
ဒီမိုကရေစီရဲ့သဘောသဘာဝအရ အသင်းအဖွဲ့တစ်ခုအပေါ် ကိုယ်စားပြုဖို့လို့ဆိုရင် ကနဦးသင်းလုံးကျွတ်အစည်းအဝေး၊ အရေး ပေါ်အစည်းအဝေး ခေါ်ယူရပါမယ်။ အစည်းအဝေးကိုထိန်းသိမ်း စောင့်ရှောက်ဖို့ သဘာပတိတင်မြှောက်ရပါမယ်။ အဆိုတင်သွင်းသူ၊ ထောက်ခံသူပါရှိရမယ်။ ပြီးရင် ဆုံးဖြတ်ချက်အပေါ် သဘောတူ၊ မတူ အသင်းသားအားလုံးရဲ့ဆန္ဒကိုအတည်ပြုပြီး သဘာပတိက အတည်ပြု ကြေညာပေးရပါမယ်။
လက်ရှိအခြေအနေမှာတော့ ဘယ်သူဘယ်ဝါမှန်း မသိရတဲ့ သူတစ်ယောက်က ဖေ့စ်ဘွတ်ပေါ်ကနေ သွေးထိုးလှုံ့ဆော်မှုတွေ၊ ဆုံးဖြတ်ချက်တွေ၊ နှပ်ကြောင်းပေးမှုတွေကို လူအများစုက ကြောက်၍ သော်လည်းကောင်း၊ မသိနားမလည်၍သော်လည်းကောင်း လိုက်ပါ ဆောင်ရွက်နေခြင်းဟာ အတော့်ကိုအန္တရာယ်ကြီးတဲ့ကိစ္စပါ။
တကယ်တော့ မြန်မာအများစုဟာ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဖို့ ကောင်းပါပြီ။ ၁၉၈၈ ခုနှစ် အရေးအခင်းမှာလည်း ပြည်ပမီဒီယာအချို့ရဲ့ နှပ်ကြောင်းပေးမှုတွေကြောင့် မြန်မာပြည်ဟာ မီးဟုန်းဟုန်း တောက်လောင်ခဲ့ရပါတယ်။
လက်ရှိ မြန်မာပြည်မှာ ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက်ဟာ ဩဇာကြီးမားလာခဲ့သလို ၁၉၈၈ ခုနှစ် အရေးအခင်းမတိုင်ခင်နဲ့ အရေးအခင်းကာလတွေမှာ ပြည်ပအသံလွှင့်ဌာနများဟာ မြန်မာလူထု အပေါ် အတော့်ကိုဩဇာညောင်းခဲ့ပါတယ်။ မြန်မာလူမျိုး အများစုဟာ ရိုးသားဖြူစင်ကြတဲ့အလျောက် သတင်းဌာနတွေကဖော်ပြရင် အားလုံး အမှန်လို့ပဲ တရားသေစွဲကိုင်ထားကြတယ်။
အရေးအခင်းကြီးဖြစ်ပေါ်အောင် နှပ်ကြောင်းပေးခဲ့ကြ
ဒီအချက်ကို အခွင့်ကောင်းယူပြီး ၁၉၈၈ အရေးအခင်းကာလမှာ ပြည်ပမီဒီယာအချို့ဟာ “တိကျမှန်ကန်စွာ သတင်းပေးရန်၊ ကောလာ ဟလများနှင့်သတင်းရရှိသည်ဆိုသည်ဟူသော သတင်းရေးသားမှုမျိုး ကိုချန်ပြီး သက်သေအထောက်အထား ခိုင်လုံသည့် သတင်းအချက် အလက်များကိုသာ ဖော်ပြရန်၊ ပြည်သူတို့ထံမှောက်ရောက်ရှိသည့် သတင်းများ၊ အချက်အလက်များ တိကျမှန်ကန်ရေးကို အာမခံရန်၊ သတင်းအချက်အလက်ကို ပုံပျက်ပန်းပျက်ဖြစ်စေရန် တမင်တကာ မပြုလုပ်ရ၊ လိုရင်းအချက်အလက်ကိုလည်း တမင်သက်သက် ဖုံးဖိ ဖျောက်ဖျက်ခြင်းမပြုရ၊ သတင်းကိုဝေဖန်ချက်ပေးသည်နှင့်တူသော ရေးသားသူ၏ထင်မြင်ချက်ကို သတင်းတွင်ထည့်သွင်း ဖော်ပြခြင်းမပြု ရန်၊ သတင်းစာသားတွင်ပါဝင်သော အကြောင်းအရာများကိုသာ ခေါင်းတပ်ရန်၊ ပြည်သူ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားခြင်းမှ တစ်ပါး အခြားမည်သည့်အရာနှင့်မျှ ကန့်သတ်ထိန်းချုပ်ထားခြင်း မရှိစေရ၊ နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့်ပတ်သက်သည့် အဖြစ်အပျက် များကိုဖော်ပြ၊ ဝေဖန်သူများအနေဖြင့် ထိုနိုင်ငံအကြောင်းကို လေ့လာ သိရှိဆည်းပူးထားရန် တာဝန်ရှိသည်။ သို့မှသာ ယင်းအပေါ်တွင် တိတိ ကျကျနှင့် တရားမျှတစွာ ဝေဖန်ဖော်ပြနိုင်မည်ဖြစ်သည်” စတဲ့ အပြည် ပြည်ဆိုင်ရာ သတင်းစာဆရာများ ကျင့်ဝတ်ဆိုင်ရာ မူဝါဒများအပေါ် သွေဖည်ကာ မဟုတ်တမ်းတရမ်းသတင်းများနဲ့ လူထုစိတ်ကို နှိုးဆွပြီး အရေးအခင်းကြီးဖြစ်ပေါ်အောင် နှပ်ကြောင်းပေးခဲ့ကြပါတယ်။
လက်ရှိ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်က အကြမ်းဖက်အုပ်စုနဲ့ ဝန်းရံသူများဟာ အသံတိတ်သပိတ်ဖြစ်ပေါ်အောင် ဖေ့စ်ဘွတ်အပါ အဝင် လူမှုကွန်ရက်ပလက်ဖောင်းပေါ်ကနေ တင်ကူးသွေးထိုးလှုံ့ဆော်နှပ်ကြောင်းပေးကြသလို ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက် (၈-၈-၁၉၈၈) ရှစ်လေးလုံးနေ့မှာ အထွေထွေလူထုအုံကြွမှုကြီး ဖြစ်ပေါ်အောင် ဆူပူလှုံ့ဆော်သူများဟာ ပြည်ပအသံလွှင့် မီဒီယာ အချို့ကို အသုံးချပြီး ကြိုတင်နှပ်ကြောင်းပေးခဲ့ကြပါတယ်။
၄-၈-၁၉၈၈ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်မှာ ဘီဘီစီအသံလွှင့် ဌာနက “ကျောင်းသားခေါင်းဆောင်များနဲ့ နီးစပ်တဲ့နေရာများက ရရှိတဲ့သတင်းတွေအရ လာမည့် သီတင်းပတ်မှာ တက္ကသိုလ်ကျောင်း တွေပြန်ဖွင့်တဲ့အချိန်အထိ ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ် မယ်လို့ဆိုပါတယ်။ အဲဒီလို ဆန္ဒပြပွဲတွေကနေ ဩဂုတ်လ ၈ ရက်နေ့မှာ ပြည်လုံးကျွတ်သပိတ်မှောက်ဖို့အထိဖြစ်တယ်လို့”ဆိုပြီး အသံလွှင့် သွားပါတယ်။
သတင်းပေးပို့သူ ခရစ္စတိုဖာဂန်းနစ်ဟာ မြန်မာပြည်မှာမနေဘဲ ဒက္ကာမှနေပြီး နိမိတ်ပြလှုံ့ဆော်လုပ်ကြံကာ မြန်မာနိုင်ငံပျက်စီးရာ ပျက်စီးကြောင်းနှပ်ကြောင်းပေး ရေးသားလှုံ့ဆော်ခဲ့ပါတယ်။ ၈-၈-၈၈ ရက်နေ့မှာ ပြည်လုံးကျွတ်ဆန္ဒပြပွဲလုပ်မယ်ဆိုတဲ့ ကြိုတင်ရေးသား ချက်ဟာ တမင် မဖြစ်ဖြစ်အောင် လှုံ့ဆော်ကြေညာခြင်းပဲဖြစ်ပါတယ်။
ဒါ့အပြင် ၆- ၈- ၈၈ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်မှာ ဘီဘီစီ အသံလွှင့်ဌာနက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့သတင်းထောက် ခရစ္စတိုဖာဂန်းနစ်နဲ့ ကျောင်းသားများ၊ အရပ်သားများ တွေ့ဆုံ မေးမြန်းခန်းကို အချိန်ကိုက်အသံလွှင့်ခဲ့ပါတယ်။ တွေ့ဆုံမေးမြန်းခန်း မှာ ကျောင်းသားခေါင်းဆောင် ကိုကိုလတ်က ဇွန်လ အရေးအခင်းနဲ့ စပ်လျဉ်းပြီး အင်းလျားကန်ပေါင်မှာ လုံထိန်းတပ်ဖွဲ့ဝင်တွေ လက်ချက် နဲ့ ကျောင်းသားကျောင်းသူတွေ ရက်ရက်စက်စက် ရိုက်သတ်ခံခဲ့ရတယ်။ ရေနှစ်သတ်ခံရတယ်။ ကျောင်းသူတွေ မုဒိမ်းကျင့်ခံရပြီး ပစ္စည်းလုခံရ တယ်။ လူမမည်ကျောင်းသားလေးများကို ကားနဲ့တိုက်သတ်တယ်။ တံတားဖြူကိစ္စနဲ့ အကျဉ်းကျခဲ့တဲ့ ကျောင်းသူကလေးများကို အစောင့် တွေက မုဒိမ်းကျင့်လို့ ကိုယ်ဝန်ရှိပြီး ကလေးဖျက်ချခဲ့ရပါတယ်လို့ မဟုတ်တမ်းတရမ်း ဇာတ်နာအောင်ပြောပြီး ပြည်သူတွေရဲ့ဒေါသကို ဆွပေးခဲ့ပါတယ်။
အဆိုပါ တစ်ဖက်သတ်စွပ်စွဲချက်များနဲ့ ပတ်သက်ပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ၂၂-၆-၁၉၈၉ ရက်က ပြုလုပ်တဲ့ (၄၅) ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲမှာ ပြည်တွင်း ပြည်ပသတင်းစာဆရာကြီးများကို ၁၉၈၈ ခုနှစ် ဇွန်လအတွင်းကဖြစ်ခဲ့တဲ့ အင်းလျားကန်ပေါင်ပေါ်က ကျောင်းသား ကျောင်းသူများ သေဆုံးမှုနဲ့ ကျောင်းသူတွေ မုဒိမ်း ကျင့်ခံရမှုသတင်းတွေဟာ လုံးဝမဟုတ်မမှန်ကြောင်း မှတ်တမ်းတင် ဗီဒီယိုများနဲ့တကွ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဇူလိုင် ၈ ရက်၊ ၉ ရက်နေ့ ရက်စွဲနဲ့ထုတ်ဝေခဲ့တဲ့ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာလည်း “ဖြူသလား၊ နီသလား ဤတံတား ပြည်သူအများ ဆုံးဖြတ်ပါ” ခေါင်းစဉ်နဲ့ ဆောင်းပါးရှင် “ဆရာဝန်တစ်ဦး” က ဆောင်းပါးရေးသားပြီး ရှင်းလင်းတင်ပြ ခဲ့ပါတယ်။
ဆိုတော့ကာ ပြီးခဲ့တဲ့ ဆန္ဒပြပွဲအချို့မှာ လူငယ်အချို့ဟာ “၈၈ အချိုး ၂၀၂၁ မှာ လာမချိုးနဲ့”လို့ ကြွေးကြော်ခဲ့ကြပေမယ့် အတိတ်က မြန်မာပြည်ကြီး မီးဟုန်းဟုန်းတောက်အောင် ဆူပူလှုံ့ဆော်သူအချို့ ဟာ ပြည်ပအသံလွှင့်မီဒီယာအချို့ကိုအသုံးပြုပြီး နှပ်ကြောင်းပေး သွေးထိုးလှုံ့ဆော်ခဲ့ကြသလို မျက်မှောက်ကာလမှာလည်း အကြမ်းဖက်အုပ်စုများနဲ့ ဝန်းရံသူအချို့ဟာ ဖေ့စ်ဘွတ်အပါအဝင် လူမှုကွန်ရက် ပလက်ဖောင်းကို အသုံးပြုပြီး မြန်မာပြည်ကြီး ပျက်စီးရာပျက်စီးကြောင်း နှပ်ကြောင်းပေး၊ သွေးထိုးလှုံ့ဆော်နေကြ ဆဲပါ။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာထက်မှာ လေ့လာဝေဖန်သူတစ်ဦးက “Facebook ကို ဒီနေရာမှာ အဓိက ဒုက္ခပေးမှာက Community Standards နှင့် Facebook စိစစ်ရေး Team တွေထားတာပဲ။ ဆိုလိုတာက သူတို့ Facebook ကို သုံးပြီး ဘာရေးရေး၊ ဘာတင်တင် ဆင်ဆာလုံးဝမလုပ်ရင် Platform အဖြစ် လွတ်လွတ်ကင်းကင်း ရပ်တည်တယ်ဆိုနိုင်ပေမယ့် Community Standards နှင့်မကိုက်ဘူးဆိုပြီး အချို့စာတွေကိုဖြတ်ချတာလုပ်ရင် ဆင်ဆာသဘောဖြစ်သွားပြီ။ သူတို့မကြိုက်တာကို ပယ်ဖျက်တယ် ဆိုကတည်းက မဖျက်တာမှန်သမျှက သူတို့သဘောတူချက်နှင့် တင်တာဖြစ်သွားလို့ Platform မဟုတ်တော့ဘဲ Media ဖြစ်သွားပြီ။ ဒါဟာ အဓိကအငြင်းပွားစရာ ဖြစ်လာလိမ့်မယ်လို့ထင်တယ်”ဆို ပြီး ရေးသားဖော်ပြခဲ့တာ တွေ့ရပါတယ်။
သို့အတွက် မြန်မာတွေ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဖို့ လိုပါပြီ။
တစ်ခေတ်တစ်ခါက သတိပေးနှိုးဆော်ရာ ဆောင်ပုဒ်ဖြစ်ခဲ့တဲ့ “လေလှိုင်းထဲက လူသတ်သမား နားမယောင်လေနဲ့သတိသာထား” လို့ပဲ ဆိုချင်ကြောင်းပါ။ ။
- Log in to post comments